လူတိုင်း လူတိုင်း ဘဝမှာ စိတ်ကူးယဉ်ဖူးကြမှာပါ… ဒါပေမဲ့ အဲဒီ စိတ်ကူးကို လက်တွေ့ အကောင်အထည်ဖော်နိုင်ခြင်းက ရှားပါးပါတယ်…
ကလေးမှာလည်း ကလေးစိတ်ကူးဆိုတာ ရှိသလို လူကြီးမှာလည်း လူကြီးစိတ်ကူးနဲ့ သာယာမျောပါဘူးကြပါတယ်…
ကျွန်မလည်း ငယ်ငယ်ထဲက ထားခဲ့တဲ့ စိတ်ကူးယဉ် အိပ်မက်တွေဟာ များပြားလွန်းလှပြီး တစ်ကယ့်လက်တွေ့ဘဝမှာတော့ အကောင်အထည် ဖော်နိုင်ခြင်း သိပ်မရှိခဲ့ပါဘူး…
ကျွန်မငယ်ငယ်က စိတ်ကူးတစ်ခုကတော့ သူနာပြုဆရာမ ဖြစ်ချင်ခဲ့တာပါ…
ဘာကြောင့်လဲဆိုတော့ ကျွန်မအဖေအဆုတ်ရောဂါနဲ့ ဆေးရုံတက်ရတော့ အဖေ့ကိုပြုစုပေးတဲ့ သူနာပြုဆရာမလေးတွေဟာ ဆက်ဆံရေး အရမ်းကျဲပါးပြီး လူနာကို အမြဲတစေ ဟောက်ဟမ်းနေတာတွေ့ရပါတယ်…
အဖေနဲ့ အခြားလူနာတွေဟာ သူတို့ရဲ့  ဆက်ဆံမှုအောက်မှာ ရောဂါကိုတစ်ဖက်ခံစားရင်း တစ်ဖက်ကလည်း စိတ်မကြည်မလင် ဖြစ်ခဲ့ရပါတယ်…
ဒါကြောင့် လူနာတွေအပေါ် ကိုယ်ချင်းစာစိတ်ဝင်မိပြီး ရည်မွန်ဖော်ရွေတဲ့ အပြုံးနဲ့ ရောဂါတစ်ဝက် သက်သာအောင် ပြုလုပ်ပေးနိုင်တဲ့ သူနာပြုဆရာမ ဖြစ်ချင်ခဲ့တာပါ…
ဒါပေမဲ့ ကျွန်မရဲ့  စိတ်ကူးယဉ် မျှော်မှန်းချက် မခိုင်မာခဲ့ခြင်းကြောင့်လား မသိပါ…တစ်ကယ်ဖြစ်လာတာက ဘဏ်ဝန်ထမ်းတစ်ယောက်လေ…
တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို ပြန်စမ်းစစ်ကြည့်ရင်း အံ့သြမိပါတယ်…
ကျွန်မ ငယ်ငယ်လေးထဲက သင်္ချာကို အရမ်းကြောက်ပြီး စာမေးပွဲတိုင်းမှာလည်း သင်္ချာအမှတ်နည်းခဲ့ပါတယ်… ခုကျတော့ တွက်ချက်ရတဲ့ စာရင်းအင်မတန်ရှုပ်ပြီး ခေါင်းလည်း အလွန်ခြောက်ရတဲ့ ဘဏ်ဝန်ထမ်းဖြစ်လာရခြင်းကြောင့်ပါ…
ဘဏ်ဝန်ထမ်းတစ်ယောက် ဖြစ်လာရခြင်းအပေါ်မှာတော့ ကျွန်မနောင်တ မရခဲ့ဖူးပါဘူး…
ဘဏ်ဆိုတာကလည်း ကိုယ့်ရဲ့  customer တွေကို ဝန်ဆောင်မှုပေးရတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် သူတစ်ပါး စိတ်ချမ်းသာမှုဟာ ကိုယ့်အပေါ် မူတည်တဲ့အတွက်ကြောင့် ကျွန်မ ကျေနပ်မိခြင်းပါ…
ကျွန်မ လုပ်ရတဲ့အလုပ်ကို နှစ်သက်တယ်၊ တန်ဖိုးထားတယ်၊ အမြဲတာဝန်ကျေအောင် လုပ်ဆောင်ခဲ့တယ်… ခိုင်းမှ လုပ်တတ်တဲ့ လူစားမျိုးမဖြစ်ချင်တဲ့အတွက် ဘယ်အရာမဆို ကြိုတင်တွက်ဆပြီး လစ်ဟာမှုမရှိအောင် နေခဲ့ပါတယ်…
