ဂျပန် က မီးပွိုင့်လေး
ဒီနေ့  ဂျပန်မှာ ကျမ သွားခဲ့ တဲ့  စက်ရုံနားက မီးပွိုင့် လေး အကြောင်း ပြောပြချင်ပါတယ်။
အဲဒီစက်ရုံ အနားမှာ ဒီဘုရားကျောင်းလေး ရှိပါတယ်။
ဘုရားကျောင်းဝင်းထဲမှာ အိချော လို့ ခေါ်တဲ့ အရွက်လေးတွေ ရွက်ပြောင်းချိန်မို့  ၀င်းဝင်းဝါ နေကြတာ
အဝေးက ကြည့်ရင်ငုပန်းခိုင်လေးနဲ့ တောင်ဆင်ပါရဲ့ ။ ကြည့်ပါဦး။
ဘုရားကျောင်းဘေးမှာ ပေါက်နေ တဲ့  ပန်းလေးတွေက ချစ်စရာ
လိမ္မော်သီးတွေ ကလည်း သီးနေလိုက်ကြတာ
ဒီရှုခင်းလေးတွေ မြင်တော့ ကျမ စက်ရုံ ကနေ လမ်း ပဲခြား တဲ့ ဘုရားကျောင်းလေး ဆီ သွားကြည့်ချင်လို့ 
မီးပွိုင့်  ရှိရာ ကနေ လမ်းကူးဖို့ ထွက် ခဲ့ပါတယ်။
ဒီလမ်းက ကားတွေတောက်လျှောက် ပြေးနေတာ မရပ်မနားပါဘဲ။
ကျမလည်း မီးပွိုင့် ရောက်တော့ ရိုးရိုး မီးပွိုင့် လို မှတ်ပြီး မီးနီနေတာကို ခဏရပ်စောင့်လိုက်ပါသေးတယ်။
ဒါပေမယ့်  မီးစိမ်း မပြ လို့  သေချာကြည့်တော့ မှ ဘေးမှာ ဒီလိုလေးရေးထားတာကိုး....
ဒီဂျပန်စာလေး ရဲ့  အဓိပ္ပါယ် က ခလုတ် နှိပ်စနစ် .........တဲ့
နောက် မီးပွိုင့် တိုင်မှာ ရေးထားတာက .. လမ်းဖြတ်ကူးမယ့် သူ သည် အောက်ပါခလုတ်ကို နှိပ်ပြီး အချက်ပြတာစောင့် ပါ..တဲ့ 
ဒါက ... ဒီခလုတ်ကို နှိပ်ပါတဲ့ 
ဒါနဲ့ ကျမလည်း ခလုတ်နှိပ်ပြီး ခဏစောင့်လိုက်တော့ ဒီလို မီးစိမ်းလာလို့  ဖြတ်ကူးရပါတယ်။
ကားတွေကတော့ မီးစိမ်းလာလို့  ရပ်ပေးထားတယ်။
ကျမ ဟိုဘက်လမ်း ရောက်ပြီး ခဏနေမှ မီးပြန်နီသွားပါတယ်။ ဒီတော့မှ ကားတွေလည်းပြန်သွားကြပါတယ်။
အင်း-- ဒီလိုလေး လုပ်ပေးထားတော့ ကူးတဲ့သူလည်း အဆင်ပြေသလို ကားတွေကလည်း
အမြဲ အရှိန်မပျက် သွားလို့ ရတာပေါ့။
ဒါပေမယ့်  မီးပွိုင့် မှာ တစ်ယောက်ပြီးတစ်ယောက် ကူးမဆုံးဘဲ
တောက်လျှောက်နှိပ်နေရင်တော့ ကားတွေဘယ်လိုသွားကြမလဲ..
ဒီလို မဆုံးတမ်း နှိပ်နေရင် ခု စည်းကမ်းရှိရှိ နဲ့  ခလုတ်နှိပ်တိုင်း အရှိန်လျှော့ ပြီး ရပ်ပေးနေတဲ့ 
ကားတွေကရော ရပ်ပေးပါတော့မလား။
ဂျပန်မှာတော့  ဒီလို မရှိပါဘူး။ အားလုံးက စနစ်တကျ လည်ပတ်နေတာ တွေ့ ပါတယ်။
ဒါဆိုရင် တခြားနိုင်ငံတွေဆိုရင်ကော လို့ တွေးရင်း ကျမ စင်္ကပူ ခဏရောက်တုန်းက
လမ်းဖြတ်ကူးခဲ့ ရတာ သတိရမိပါတယ်။
အဲဒီ စင်္ကပူမီးပွိုင့် ကတော့ မီးနီ မီးစိမ်းအလှည့်ကျ လင်းပေးနေတဲ့  မီးပွိုင့်လေးပါ။
ဒါပေမယ့်  အောက်မှာ ဒီလိုပဲ ခလုတ်လေးထားပေးပါတယ်။
အရေးပေါ် ကူးချင်တဲ့သူ နှိပ်လို့ ရအောင်ပါ။
တကယ်လည်း အဲဒီတုန်းက ကျမ ကြည့်နေတာ မီးစိမ်းစောင့်နေသူ တွေ အများကြီးထဲမှာ
အရေးကြီးတဲ့သူ လောက်ပဲ ဒီခလုတ်ကို
နှိပ်ပြီးကူးကြပါတယ်။
ကျန်တဲ့ သူတွေက တော့ ပုံမှန် မီးစိမ်းမှ ပဲ ကူးကြတာတွေ့ ပါတယ်။
ကျမ ခဏရောက်တုန်း တွေ ခဲ့တဲ့မြင်ကွင်းလေးကို ကြည့်ပြီး မှတ်ချက် ချရရင်တော့
စင်္ကပူ မှာလည်းစည်းကမ်းရှိကြပါတယ်။
ဒါဆို မြန်မာပြည်မှာရော လူစည်ကားတဲ့  မီးပွိုင့် တွေမှာ ဒီလို အရေးပေါ်ကူးဖို့ 
ခလုတ်လေးတွေ နှိပ်ဖို့ တပ်ထားပေးရင်ဘယ်လိုနေမလဲ .....
