တောရကျောင်းလေးသို့ ...
မိသားစု စားဝတ်နေရေး ကြပ်တည်းလာပြီဆို...လူလူ သူသူ ဘယ်သူပဲဖြစ်ဖြစ် (များသောအားဖြင့်)
မလုပ်သင့်၊မဖြစ်သင့်တာကို တစ်ကြိမ် တစ်ခါမျှတော့ မှားပြီး လုပ်မိကြမှာပါပဲ...
မှားမှန်းသိပြီး ပြင်သူတွေအဖို့တော့ လူတော်၊လူကောင်းလို့ ဆိုနိုင်ပေမယ့် ...
မှားမှန်းသိသိကြီးနှင့် ထပ်ထပ်မှားနေသူများမှာတော့ "ငရဲကလာ ပျာပူမကြောက် ၊ အမှောင်ကလာ
အမှောင်ရွာ ၊ ထပ်ခါပြန်ရမည်..ဟု ဆိုချင်ပါသည်...။
ယခုလည်း... မိသားစုစားဝတ်နေရေးအတွက် ပစ္စည်းခိုးဘို့ ထွက်လာသူတစ်ယောက်...၊
အမှောင်ရိပ်ကို အကာအကွယ်ပြု ၊ သူရှေးရှုသွားနေသည်ကား...၊
ရွာနှင့် ခပ်လှမ်းလှမ်းမှာ တည်ရှိသည့် တောရကျောင်းလေးသို့ပင် ဖြစ်ချေသည်..။
အရိုင်းစိတ်ကူး ၊ အရူးခြေလှမ်း ...
တောရကျောင်း၌ ရှေးဟောင်းပစ္စည်းများ ရှိထားသည်ကို သူသိရှိပြီး ၊ တွေ့မြင်ထားပြီးဖြစ်သောကြောင့်
ယခုကဲ့သို့ ခိုးဘို့ထွက်လာခြင်းဖြစ်ပေသည်..၊ စိတ်ဖြင့်ပင် (မပြစ်မှား) မလုပ်သင့်သည့်အလုပ်ကို သူလုပ်ရန်
ဆုံးဖြတ်ခဲ့လေသည်..၊ သူ၏ စိတ်ကူးနှင့်ခြေလှမ်းတို့သည်...စိတ်ကူးတိုင်း..စိတ်ကူးတိုင်း..ခြေလှမ်းတိုင်း..
ခြေလှမ်းတိုင်းတို့၌ အပြစ်တွေဖြစ်နေသည်ကိုကား...မိသားစုဇောဖြင့် နည်းနည်းသဘောမျှမမိချေ...
အရိုင်းစိတ်ကူး..အရူးခြေလှမ်းတို့ဖြင့် သူ၏လူဆိုးခန်းကား ငရဲလွှမ်းရော့မည်ထင့်...။
ထူးဆန်းသော မေတ္တာပို့သံ ...
တောရကျောင်းပေါ်၌ရှိသော ဆရာတော်သည် ယနေ့အဖို့ ဗုဒ္ဓဝေယျာဝေစ္စများ ပြုပြီးသွားပြီဖြစ်သောကြောင့်
မီးရောင်မှိန်လဲ့လဲ့အောက်တွင် စင်္ကြင်္ံန်လျှောက်လျက် မေတ္တာပွါးများ ပို့သကာနေလေ၏...
ဆရာတော်၏ မေတ္တာပို့ပုံကား တစ်မူ ထူခြား ဆန်းလှပေစွ..." လူယုတ်မာတွေ (မကောင်းတဲ့သူတွေပေါ့)
အသက်ရှည်ပါစေ ... သူတော်ကောင်းတွေ (ကောင်းကောင်းနေ/ပြော/ကြံတဲ့သူတွေပေါ့) အသက်တိုပါစေ.."ဟူသတည်း...
တိုက်ဆိုင်သည့် အဖြစ်ပင်.. ဆရာတော်၏ မေတ္တာပွါးချိန်ဝယ် သူခိုးသည်လည်း ကျောင်းအောက်သို့ ရောက်နှင့်ပြီးသားဖြစ်လေ၏..။
ဆရာတော် မှားနေလား ... ? ....