အလုပ်မှာ လစ်ဟာမှုမရှိခဲ့ပေမဲ့ တစ်ခြားတစ်ဖက်ဖြစ်တဲ့ အိမ်တွင်းရေးကိစ္စ၊ အချစ်ရေးကိစ္စတို့မှာတော့ လစ်ဟင်းမှုရှိခဲ့ပါတယ်…
ခုချိန်ထိတော့ ဒီလစ်ဟင်းမှုတွေက ပြဿနာကြီးကြီးမားမား မဖြစ်လာသေးတဲ့အတွက် ကျွန်မ အသက်ရှုချောင်နေသေးတယ်လို့ဘဲ မှတ်ရပါတယ်…
ခိုင်မာတဲ့ဆုံးဖြတ်ချက်ချပြီး အဲဒီဆုံးဖြတ်ချက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေကြသူတွေလည်း ရှိပါတယ်…
အနည်းနဲ့အများတော့ ကွာဟမှုရှိနေပါသေးတယ်…
အဲဒီလို ကိုယ့်ဆုံးဖြတ်ချက်အတိုင်း ဘဝကို ရဲရဲဝံ့ဝံ့ လျှောက်လှမ်းနေသူတွေကို ကျွန်မ အားပေးချင်ပါတယ်…
ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့  စိတ်ကူးယဉ်ပုံဖော်ထားမှုကို ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ ရရှိလာတဲ့ အခွင့်အလမ်းကောင်းကို အသုံးချတတ်မယ်ဆိုရင် အောင်မြင်တဲ့ပန်းတိုင်ကို လျှောက်လှမ်းနိုင်မှာပါ…
ဒီအချက်တွေထဲက တစ်ခုခုသာ အားနည်းသွားမယ်ဆိုရင်တော့ လိုရာပန်းတိုင် ဘယ်လောက်လျှောက်လျှောက် လျှောက်တဲ့ခြေထောက် ညောင်းနေအုန်းမှာပါဘဲ…
နောက်ပြီး လိုရာပန်းတိုင် ရောက်သွားပေမဲ့ မိမိဘဝမှာ လုပ်ခဲ့၊ ပြုမူခဲ့၊ ပြောဆိုခဲ့တာတွေဟာ အဓိပ္ပါယ် အမြဲရှိနေဖို့လိုပါတယ်… ကိုယ့်အတွက် မဟုတ်ရင်တောင် သူတစ်ပါးမှာ ကောင်းကျိုးဖြစ်သွားစေမဲ့ အရာမျိုးပေါ့နော်…
ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုး ပြန်ခံစားရမယ်…
မကောင်းတာလုပ်ရင် မကောင်းတဲ့အကျိုးပြန်ခံစားရမယ်…
ဘာမှမလုပ်ရင်တော့ ဘာအကျိုးမှကို ပြန်ခံစားရမှာ မဟုတ်ပါဘူး…
လူတစ်ယောက်ရဲ့  အသိဥာဏ် စိတ်ဓာတ်ဟာ အသက်အရွယ်နဲ့ မဆိုင်ပါဘူး… အသက်ငယ်ပေမဲ့ ရင့်ကျက်တဲ့ အတွေးအခေါ် ရှိသလို၊ အသက်ကြီးပြီးတော့ အသိဥာဏ် နည်းပါးနေသူတွေလည်း ရှိနေပါတယ်…
ကိုယ့်ရဲ့  အသိဥာဏ် ဗဟုသုတ တိုးပွားဖို့ စာအုပ်စာပေကောင်းတွေကို ဖတ်ရှုရင်းနဲ့ သင်ယူနိုင်သလို အတွေးခေါ်ကောင်းနဲ့ ဘဝကို အဓိပ္ပါယ်ရှိစွာ ဖြတ်သန်းနေကြသူတွေဆီမှာလည်း နည်းနာခံယူ သင်ကြားလို့ရပါတယ်…
ပညာလို အိုသည်မရှိပါ…
ဘယ်အသက်အရွယ်ရောက်ရောက် ပညာဆိုတာ သင်လို့ကုန်ရိုး ထုံးစံမရှိတဲ့အတွက် ကျွန်မလည်း သင်ယူနေဆဲ လေ့လာနေဆဲပါ…
ပညာရှာရာမှာ ရှက်ကြောက်နေဖို့မလိုပါဘူး…
