ကျွန်မကို မောင်အေးလို့ ခေါ်တာထက် မိအေးလို့ခေါ်တာ ပိုသဘောကျတယ်။ ကျွန်မဟာ မိန်းမလျှာတစ်ယောက်ပါ။ မိန်းမလျှာတစ်ယောက်ရဲ့ ဘ၀ဟာ ထုံးစံအတိုင်း သာမန်လူတွေထက် ပိုပြီးခက်ခဲကြမ်းတမ်းပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အများနဲ့မတူသော ကျွန်မတို့ဟာ မိန်းမစိတ်အပြည့်ရှိသော ယောက်ျားများဖြစ်သောကြောင့်ပင်။ အဲ့ဒီလိုဘ၀မျိုးရောက်ရင် လူတော်တော်များက လှောင်ချင်၊ပြောင်ချင်စိတ်တွေနဲ့ ကြည့်ကြတာများတယ်။ ပြီးတော့ မညှာမတာ သရော်ကြတယ်။ နောက်ပြီး အပြစ်တင်ကြတယ်။ ဒါကြောင့် စိတ်ဓာတ်သာ မခိုင်မာဘူးဆိုရင် မိန်းမလျှာဘ၀ဟာ ရပ်တည်ဖို့ခဲယဉ်းပါတယ်။
ဒီလိုမျိုးဘ၀ဖြစ်စဉ်ထဲမှာ ကျင်လည်ခဲ့ရတဲ့ ကျွန်မက မိန်းမလျှာဘ၀ကို ဗဟုသုတအဖြစ် ပြောပြချင်ပါတယ်။ ကျွန်မငယ်ငယ်ကပေါ့။ သူငယ်ချင်းဆိုတာ လုံးဝ မရှိခဲ့ဘူး။ ကျောင်းတက်ချိန်မှာလည်း အတန်းသူ၊ အတန်းသားတွေက ကျွန်မဆို ၀ိုင်းစတတ်ကြတာလည်းပါပါတယ်။ ဒါနဲ့ပဲ ကျွန်မ သူတို့နဲ့တွေ့ရမှာ ကြောက်လာတယ်။ အဲ့ဒီအတွက် သူတို့နဲ့ မတွေ့အောင်ရှောင်းရှားရင်းနဲ့ပဲ ကျွန်မဟာ အဖော်မဲ့လာခဲ့တယ်။ အထီးကျန်ဆန်ခဲ့ရတယ်။
ဒါကြောင့် ဘ၀ဟာ နေမပျော်ဘူးလို့ အဲ့ဒီအချိန်တုန်းက ကျွန်မတွေးမိခဲ့တယ်။ ဒီလိုအချိန်မှာ ကျွန်မအမေဟာ လမ်းပြကြယ်ပါပဲ။ ကိုယ့်သားသမီးဘယ်လိုပဲဖြစ်နေဖြစ်နေ ချစ်နေနိုင်တာလည်း အမေပါ။ အော် ကျွန်မအဖေလား။ ကျွန်မအဖေဟာ ကျွန်မလေးနှစ်သမီးတည်းက ဆုံးပါးသွားခဲ့ပါတယ်။ ကျွန်မမှာ အစ်ကိုနှစ်ယောက်နဲ့ ညီမတစ်ယောက်လည်းရှိပါသေးတယ်။
အဲ့ဒီလို ဘ၀ကြမ်းကြမ်းမှာ ကျွန်မကျင်လည်ခဲ့ရတာပါ။ ကျွန်မတို့ မိန်းမလျှာတော်တော်များများရဲ့ဘ၀ဟာ တစ်ယောက်နဲ့တစ်ယောက်ဆင်ကြပါတယ်။ အားလုံးက ဘ၀ကြမ်းကြမ်းလာကြတာချည်းပဲ။
အမေကတော့ ကျွန်မဘ၀ရဲ့ စံပြသူရဲကောင်းပါ။ အဖေဆုံးပါးသွားပေမဲ့ သားသမီး(၄)ယောက်ကို သာမအာဇီဝနည်းနဲ့ ရှာဖွေးကျွေးမွေးနိုင်ခဲ့တဲ့ မိခင်ကောင်းလည်းဖြစ်ပါတယ်။ ဟင်းရွက်သည်ဘ၀နဲ့ သားသမီးတွေကို ပင်ပန်းကြီးစွာ မိခင်ဝတ်ကျေပွန်ခဲ့ပေမဲ့ တစ်ချက်မှ ညည်းညူခြင်းမရှိတာ အမေပါ။ ကျွန်မကို နားလည်အပေးနိုင်ဆုံးသူကလည်း အမေပါပဲ။