ဆရာတော်၏မေတ္တာပို့ပုံသည်.. ထူးဆန်းနေသောကြောင့် သူခိုးစဉ်းစားခန်းထုတ်ရလေ၏...၊
သူခိုးသည်..."အင်း..လွဲများနေရော့သလား..တကယ်ဆို..သူတော်ကောင်းတွေ အသက်ရှည်ပါစေ.. သူယုတ်မာတွေ
အသက်တိုပါစေ..လို့သာဖြစ်ရမှာ ၊ ခုဟာက ဆရာတော်မှားနေတယ်ထင်တယ်..." ၊
သူခိုးသည်..လာရင်းသူ၏အကြောင်းအရာများကိုကား ဆရာတော်၏ ထူးခြားသော မေတ္တာပို့သမှုကြောင့် မေ့သွားခဲ့လေသည်..၊
ခိုးဘို့စိတ်ကူးထက် ၊ ဆရာတော်ကို လမ်းမှန်ပြဖို့ကိုသာ သူစိတ်ကူးရှိလေ၏..( သူခိုးစာတတ်ကြီးထင်ပါ့...) ထို့ကြောင့်... သူခိုးသည်..
ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် ကျောင်းပေါ်သို့တက်၍ ဆရာတော်နှင့်တွေ့ပြီးလျှင်လျှောက်ထားလိုက်သည်ကား...
"မှန်ပါ ဘုရား.. ဆရာတော်၏ မေတ္တာပို့သံကြားရပါသဖြင့် တပည့်တော်တက်လာရခြင်းပါဘုရား... ပြီးတော့ ဆရာတော်ပို့သည့်
မေတ္တာသည် မှားနေသည်ထင်ပါသည်ဘုရား...၊
သူခိုးဘဝ အကျိုးမရ ...
သူခိုး၏ လျှောက်ထားချက်ကို ကြားရလျှင်.. ဆရာတော်သည်..ဤသို့ သူ၏မေတ္တာကို ရှင်းပြလေ၏...၊
" ဒကာ...ငါမမှားပါဘူးကွယ်.... သူယုတ်မာတွေ အသက်ရှည်ပါစေ..ဆိုတာက လူယုတ်မာများဟာ.. လူ့ပြည်တစ်ခါရောက်က တစ်ခေါက်မပြန်ဆိုတဲ့ အမျိုးမို့ .. လူ့ပြည်ရောက်တုန်း ၊ ရောက်ခိုက် ဝဝလင်လင် (ထင်ရာစိုင်း) နေသွားကြပါစေ...လို့ .. အဲလို စိတ်နဲ့ မေတ္တာပို့တယ်...၊ " အေး... သူတော်ကောင်းတွေ အသက်တိုပါစေ..ဆိုတာက သူတော်ကောင်းများဟာ အသက်တိုလေ... နိဗ္ဗာန်နှင့်နီးလေ ၊ ချမ်းသာတွေရလေ..ဒုက္ခတွေငြိမ်းလေ ဖြစ်ရ၍ ငါ...ဒီလို မေတ္တာပို့တာ ဖြစ်ပေတယ်..ဒကာတော်..."ဟုဆိုလျှင်.. ၊ သူခိုးကား..." ဪ..ဒီလို ဆိုတော့လည်း..ဆရာတော့် မေတ္တာ အမှန်သားပါပဲဘုရား.."ဟုဆို၍...သူ၏လာခြင်းအကြောင်းကို ဆရာတော်အား ဝန်ချတောင်းပန်လေ၏..." တပည့်တော်က လူဆိုး ၊ သူခိုးပါဘုရား..ဒီကနေ့ကစပြီး..ဆရာတော်၏မေတ္တာရိပ်ကို ခိုလှုံတဲ့အနေနဲ့ သူခိုးဘဝ ၊ အကျိုးမရ၍ စွန့်လွှတ်ပါပြီဘုရား..."ဟုလျှောက်ထားကာပြန်သွားလေသတည်း...။ ထိုအချိန်သည်ကား..အရှေ့ဘက်မှအလင်းပျပျ အရုဏ်ရောင်သမ်းစပင်ပြုလေ၏...။။။။
{{ ဦးဦးဇင်း ... ရင်တွင်းဖြစ် }}
( ငွေတောင်တောရ အရှင်ဝါသေဋ္ဌ စာအုပ်ကို မှီငြမ်းသည် )