“ မောင်မောင်။ ငါ စိတ်ချမယ်နော် ”။
ထိန်းလင်းနေတဲ့ ဆီမီးရောင်တွေ ကြားမှာ ဆူး ပြောခဲ့တဲ့ စကားပါ။ သီတင်းကျွတ်လ ဆီမီးပူဇော်ပွဲမှာ ဆူးနဲ့အတူ ဆီမီးပူဇော်ခဲ့တယ်။ နောက်ဆို သူနဲ့အတူတူ သွားရဘို့ ခုလို စကားတွေ ပြောခွင့်ရဘို့ဆိုတာ မလွယ်ဘူးလေ။ သူတို့က ခေတ်မီ တိုးတက် ဆန်းကြယ်တဲ့ အသုံးအဆောင် အသုံးအနှုန်းတွေနဲ့ ပြီးပြည့်စုံတဲ့ မြို့ပြကို ပြောင်းကြတော့မှာ။ ဆူးရဲ့ ဦးလေးက စီးပွားရေးအဆင်ပြေလို့ လှန်းခေါ်လိုက်တာလေ။ သူတို့ တစ်မိသားစုလုံး ပြောင်းကြတော့မှာ။ ဆူးဆိုတာ ကျွန်တော်နဲ့ ငယ်ငယ်ကတည်းက သွားအတူ ဆော့အတူ နေလာခဲ့တဲ့ သူငယ်ချင်းပါ။ တစ်ယောက်နဲ့ တစ်ယောက် ရင်ထဲမှာ သံယောဇဉ်ကြိုးတွေ တနင့် တပိုး ချည်နှောင်ထားကြသူတွေပေါ့။ သူ့ရင်ထဲမှာတော့ မသိဘူး။ ကျွန်တော့်ရင်ထဲမှာတော့ အရမ်းကိုသေချာနေတဲ့ အဖြေတစ်ခု ရှိနေခဲ့ပါတယ်။ သူငယ်ချင်းဆိုတဲ့ စည်းလေးကို ကျွန်တော် ဖျက်သိမ်းချင်နေခဲ့တာလေ။ ဒါကို သူက သိမှာ မဟုတ်ဘူး။ ကျွန်တော် သူ့ကို ဘာမှ ပြန်ပြောဖြစ်ခဲ့ပါဘူး။ ပြန် မပြောဖြစ်ဘူးဆိုတာထက် ပြန်ပြောနိုင်တဲ့ အင်အားမရှိဘူးဆိုရင် ပိုမှန်ပါလိမ့်မယ်။ သူ့မျက်နှာလေးကိုပဲ တစိမ့်စိမ့် ကြည့်နေမိခဲ့တယ်။ ရက်စက်လိုက်တာ ကံကြမ္မာရယ်။ သူနဲ့ ဝေးရမယ့်အကြောင်းကို သိတဲ့အချိန်ကစပြီး ငိုနေမိခဲ့တာကိုတော့ သူ မသိပါစေနဲ့လေ။ ကျွန်တော် တစ်ယောက်တည်းပဲ ခံစားပါရစေတော့။ သူ့ကို မကူးစက်စေချင်ပါဘူး။ ကျွန်တော်လိုသာ ခံစားရရင် သူမလွယ်ဘူး။ ယောက်ျားရင့်မာကြီး ဖြစ်တဲ့ ကျွန်တော်တောင် ရူကြောင်ကြောင်ဖြစ်အောင် ခံစားရသေးရင် သူဆို ဘယ်လိုနေမလဲ။ တွေးကြည့်လိုက်တာနဲ့ မျက်ရည်တွေ စီးကျလာခဲ့တာလေ။ ကျွန်တော့်ဘ၀က ထွန်းညှိထားတဲ့ ဆီမီးရောင်လေးလိုပါပဲ။ မီးရောင်တွေက တက်လာလိုက် ပြန်ကျသွားလိုက်ပေါ့။ ပျော်စရာလေးနဲ့ ကြုံလိုက် ပြုံးရယ်လိုက် ၀မ်းနည်းစရာတွေနဲ့ ကြုံလိုက် ငိုလိုက်ပါပဲ။ သူကတော့ မြူတိမ်ကင်းတဲ့ ကောင်းကင်က လမင်းလေးလိုပေါ့။ သူ့အလင်း သူ့အစွမ်း သူ့ကံကို ကျွန်တော်လို ဆီမီးရောင်က ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ သူများထွန်းမှ လင်းရတဲ့ဘ၀။ လမင်းရဲ့ လှပမှု့ကို ကြည့်နေရုံမှ တစ်ပါး ဘာမှ မတတ်နိုင်ခဲ့ဘူးလေ။ လမင်းရေ ဆူးရဲ့ မျက်နှာလေးကို အပိုင်ယူထားပေးပါ။ ငါ ဆူးကို သတိရတိုင်း လွမ်းမိတိုင်း မင်းကို မော့ကြည့်ချင်လို့ပါ။ ထိန်ထိန်သာနေတဲ့ လရောင်အောက်က ဆီမီးရောင်ကြားမှာ ၀မ်းနည်းမှု့တွေနဲ့အတူ သူ့မျက်နှာလေးကို ကြည့်နေခဲ့မိတာပါ။ ကြည့်လို့ မ၀ခဲ့တဲ့ မျက်နှာ။ ထိလို့ မရခဲ့တဲ့ မျက်နှာ။ ယူလို့ မရခဲ့တဲ့ မျက်နှာ။ ပိုင်ရှင် ပေါ်မလာ ပါစေနဲ့လို့ ----------
“ မောင်မောင် မောင်မောင် ” ။ ခေါ်သံကြားလို့ ကြည့်လိုက်တော့ မောဟိုက်နေတဲ့ ဆူး။ ကျွန်တော့်ကို အပြစ်တင်ဘို့ စိတ်ကူးထားတဲ့ မျက်နှာနဲ့။ ကျွန်တော့်မျက်ဝန်းတွေ မြင်လိုက်တော့ သူ့စိတ်ကူးတွေ ပြောင်းသွားသည် ထင်ပါရဲ့။ သူ ဘာမှ မပြောတော့ဘူး။ ကျွန်တော့်ဘေးမှာ ငိုနေရှာတယ်။ “ ငါ ဘယ်လို လုပ်ရမလဲ မောင်မောင်ရယ်။ ငါ သွားရတော့မယ်။ အားလုံး အဆင့်သင်ဖြစ်နေပြီ။ နင့်ကို နှုတ်ဆက်ချင်လို့ ငါ စောင့်ခိုင်းထားတာ။ နင် လုပ်ရက်တယ်နော်။ ငါ့ကို နှုတ်ဆက်ဘို့တောင် သတိရဘူး။ ငါ့မှာတော့ နင့်ကို မျှော်လိုက်တာ ”။ ဒါ သူ့ရင်ထဲက ခံစားချက်တွေ ထင်ပါရဲ့။ သူပြောချင်တွေ ပြောနေခဲ့တယ်။ ပြီးတော့ သူ့ပါးပြင်မှာလည်း မျက်ရည်တွေ ရွဲစိုလို့။ သူငိုတော့ ကျွန်တော် မနေတတ်ဘူးလေ။ သူ့မျက်ရည်လေးတွေကို သုတ်ပေးရင်း မငိုဘို့ ပြောရတာပေါ့။ မချော့တတ် ချော့တတ်နဲ့ ချော့ရတာလေ။ ချော့နေတဲ့ ကျွန်တော့်စကားကိုလည်း ကြည့်လိုက်ပါအုံး။ မငိုနဲ့ မငိုနဲ့ မငိုပါနဲ့ ဆိုတဲ့ စကားတစ်လုံးတည်း။ ကျွန်တော့်ရင်ထဲက ခံစားချက်တွေကို ခဏမေ့ထားပြီး သူ့ကို