ကွှန်မ ဒီလို မိန်းမလျှာဘ၀ရောက်နေတာကို ညီအစ်ကို မောင်နှမနဲ့ ဆွေမျိုးများက ၀ိုင်းပယ်ထားကြပါတယ်။ တချို့ဆို သူတို့ရဲ့ ဂုဏ်သိက္ခာထိခိုက်ပွန်းပဲ့တယ်ဆိုပြီ လမ်းတွေ့ရင်တောင် နှုတ်ဆက်ရမှာစိုးလို့ မျက်နှာလွှဲနေကြတယ်။ ဘယ်လောက်ခံရခက်လဲရှင်။ ဒီအချိန်မှာ အမေဟာ ကျွန်မဘေးမှာ မားမားမတ်မတ်ရှိနေခဲ့တာပါ။ ကျွန်မဘ၀မှာ အမေဟာ မိခင်ကောင်းတစ်ယောက်ဖြစ်သလို၊ အဖော်ကောင်းလည်း ဖြစ်ပါတယ်။
“မိအေး...နင်ဒီလို ဘ၀မျိုးရောက်ရတာ နင့်အပြစ်ချည်းပဲ မဟုတ်ဘူး၊ အဲ့ဒါ ကံကြောင့် ဖြစ်ရတာ၊
ငါ ဆရာဝန်ကို နင်နဲ့ပတ်သက်ပြီး မေးကြည့်ဖူးတယ်၊ မိန်းမလျှာဘ၀ရောက်တာဟာ နင့်ခန္ဓာမှာ
“မ”ဟောမုန်းတွေများလို့ ဖြစ်ရတာတဲ့၊ ဒါကြောင့် နင့်ကိုနင် ဘယ်တော့မှ အပြစ်မတင်နဲ့၊ ကြားလား...မိအေး”
အမေက ကျွန်မကို ရင်ခွင့်ထဲထည့်ပြီး ခေါင်းလေးပွတ်ရင်း အဲ့လိုပြောခဲပါတယ်။ ကျွန်မ ဒီအတွက် စိတ်ဓာတ်မကျဖို့လည်း အားပေးခဲ့တယ်။ အမေသာ ကျွန်မဘေးမှာ မရှိရင် ဘ၀မှာ အသက်ရှင်ရတာ သေရတာနဲ့ ဘာထူးမှာလဲနော်။ တကယ်ကို ကျေးဇူးကြီးလှပါတယ် အမေ။
ကျွန်မ အခုဆို အောင်မြင်တဲ့ အလှဖန်တီးရှင်ဘ၀ကို ပိုင်ဆိုင်ခွင့်ရခဲ့တယ်။ ဒါတွေဟာလည်း အမေရဲ့တွန်းအားတွေကြောင့်ပါပဲ။ နားထဲမှာ အမေ့ရဲ့ ဆိုဆုံးမသံကို ပြန်ကြားယောင်နေမိတယ်။
“မိအေး... ဘ၀မှာ ပညာရပ်တစ်ခုခု အသုံးချနိုင်တဲ့အထိ ကျွမ်းကျင်စွာတတ်မြောက်နိုင်ဖို့ အရေးကြီးတယ်၊
ဒီလိုမှ မတတ်မြောက်ရင် လူ့ဘ၀မှာ တစ်ယောက်တည်း ရပ်တည်းဖို့ မလွယ်ဘူးကွဲ့”
အမေက ကျွန်မကို ဒီလိုပဲ ဘ၀နေနည်း၊ထိုင်နည်းတွေကို ဆုံးမသွန်သင်တတ်သူပါ။ အမက သားသမီးတွေကို ဘ၀မှာ ကိုယ်တိုင်ရွေးချယ်တတ်ဖို့လည်း သွန်သင်ပေးတတ်တယ်။ ကျွန်မအရွယ်ရောက်လာတော့ အလှပြင်တာကို ၀ါသနာပါမှန်း အမေသိတယ်ထင်ပါရဲ့။ သူ့အသိဆီမှာ အလှပြင်တဲ့အလုပ်ကို စနစ်တကျသင်ယူစေခဲ့တယ်။ ဘယ်လောက်အမြော်အမြင်ကြီးလိုက်တဲ့ အမေလဲ။ တွေးမိတိုင်း အမေ့ကို ကျေးဇူးတင်မိတယ်။