အင်း..... သိပ်တော့ မလွယ်ဘူးထင်ပါတယ်။
ရထားပေါ်မှာ ကားပေါ်မှာ အတင်းလုတက်ကြ ၊ ကိုယ့်အတွက် နေရာဦးတတ်ကြ၊
တန်းစီစောင့်စားရမယ့် နေရာတွေ မှာ အရေးကြီးလို့ ဆိုပြီးနည်းမျိုးစုံနဲ့ 
အလှည့်ကျော်တတ်ကြတဲ့ သူတွေ များနေတော့
အရေးပေါ်ကူးဖို့ ခလုတ် ဆို လို့  အားလုံးက ကိုယ့်အရေးတွေပေါ်ပြီး
စည်းမရှိ ကမ်းမရှိ ကူးနေကြမယ်ဆိုရင်
ကားတွေကလည်း စည်းကမ်းမရှိတော့ဘဲရပ်မပေးတော့ရင်
ကြီးမားတဲ့ ထိခိုက်မှုတွေ ဖြစ်လာမယ်ထင်ပါတယ်။
စနစ်ကို ပြင်ချင်ရင် အမူအကျင့်  ကိုလည်းပြင်မှရပါမယ်။
နိုင်ငံဘက် က ကောင်းမွန် အဖိုးတန်တာ လုပ်ပေးမယ်ဆိုရင် ပြည်သူဘက်ကလည်း
စည်းကမ်းရှိဖို့ လိုပါတယ်။
သူများနိုင်ငံတွေ မှာ ဘယ်လို ခေတ်မီတာ ၊ဘယ်လို လုပ်ပေးထားတာလို့ ပြောနေရင်
ကိုယ်ကရော အဲဒီနိုင်ငံ ကလူတွေလို
စည်းကမ်းကို သေချာလိုက်နာခဲ့လား --ပြန်စဉ်းစားပါ။
ကျမ ဒီလို ပြောတာ ကိုယ့်လူမျိုး ကို နှိမ်ချင်လို့ ပြောနေတာမဟုတ်ပါဘူး။
ကောင်းစေချင်လွန်းလို့ ပါ။
ကျမ ရောက်ဖူးတဲ့  နိုင်ငံတွေ က လူမျိုးတွေက
စည်းကမ်းရှိကြတာတွေ့ နေရပါတယ်။အထူးသဖြင့် ဂျပန်လူမျိုးပါ။
ကျမ ကိုယ်တိုင်လည်း မြန်မာလူမျိုးတစ်ယောက်မို့ ဂျပန်လာတဲ့အခါ
အချိုးမပြေ တာတွေ အများကြီးပါ။
သူတို့ ဆီ မှာ နေရင်း သူတို့ လုပ်ကိုင်နေတာ မြင်ရင်း ကိုယ့်လုပ်ရပ်ကိုရှက်လို့ ပြုပြင်ယူရတာလည်းအခါခါပါ။
ခုဆိုရင် နိုင်ငံတကာ မှာ မြန်မာဟေ့ ဆိုပြီး ၀ံ့ကြွားနိုင်တော့မယ့် 
အခွင့်အရေးတွေ ပေးနေတဲ့ ခေတ်သစ်ရောက်တော့မယ့်
မြန်မာနိုင်ငံမှာနေထိုင်ကြသူတွေကလည်း စည်းကမ်းတကျ နဲ့ 
့နိုင်ငံကြီးသားပီသစွာ ကျင့်ကြံနေထိုင်ကြမှ သင့်တော်ပါမယ်။
စည်းကမ်း ဆိုတာ စာလုံးလေး နှစ်လုံးတည်းပေမယ့်  သူ့ ရဲ့ စွမ်းအား က ကြီးမားလှပါတယ်။
ဒီလို စည်းကမ်းရှိခဲ့ လို့  လည်း တိုးတက်နေကြတဲ့ နိုင်ငံတွေကို လက်တွေ့ မြင်နေရတော့
မြန်မာနိုင်ငံကိုလည်း စနစ်တကျ နဲ့ 
ခေတ်မီတိုးတက်ပြီး လှပသန့်ရှင်းပြီး အေးချမ်းသာယာ စေချင်ပါတယ်။
ဒါကတော့ ဘယ်သူမှ လုပ်ယူဖန်တီးလို့ မရဘဲ တစ်ဦးချင်းတစ်ယောက်ချင်း စီမှာ
တာဝန်ရှိတာမို့ 
အားလုံး အသိစိတ်ဓါတ်ကိုယ်စီ နဲ့ 
လိုက်နာကျင့်ထိန်း ကြမယ်ဆိုရင်တော့
မြန်မာနိုင်ငံရဲ့ အနာဂါတ်ဟာ စနစ်တကျ လှပလာမှာ အမှန်ပါပဲရှင်
စေတနာမွန်ဖြင့် 
ကြာဖြူနွယ်