ပျော်အောင် ပြောခဲ့ရတာပါ။ အငိုမျက်လုံးတွေကို ခဏသိမ်းထားပြီး အပြုံးမျက်နှာလေးနဲ့ သူ့ကို ပျော်စေချင်ခဲ့တာပါ။ သူ တော်တော်လေး မောလာတယ် ထင်ပါရဲ့။ စိတ်ညစ်တဲ့အခါတိုင်း ရွာရဲ့ အရှေ့ထိပ်က ညောင်းပင်ခြေရင်းမှာ ကျွန်တော် သွားနေတတ်တာကို သူသိတယ်လေ။ ဒါကြောင့် ကျွန်တော့်ရှိတဲ့နေရာကို သူပြေးလာခဲ့တာ နေမှာပေါ့။ မငိုနဲ့ မငိုပါနဲ့ဆိုတဲ့ စကားကလွဲရင် ကျွန်တော်မပြောချင်ဘူး။ တစ်ခုခု ပြောမယ်လို့ ကြံလိုက်တိုင်း ငိုချင်လာတယ်။ ကျွန်တော် သူ့ကို နှုတ်မဆက်ချင်ပါဘူး။ ကျွန်တော့်ကိုလည်း နှုတ်မဆက်စေချင်ဘူး။ နှုတ်ဆက်တယ်ဆိုတဲ့ စကားကို ကျွန်တော် မကြိုက်ဘူးလေ။ စကားမပြောတဲ့ ကျွန်တော်ကို စိမ်းလိုက်တာလို့ ထင်ချင်ထင်မှာပေါ့။ အဲဒီအချိန်က ကျွန်တော့်ရင်ထဲမှာ မျက်ရည်တွေပဲ ရှိခဲ့တာပါ။ ကျွန်တော့်ခန္ဓာကိုယ်ရဲ့ ဘယ်နေရာကိုပဲ ဖောက်ထုတ်ထုတ် သွေးထွက်မယ် မထင်ဘူး။ မျက်ရည်တွေပဲ ထွက်လာလိမ့်မယ် ထင်တယ်။ ကျွန်တော့်မျက်ရည်တွေက နှလုံးသားအစိုင်အခဲတွေကတိုင် ပျော်စီး ကျလာတဲ့ နှလုံးသားအရည်စက်လေးတွေပါ။ ကျွန်တော့်မျက်ရည်ကို မြင်ရင် သိနိုင်မယ်ဆိုရင်ပေါ့ ကျွန်တော့် နှလုံးသားတွေ ဘယ်လောက်တောင် ကြေမွနေတယ်ဆိုတာ သိနိုင်မှာပါ။ နောက်ကျနေမှာ စိုးလို့ သူ့ကို ရွာထိပ်အထိ ပြန်လိုက်ပို့လိုက်တယ်။ သူနှုတ်ဆက် သွားပေမဲ့ ကျွန်တော် ဘာမှ မတုန့်ပြန်လိုက်ပါဘူး။ အဲဒီရွာထိပ်က နေရာလေးမှာ ထိုင်ချလိုက်တယ်။ ဘယ်လောက်တောင် ကြာသွားတယ် မသိဘူး။ အစ်ကိုလာခေါ်မှပဲ အိမ်ပြန်လာခဲ့မိတာလေ။ ဖြစ်နိုင်ရင်တော့ အဲဒီအချိန်မှာ လောကကြီးကို ------------
