အောင်သူဝင်က အခန်းအပြင်မှ ချစ်လှစွာသော ဇနီးချောကလေး ခင်သက်ဝေကို အခန်းတံခါး ဖွင့်ပေးရန်အတွက် နို့ဆာသောကလေး သဖွယ် အော်ဟစ်ပြီးနေလေသည်။ ခင်သက်ဝေကတော့ အမျက်မပြေဘဲ လင်တော်မောင် ကိုအောင်သူဝင်းကို စိစိညက်ညက်ကြေအောင် ကုတ်ဆွဲပြီး ငရဲမီးတွင် ကင်စားလိုက်ချင်အောက်အောင် ဖြစ်နေချေသည်။
ဤသို့ပုံနှယ် အကြင်လင်မယားနှစ်ယောက် စိတ်ကောက်နေကြခိုက် လူခေါ်ခေါင်းလောင်းသံကြောင့် ကိုအောင်သူဝင်း၏ စိတ်ဝယ် “နတ်များမနေနိုင်၍ ငါ့အား ဇနီးလေး ဝေ အမျက်ပြေစေဖို့ ရောက်လာ ခြင်း ပါလား”ဟု ယုံမှားသံသယမရှိဘဲ တံခါးဖွင့်ပေးရန် ကမန်းတကန်း လှမ်းထွက်ခဲ့လေသည်။
တံခါးကိုဖွင့်ပြီး အပြင်ကို ကြည့်လိုက်တော့ ခင်သက်ဝေ၏မောင် နှင့် ကောင်မလေးတစ်ယောက်ကို အထုပ်အပိုးတွေနှင့် တွေ့လိုက်ရသဖြင့် ဖွင့်ထားသော တံခါး ပြန်ပိတ်မိရက်သားဖြစ်သွားလေသည်။ ထိုအခါတွင် ခင်သေဝေ၏ မောင်က တံခါးကို ပြန်တွန်းဖွင့်ပြီး အခန်းထဲကို ကောင်မလေး၏ လက်ကိုဆွဲ ရဲရဲကြီးဝင်လာလေ၏။
“အစ်မ...မရှိဘူးလားဗျ”
“ရှိတယ်...အိပ်ခန်းထဲမှာ”
ကိုအောင်သူဝင်းက မျက်စိမျက်နှာ ပျက်လျက် မဖြေချင့်ဖြေချင် ဖြေလိုက်သည်။ ပြီးလျှင် အိမ်ခန်းနားသွားပြီးလျှင် တံခါးဝ မှာရပ်လျက် ခင်သက်ဝေကို သာယာပျော့ပျောင်း နှာခေါင်းသံဖြင့် ခေါ်လေသည်။
“ဝေ...ဒီမှာ မင်းရဲ့မောင်ရောက်နေတယ်”
ခင်သက်ဝေက စောစောကပင် အခန်းတွင်းမှ အသံကြားပြီးဖြစ်သဖြင့် ထွက်မတွေ့လျှင် မဖြစ်သော ကြောင့် တံခါးဖွင့်ကာ ထွက်လာလေသည်။ လင်တောင်မောင် ကိုအောင်သူဝင်းကို အမျက်ပြင်းပြင်း နဂါးမင်း၏ မျက်လုံးဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် မောင်ဖြစ်သူကို ပျားသကာလို အပြုံးချိုချိုဖြင့် လှမ်း၍ ကြည့်လေ၏။
“မမ...ကျွန်တော် မိန်းမခိုးလာတာ”
“ဟင်...”
“ဟာ...”