ငယ်ရွယ်တဲ့သူဆီကလည်း ပညာကောင်းရင် သင်ယူဖို့ အသင့်ရှိနေရပါမယ်… အသက်အရွယ်ကြီးသူဆီမှာတော့ ပညာနည်းပါးနေရင်တောင် အတွေ့အကြုံဆိုတာ ရှိပါတယ်…
အတွေ့အကြုံဆိုတာ ငွေနဲ့ဝယ်ယူလို့ရတဲ့ အရာမဟုတ်ပါဘူး… လူတစ်ယောက် အတွေ့အကြုံရှိဖို့ဆိုရင် အရင်ဆုံး အချိန်ကိုပေးဆပ်ရပါတယ်… ပေးဆပ်ထားတဲ့ အချိန်နဲ့အမျှ အတွေ့အကြုံတွေဟာလည်း ပြောင်းလဲနေပါတယ်…
မိမိကသာ ကောင်းမွန်တဲ့ အတွေ့အကြုံမျိုးကို ရှာဖွေယူတတ်ဖို့ အရေးကြီးဆုံးပါ…
ယခုခေတ်ဟာ အိုင်တီနည်းပညာခေတ် ဖြစ်လာသလို တိုးတက်မြန်ဆန်မှုကလည်း တစ်နေ့တစ်ခြား ပြောင်းလဲနေပါတယ်…
ခေတ်နဲ့အညီ ရင်ဘောင်တန်းပြေးနိုင်ပြီး မိမိရရှိလာတဲ့၊ ရရှိထားတဲ့ အခွင့်အလမ်း၊ အခွင့်အရေးတွေကို အမိအရ ဖမ်းဆုပ်ပြီး သာမန်ဘဝကနေ ရုန်းထွက်နိုင်ဖို့ ကြိုးစားကြစေချင်ပါတယ်…
ရေသာခို အချောင်လိုက် တစ်နပ်စားရရုံ မကြံရွယ်ဘဲ မိမိအင်အားနဲ့ မိမိအကျိုးအတွက်ရော သူတစ်ပါး အကျိုးအတွက်ပါ ထမ်းဆောင်နိုင်မယ်ဆိုရင် သမိုင်းကြောင်းကောင်းတဲ့ လူတစ်ယောက်အဖြစ် ပုံရိပ်ကျန်ရစ်နေခဲ့မှာ အမှန်ပါဘဲ…
သာမန်ဘဝမှာနေ၊ သာမန်ဘဝမှာပျော်ပြီး သာမန်ဘဝကိုဘဲ ဖြတ်သန်းချင်တယ်ဆိုရင်တော့ သာမန်ကိစ္စလေးတွေ လုပ်လိုက်ရုံပါဘဲ…
ယနေ့တွေ့မြင်နေရတဲ့ လူငယ်လေးတွေကတော့ တိုးတက်ချင်စိတ်၊ စူးစမ်းလိုစိတ် အများကြီးရှိတာ တွေ့ရပါတယ်…
တိုးတက်လွန်ပြီး စူးစမ်းလိုစိတ်ပြင်းသွားရင်တော့ အမှားများတဲ့ အမှောင်ကမ္ဘာက သင့်ကို စောင့်ကြိုနေမှာ မလွဲပါဘူး…
လူတိုင်း အမှားနဲ့ မကင်းနိုင်ပါဘူး… မှားမှန်းသိပြီး အချိန်မှီ ခြေလှမ်းပြန်ရုတ်နိုင်မယ်ဆိုရင် အမှားပြင်၊ အမှန်သိ လူသားတစ်ယောက် ဖြစ်သွားမှာပါ…
ဒါကြောင့် လူအမျိုးအမျိုး၊ လမ်းအထွေထွေ လောကဇာတ်ခုံပေါ် ခြေလှမ်းပေါင်း မျိုးစုံစွာနဲ့ လျှောက်လှမ်းနေကြချိန်မှာ မိမိလည်း ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့အောင်မြင်တဲ့ဘဝပန်းတိုင်ဆီ ရောက်အောင် လျှောက်လှမ်းရင်း အချိန်တန်လို့ အိမ်ပြန်၊ အိမ်ပြန်လမ်းခရီးလည်း ဖြောင့်ဖြူးသာယာအောင် သတိတရားလက်ကိုင်ထားပြီး ဘာဝနာတရား ပွားများအားထုတ် အထုပ်ကိုယ်စီ ပိုက်သွားနိုင်သူတွေဖြစ်ကြပါစေလို့ ဆန္ဒပြု တင်ပြလိုက်ပါတယ်…………….
(ကိုယ်တိုင်ရေး)