ဘဝတစ်ခု ဖြစ်တည်ဖို့အရေး ဘယ်ဝမ်းကြာတိုက်မှာ သန္ဓေတည်ရမလဲဆိုတာ ကျွန်မရော လူသားအားလုံးပါ ရွေးချယ်ပိုင်ခွင့် မရှိပါဘဲ အကြောင်းကြောင့် အကျိုးဖြစ်ပေါ်ပြီး လူ့ဘဝထဲ ရောက်လာရခြင်းပါ…
အကြောင်းကောင်းခဲ့လို့ အကျိုးကောင်း ပြန်ခံစားရတဲ့သူတွေကို ကြည့်ပြီး အကြောင်းမကောင်းခဲ့ခြင်းကြောင့် အကျိုးပေးညံ့နေသူတွေကို အပြစ်တင် ပြောဆိုနေဖို့ မလိုပါဘူး…
ကိုယ်ပြုသောကံ ကိုယ့်ထံပြန်လာတတ်စမြဲမို့ ကိုယ်ရရှိလာတဲ့ ဘဝမှာ ကျေနပ်စွာနေထိုင်နိုင်ဖို့ အရေးကြီးပါတယ်…
အမြင့်ရောက်နေသူတွေက အောက်ဆုံးကို ငုံ့ကြည့်မိချင်မှ ကြည့်မိပါလိမ့်မယ်…
အောက်ဆုံးရောက်နေသူတွေကတော့ အပေါ်ဆုံးက လူတွေရဲ့  ကမ်းလင့်ကြိုဆိုမှုကို အမြဲမျှော်လင့်နေတတ်ပါတယ်…
လူ့ဘဝတော့ ရလာပါရဲ့ …
အသည်းနှလုံးမရှိတဲ့ မိဘရဲ့ စွန့်ပစ်မှု၊
ကြမ္မာမုန်တိုင်းကြောင့် မိသားစုနဲ့ ကွဲကွာရမှု၊
ရှောင်ဖယ်လို့ မရနိုင်ခဲ့တဲ့ ရောဂါဆိုးကြောင့် လူအများရဲ့  ပစ်ပယ်ခံရမှု စတဲ့ အကြောင်းအမျိုးမျိုး ဒုက္ခအထွေထွေနဲ့ ဘဝကို ဖြတ်သန်းနေကြသူတွေကို မိမိရဲ့  တတ်နိုင်တဲ့ အင်အားနဲ့ ကူညီစောင့်ရှောက်မယ်ဆိုရင် နေလောင်ခံရတဲ့ ပန်းလေးတွေ ပြန်လည် လန်းဆန်းလာမှာ အမှန်ပါဘဲ…
ပန်းဆိုတာ ပြုစုသူ ဥယျဉ်မှုးရဲ့  စောင့်ရှောက်မှုအောက်မှာ တင့်တယ်ငွားစွင့်နိုင်တာမို့ ဥယျဉ်မှုးကောင်းနဲ့သာ တွေ့မယ်ဆိုရင် ဒီပန်းလေးဟာ တော်ဝင်ပန်းကလေးတောင် ဖြစ်လာနိုင်ပါတယ်…
ပန်းကလေးတစ်ပွင့် စင်မြင့်ပေါ်မှာ လှပစွာဖူးပွင့်ဖို့အရေး ဥယျဉ်မှုးကောင်းတွေအများကြီး လိုအပ်နေပါသေးတယ်…
ဥယျဉ်မှုးကောင်းဖြစ်နိုင်ဖို့ ငွေအင်အားရယ်မှ မဟုတ်ပါဘူး…ကျွန်မတို့ တတ်စွမ်းတဲ့ အတတ်ပညာ၊ အသိပညာ ဗဟုသုတတွေနဲ့လည်း တစ်ဖက်တစ်လမ်းက အထောက်အပံ့ပြုနိုင်ပါတယ်…
လောကမှာ ဆုပ်ယူသူနဲ့ ဖြန့်ပေးသူ နှိုင်းယှဉ်ကြည့်ရင် ဆုပ်ယူသူသာ အင်အားများနေတာ တွေ့ရပါတယ်…
မရှိလို့ မလှု၊ မလှုလို့ မရှိ မဖြစ်စေရဘဲ မိမိ ရှိတဲ့ထဲကမှ ပေးနိုင်အောင် ကြိုးစားတာ အကောင်းဆုံးပါ…
ကျွန်မတို့ မြန်မာလူမျိုးများဟာ စေတနာသဒ္ဓါတရား ထက်သန်ကြသလို အယုံလည်း လွယ်တတ်ကြပါတယ်… ဒုက္ခရောက်နေသူကိုတော့ အယုံကြည်ရှိရှိ မရှိရှိ ကူညီဖို့ကတော့ လက်မနှေးတတ်ပါဘူး…
ခုခေတ်မှာ အလှုအတန်းရက်ရောစွာနဲ့ အပြိုင်အဆိုင် လှုနေကြတာ တွေ့ရပါတယ်…
ဒါပေမဲ့ တစ်ကယ်လိုအပ်နေသူတွေမှာတော့ မျှော်သာမျှော်ကိုး ပေါ်မလာနိုး ဖြစ်နေပါတယ်…
အလှုကို ဘာကြောင့် လှုပါသလဲ…
ထင်ပေါ်ချင်လို့လား၊ ပိုက်ဆံရှိလို့လား၊ ဂုဏ်ပုဒ်လိုချင်တာကြောင့်လား၊ အမှန်တစ်ကယ်ကုသိုလ်ရချင်တာကြောင့်လား…