“မောင်မောင်ရေ ဖုန်းလာတယ်ဟေ့။ ဆူး ဆီက” ။ ဒေါ်လေး အော်သံကြောင့် မပြီးသေးတဲ့ ထမင်းဇလုံကို ပစ်ချထားခဲ့ပြီး ဆင်းပြေးခဲ့တယ်။ ကျွန်တော် ထမင်းစားနေတာလေ။ သူသွားတာ ၁၅ ရက်လောက် ရှိသွားပြီ။ ခုမှ ဖုန်းဆက်တာ။ နေနိုင်လိုက်တာ ဆူးရယ်။ ဒါပေမဲ့ ခုလို ဖုန်းဆက်ပေးတာကိုပဲ ကျေးဇူးတင်လွန်းလို့။ ဟလို လုပ်လိုက်တဲ့အချိန်မှာပဲ အရမ်းပျော်နေတဲ့ ဆူး။ ပြောလိုက်တဲ့ စကားတွေလည်း အများကြီးပဲ။ သူ အရမ်းပျော်နေပုံ ပါပဲ။ သူ့ဆီဖုန်းခေါ်ဘို့ ဖုန်းနံပါတ်တွေ ပေးတယ်။ တန်ဆောင်တိုင်မှာ လာခဲ့မယ်လို့လည်း ပြောတယ်။ တန်ဆောင်တိုင် လာခဲ့မယ်လို့ ကြားရတော့ ၀မ်းသာလိုက်တာ။ ငြိမ်နေတဲ့ ကျွန်တော့်ကို စကားပြောဘို့ ပူဆာတယ်။ ကျွန်တော်က နင် အရမ်း နေနိုင်တာပဲ လို့ ပြောလိုက်တယ်။ ဘ၀တွေက ကွာလိုက်တာနော်။ သူ အရမ်းပျော်နေသလောက် ကျွန်တော့်နှလုံးသားမှာတော့ အရမ်းကို ခြောက်သွေ့နေခဲ့တာပါ။ တန်ဆောင်တိုင်မှာ သူနဲ့ အတူတူ ဆီမီးပူဇော်ဘို့ အတွေးတွေနဲ့ ကြိုတင်ပြင်ဆင်ထားတွေ အများကြီးပဲ။ သူလာရင် အရမ်းပျော်စေချင်တယ်။ အမှတ်တရတွေ ဖြစ်နေစေချင်တယ်လေ။ ဒါပေမဲ့ ပြင်ဆင်မှု့တွေနဲ့ အတူ အားလုံးက သဲထဲ ရေသွန်လိုက်သလိုပါပဲ။ သူ ရောက်မလာခဲ့ပါဘူး။ ကျွန်တော့် အစီအစဉ်တွေ အတွေးတွေကို အကောင်အထည်ဖော်ပေးမယ့်နိုင်သူဟာ သူပဲ ရှိတယ်ဆိုတာကို မေ့နေခဲ့တယ်ထင်ပါရဲ့။ ဘာကြောင့် ရောက်မလာခဲ့တာလဲ ဆိုတာကို ကျွန်တော် မမေးချင်ဘူး။ သူ့ဖုန်းနံပါတ်တွေကိုလည်း မှတ်မထားခဲ့ဘူး။ ဖုန်းဆက်ဘို့လည်း စိတ်ကူး မရှိဘူးလေ။ သူလည်း အလုပ်တွေ ရှုပ်နေလို့ ထင်ပါရဲ့။ ကျွန်တော့်ဆီကို ဖုန်းမဆက်တော့ဘူး။ ဖုန်းဆက်ဘို့ အချိန်မရလို့ပဲ ဖြစ်မှာပါ။ ကျွန်တော့်ကို မေ့သွားလို့တော့ မဟုတ်လောက်ပါဘူး။ ရွှေလသာတဲ့ နေ့တိုင်း သူ့ကို ကျွန်တော်တွေ့မြင်နေရတာပဲ။ သူနဲ့ စကားတွေ ပြောဖြစ်နေတာပဲ။ ဖုန်းဆက်စရာမှ မလိုတာ။ ဒီလိုနဲ့ နှစ်တွေ တော်တော်ကြာသွားတဲ့ အခါမှာတော့ ဆိုင်းမဆင့် ဗုံမဆင့် ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ သူတစ်ယောက်တည်း မဟုတ်ဘူး။ ကိုအောင်ဆိုတဲ့ လူတစ်ယောက်နဲ့ အတူတူလေ။ ကျွန်တော့်ကို ရှာသည်တဲ့။ တွေ့ချင်သည်တဲ့။ ကျွန်တော် သွားတတ်တဲ့ ညောင်ပင်ကြီးဆီကို သူသွားသည်တဲ့။ ဟားးးးးးးးးးးးးး ကျွန်တော့်ကို ဘယ်တွေ့မလဲ။ တောမှာ နေတာတောင် တော်တော် ကြာသွားပြီပဲ။ တစ်နေ့တော့ သူတစ်ယောက်တည်း ကျွန်တော်နေတဲ့ တောက သရက်ပင်ကြီးဆီ ရောက်လာခဲ့ပါတယ်။ ကျွန်တော့်ပုံစံကို မြင်တော့ တော်တော်လေး အံ့သြနေပုံပါပဲ။ ဟိုအရင်က သပ်သပ်ရပ်ရပ်နေတတ်တဲ့ ကျွန်တော်။ ခုတော့ ဖြစ်သလို ဘ၀နဲ့။ ဆံပင်ရှည်ရှည် မုတ်ဆိတ်များများ နဲ့။ သူက အောက်ကို ဆင်းခဲ့ဘို့ ပြောလို့ ကျွန်တော် ဆင်းသွားလိုက်ပါတယ်။ ကျွန်တော်က သရက်ပင်ကြီးပေါ်မှာ အိမ်ဆောင်နေခဲ့တာလေ။ ကျွန်တော်နေတဲ့ နေရာလေးက အရမ်းမိုက်တယ်။ လူတွေကို အပေါ်စီးက ကြည့်ရတဲ့ ဘ၀လေ။ ဟီးးးးးးး။ သူ့ကိုလည်း ကျွန်တော် မကြည့်မိပါဘူး။ သူ စကားတွေ အများကြီးပြောနေတယ်။ ကျွန်တော် ဘာမှ ပြန်မပြောခဲ့ဘူး။ နောက်တော့ သူက ကျွန်တော့် မျက်နှာကို ဆွဲယူလိုက်တယ်။ ပြီးတော့ ကျွန်တော့် ပြောတယ်။ “နင် ဘာလို့ ခုလို ပြောင်းလဲ သွားတာလဲ” တဲ့။ ရယ်ပစ်လိုက်ချင်သည်။ ပစ်ပစ်စက်စက်ကို ဟားတိုက် ရယ်မောပစ်လိုက်ချင်သည်။ ဒါပေမဲ့ မရယ်နိုင်ခဲ့ပါဘူး။ ၀မ်းနည်းမှု့တွေနဲ့ အတူ နင့်ကြောင့် ဆိုတဲ့ စကားတစ်လုံးကိုပဲ ရင်ထဲမှာ ပြောဖြစ်လိုက်တာပါ။ သူကတော့ ကြားမယ် မထင်ဘူး။ ကျွန်တော့်မျက်ဝန်းတွေ ကျွန်တော့်ဆံပင်တွေဟာ သူနဲ့ ခွဲရတဲ့အချိန်ကအတိုင်း ရှိနေတုန်းဆိုတာကို သူ့ကို သိစေချင်လိုက်တာ။ ကျွန်တော့်ရဲ့ အပြင်က ဟန်ပန်တွေဟာ တစ်မျိုးပြောင်ချင် ပြောင်းလဲ နေမှာပေါ့။ ဒါပေမဲ့ ကျွန်တော့်ရင်ထဲက အရာရာတိုင်းဟာ သူထားခဲ့တဲ့ ဒဏ်ရာအတိုင်းဆိုတာ ---------------
သူ့ စေတနာ၊
သူ့မေတ္တာ နဲ့၊
ကြင်နာ ပြုစု၊
အယု အယ၊
ရရှိမှ သာ၊
ပန်းရဲ့ ဘ၀၊
ရွှင်လန်း ရမို့၊
မှန်းလို့ မျှော်သည်၊
ဥယျာဉ် မှူးလေး၊
သိစေ ချင်။
အလွမ်းများစွာနဲ့
အားလုံးကို
ခင်တဲ့
စံလင်း