ကျွန်မအခုလို အလှဖန်းတီးရှင်ဘ၀နဲ့ အောင်မြင်ခဲ့တာလည်း ချက်ချင်းကြီးတော့ မဟုတ်ပါဘူး။ အဲ့ဒီအတွက် အချိန်ပေးရတယ်။ အခက်အခဲတွေ အများကြီးကို ဖြတ်သန်းခဲ့ရတယ်။ အောက်ကျခံပြီး လိုလားစိတ်နဲ့ ပညာကို ရှာဖွေခဲ့ရတယ်။ ကိုယ့်လုပ်တဲ့အလုပ်ကိုလည်း စေတနာထားပြီး လုပ်ခဲ့ရတယ်။ အဲ့ဒီလို အကြောင်းရင်းတွေကြောင့်ပဲ ဒီလို အကျိုးဖြစ်ထွန်းရတာပေါ့။ တရားသဘောအရပြောရရင် အကြောင်းကောင်းလို့ အကျိုးဖြစ်တာပေါ့ရှင်။ ဒါတွေအားလုံးရဲ့ မြစ်ဖျားခံရာဒေသကို ပြန်စစ်ကြည့်လိုက်ရင် အမေဆိုတဲ့ အဖော်ကောင်းကြောင့်ပါပဲ။
တကယ်ပါ။ အမေပေးတဲ့ ခွန်းအားတွေရယ်၊ အမေညွှန်တဲ့ လက်ညှိုးတွေရယ်၊ အမေကူဖောက်တဲ့ လမ်းတွေရယ်က “အလှဖန်တီးရှင် မိအေး”ဖြစ်တည်ရာပါ။ ကိုယ့်ပညာနဲ့ ကိုယ့်ဘ၀ကို အောင်မြင်စွာလျှောက်လှမ်းနေတဲ့ ကျွန်မဟာ ဘယ်လောက်ပျော်လိုက်မလဲဆိုတာ ခန့်မှန်းကြည့်သူတိုင်း သိနိုင်ပါတယ်။ အခုဆို ကျွန်မပညာကြောင့် ထင်ပါရဲ့။ လူတွေ ကျွန်မကို အထင်မသေးရဲတော့ဘူး။
လူတွေက ရယ်တော့ အတော်ရယ်ရတယ်။ ကျွန်မကို ၀ိုင်းပယ်သူအားလုံးက အခုဆို သူတို့ မဟုတ်သလိုပဲ။ ကျွန်မကို ဘာပွဲ၊ညာပွဲပါမကျန် ကျွန်မ ပညာနဲ့ အကူအညီပေးဖို့ ခခယယဖြစ်လာကြတယ်။ တကယ့်ပြောင်းပြန်မှ ပြောင်းပြန်ကြီး။ ကျွန်မ လူတွေကို နားမလည်နိုင်သေးဘူး။ သေချာတာကတော့ သူတို့အထင်သေးစွာ ဆက်ဆံဖူးတဲ့ ကျွန်မဟာ ပညာအရှိန်ကြောင့် နေရာရလာတာပါပဲ။ ဒါကြောင့် “ပညာရဲရင့် ပွဲလယ်တင့်”ဆိုတဲ့ ဆိုရိုးဟာ ကျွန်မအတွက် အမှန်ကန်ဆုံး သစ္စာတရားပဲ။ ဒီအသိဟာ ကျွန်မဘ၀မှာ ရရှိခဲ့တဲ့သင်ခန်းစာပါ။
အခု ပစ္စုပ္ပန်မှာရော၊ နောက်အနာဂတ်မှာပါ ကျွန်မဘ၀ရဲ့ အောင်မြင်မှုဟာ အမေ့အတွက်ပါပဲ။ အမေ့ကျေးဇူးကို ကျွန်မပြန်လည်ဆပ်နိုင်တဲ့အတွက် ၀မ်းသာမိပါတယ်။ အခုဆို ကျွန်မ ပတ်ဝန်းကျင်နဲ့လည်း သဟဇာတဖြစ်နေပါပြီ။ အခု ကျွန်မအတွက် ဘ၀ဆိုတာ အတိုင်းအထက်အလွန် ပျော်စရာကြီးပေါ့။
ကျွန်မ အမြင်ပြောရရင် ဘ၀ရဲ့အောင်မြင်မှုဆိုတာ အဓိကလက်နက်နှစ်မျိုးလိုပါတယ်။ အဲ့ဒါတွေ ပြည့်စုံခဲ့လို့လည်း ဒီလို အောင်မြင်မှုမျိုး ရရှိခဲ့တာပါ။ အဲ့ဒါတွေကတော့ အဖော်ကောင်းခေါ် အမေရယ်၊ ရွှေထက် အဖိုးတန်တဲ့ ပညာတွေပါပဲ။ ဒါကြောင့် မည်သူမဆို ဒီလက်နက်နှစ်မျိုးဖြင့် ဘ၀ကို ရင်ဆိုင်ကြည့်လိုက်ပါ။ အောင်မြင်မှုဆိုတာ ထင်သလောက် မဝေးပါဘူးလို့ ပြောကြားရင် ကျွန်မ ဘ၀အမြင်ကို အဆုံးသတ်လိုက်ရပါတယ်။
စေတနာဖြင့်...
စေပိုင်ထွဋ်(ပုသိမ်)