ဘာကြောင့်လှုလှု ကိုယ်လှုလိုက်တဲ့ အလှုတစ်ခုဟာ တစ်ဖက်လူအတွက် မှန်ကန်စွာ အကျိုးရှိသွားမယ်ဆိုရင် ညောင်စေ့လောက်လေးပေမဲ့ ညောင်ပင်ကြီးလောက် ကုသိုလ်ရနိုင်ပါတယ်…
လှုဒါန်းခြင်း ဟူသမျှကို “ဒါနပါရမီ” လို့ခေါ်ဆိုနိုင်သော်လည်း အလွန်ကြီးကျယ်သည့် လှုဒါန်းခြင်းကိုကား “မဟာပရိစ္စာဂ” = စွန့်ခြင်းကြီးများ ဟူ၍ ကျမ်းဂန်တို့၌ ဖော်ပြထားတာ တွေ့ရပါတယ်…
ကျွန်မတို့တစ်တွေဟာ ပုထုဇဉ် လူသားတွေမို့ စွန့်ခြင်းကြီးတွေကိုတော့ စွန့်နိုင်အုန်းမှာမဟုတ်တဲ့အတွက် စွန့်နိုင်တဲ့ ဒီပရဟိတ အလုပ်လေးတွေနဲ့ ဒါနပါရမီ ဖြည့်ကြဖို့ အသင့်တော်ဆုံးပါဘဲ…
ပရဟိတဆိုတာလည်း လူတိုင်းလုပ်နိုင်ခဲတဲ့ အရာဖြစ်ပါတယ်…
ပရဟိတ လုပ်နေသူတွေဟာ ပိုက်ဆံရှိလို့၊ အချိန်တွေပိုနေလို့ လုပ်နေကြသူတွေ မဟုတ်ပါဘူး.. တူညီတဲ့စိတ်ဓာတ်နဲ့ တစ်ယောက်ထဲအင်အားမသုံးဘဲ အများအားနဲ့ စည်းလုံးညီညွတ်စွာ ကိုယ်ကျိုးမကြည့်ဘဲ ပေးဆပ်နေကြသူတွေပါ…
အများနှင့်လက်တွဲပြီး စုပေါင်းလုပ်ဆောင်ရတဲ့ ပရဟိတ အကျိုးကို ဒီသာဓကလေးနဲ့ ဖော်ပြချင်ပါတယ်…
-တစ်ယောက်အားနှင့်သော် မရ
-နှစ်ယောက်အားနှင့်သော် လှုပ်နိုင်ဧ။်
-သုံးယောက်အားနှင့်သော် ရပ်နိုင်ဧ။်
-လေးယောက်အားနှင့်သော် ပြေးနိုင်ဧ။်
-ငါးယောက်အားနှင့်သော် “ကောင်းကင်ဝယ် ပျံသန်းနိုင်သည့် ငှက်ကလေးများပမာ” ဆိုတဲ့ သာဓကလေး လက်ကိုင်ထားပြီး လိုရာပန်းတိုင် အရောက်လှမ်းနိုင်စေဖို့ ကျွန်မတို့ တွဲလက်တွေခိုင်မြဲစွာနဲ့ စုပေါင်းအင်အား အသုံးချပြီး နေလောင်ပန်းလေးတွေရဲ့  ဘဝကို မြှင့်တင်လိုက်ကြမယ်ဆိုရင် အနာဂတ်ရဲ့  တောက်ပတဲ့ ကြယ်ပွင့်လေးတွေ အများအပြား ပေါ်ထွန်းလာအုန်းမှာပါ…
ကံအကြောင်းဆုံလို့ ကံပေါင်းဆုံရပြီး ကံကုန်ရင် တစ်နေ့ပြန်ခွဲကြရအုန်းမဲ့လောကကြီးမှာ ဆန့်သောလက်တွေ မကွေးခင် ကမ်းသောလက်တွေကို ဖမ်းဆုပ်နိုင်ဖို့အရေး လှမ်းမမြင်နိုင်တဲ့ မေတ္တာတရားတွေနဲ့ ခမ်းမကုန်အောင် ပေးဆပ်ကြပါစို့လားနော်…
ကောင်းကင်ဆိုတာ သူ့အမိုးအောက်မှာ ဝင်ရောက်နားခိုသူ မှန်သမျှကို အကောင်း အဆိုးခွဲခြားမှုမရှိဘဲ ဘက်လိုက်ခြင်းကင်းစွာ တရားမျှတမှုနဲ့ အုပ်မိုးပေးထားတာပါ…
ဒီလိုပါဘဲ …ကျွန်မတို့တစ်တွေလည်း ကံအကြောင်းမလှခဲ့လို့ ကံအဟောင်းရဲ့  အပြစ်ဒဏ်ကို ခံနေရသူတွေအပေါ် ဂရုဏာထား မေတ္တာပွားပြီး ကိုယ်ကျိုးမဖက် သူတစ်ပါးအတွက် လုပ်ဆောင်ကြရင်း ဘဝမှာ အနှစ်ကျန်သူတွေ ဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း (၉)ကြိမ်မြောက် ပရဟိတ အလှုတစ်နှစ်ပြည့် အမှတ်တရ ဂုဏ်ပြုတင်ပြလိုက်ပါတယ်………………
(ကိုယ်တိုင်ရေး..)16.12.2012 အလှု ချစ်ညီမလေး မလိုက်ပါနိုင်ခြင်းအတွက် စာပေဖြင့်သာ အားပေးမိပါသည်။ ။