ကိုအောင်သူဝင်းနှင့် ခင်သက်ဝေတို့နှစ်ယောက်မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အံ့အားသင့်သွားကြသည်။
တကယ်ဆို ခင်သက်ဝေက ရန်ကုန်ကမဟုတ်ပါ။ နယ်မြို့လေးတစ်မြို့မှ ဖြစ်သည်။ ကိုအောင်သူဝင်းနှင့် အကြောင်းပါပြီးမှ အမြည်းနောက် ဘီယာပါ အဲ သျှောင်နောက် ဆံတုံးပါဆိုသလို မြို့ရွှေရန်ကုန်ကို ရောက်ရှိလာခြင်းဖြစ်လေသည်။ လင်မယားနှစ်ယောက် အိပ်ခန်းတစ်ခန်းသာပါသော တိုက်ခန်း ကျဉ်းကျဉ်းလေးထဲတွင် နှစ်ကိုယ်ယှဉ်တွဲ ချစ်ပွဲဝင်နေခြင်းသာဖြစ်ပေသည်။
ကိုအောင်သူဝင်း၏ စိတ်ဝယ် ချစ်ဇနီးကို နည်းပေါင်းစုံဖြင့် အားပါးတရ ချော့မြူပြီး ကလူမည်ဟု ကြံကာ မှ ဇနီးမောင်က မိန်းမခိုးလာသည်နှင့် ကြုံရလေသည်။
“မင်းကွာ...မိန်းမခိုးလာတာများ...တည်းခိုခန်းမှာ သွားပြီး လွတ်လွတ်လပ်လပ်နေတာ မဟုတ်ဘူး။ ဒီမှာ တို့လင်မယား အထင်မှားပြီး...တံခါးပိတ်ထားလို့ ဒီညတော့ အဆင်မပြေရင် စိတ်ညစ်ညစ်နဲ့ အိပ်ရတော့မယ့် အခြေအနေဖြစ်နေတာကို မသိဘူးလားကွာ”
ဤစကားကို ကိုအောင်သူဝင်း၏ နှုတ်မှ ထွက်ပေါ်လာခြင်းမရှိပါ။ စိတ်ထဲမှ တွေးပြီး ခင်သက်ဝေ မောင်အပေါ် အပြစ်တင်လျက် ရှိနေပါသည်။
“မောင်လေး...မမတို့ အိမ်မှာ ကြိုက်သလောက်နေနော်။ မမတို့က တစ်နေကုန် နှစ်ယောက်စလုံး အလုပ်သွားနေတာ...ဘာမှအားမနာနဲ့နော် ညီမလေး”
“အဲဗျ...ဒုက္ခော...မရွှေချောက တော်တော် သဘောကောင်းနေပါလား”
ကိုအောင်သူဝင်းက စိတ်ထဲမှ ညည်းတွားမိလေသည်။
“ညီမတို့ကြောင့် မမတို့ လင်မယား စိတ်အနှောက်အယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်နော်”
“ရပါတယ် ညီမလေးရယ်...မမမှာ ဒီမောင်လေးတစ်ယောက်ထဲရှိတာ...မောင်လေးအတွက်ဆို မမတို့က ဘာမဆို လုပ်ပေးဖို့ရာ အဆင်သင့်ပဲလေ...ဟုတ်တယ်နော် ကိုအောင်သူဝင်း”
“မဟုတ်ဘူး...အဲ...၀ုတ်တယ်...၀ုတ်တယ်”
ကိုအောင်သူဝင်းက အယောင်ယောင်အမှားမှားဖြစ်သွားသည်။ “အင်း...အမျိုးချစ်ကြီးနော်... လင်တော်မောင်ကိုတော့ မသနား၊ စိမ်းကားရက်စက် မသက်ညှာတော့ဘူးလား ဝေရယ်” စိတ်ထဲမှာ မိမိကိုယ်ကို ပြောမိပြောရာ ပြောမိသည်။
“မောင်လေးတို့က မမတို့ အိပ်ခန်းထဲမှာ အိပ်နော်...မမတို့က ဧည့်ခန်းထဲက ဘုရားစင်ရှေ့မှာ အိပ်မယ်”
“သြော်...ငါ့နှယ်နော်...ဇနီးချောလေးဝေ...ကို စိတ်ဆိုးပြေစေဖို့ အထင်မမှားစေဖို့ တနည်းမဟုတ် တစ်နည်း ချည်းကပ်ပြီးခါ ချော့ပါမယ်လို့ စိတ်ကူး ကြည်နူးမယ်လို့ ကြံနေခိုက် ယောက်ဖက မိန်းမခိုးလာတော့ လက်လျော့ရတော့မယ်ပေါ့လေ” ကိုအောင်သူဝင်း စိတ်ထဲ ကြိတ်မနိုင် ခဲမရ ကွတတ၊ ယောင်တောင်တောင် ရူးကြောင်ကြောင် ငေါင်လို့နေပေသည်။
ကိုအောင်သူဝင်းနှင့် မခင်သက်ဝေတို့ လင်မယားနှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက် ကတောက်ကဆဖြစ်ထားကြသည်ကို အသစ်စက်စက် လင်မယား မသိအောင် ဟန်ဆောင်ပြုံးနဲ့ ဆက်ဆံနေရပေသည်။ ဤသည်မှာလည်း တစ်ဒုက္ခ။
♥♥♥♥♥♥♥♥
ညနေစာ စားသောက်ကြပြီးနောက် အသစ်စက်စက်လင်မယားက အောင်သူဝင်းတို့ အိမ်ခန်းကို သိမ်းပိုက်လိုက်ကြသည်။ အောင်သူဝင်းက ဘုရားစင်ရှေ့တွင် အိမ်ယာကလေးခင်းပြီး နိုင်ငံခြား ဇာတ်လမ်းတစ်ပုဒ်ကို စိတ်မပါဘဲ ထိုင်ကာကြည့်နေသည်။ ခင်သက်ဝေကတော့ ၀တ္ထုစာအုပ်တစ်အုပ် ကို ဟိုလှန်သည်လှန်လုပ်နေသည်။ ခင်သက်ဝေကိုကြည့်ရသည်မှာ စာအုပ်ထဲတွင် စိတ်ဝင်စားမည့်ဟန် မရှိချေ။
ခဏကြာတော့ ခင်သက်ဝေက ဘုရားရှိခိုးသည်။ ပရိတ်ရွတ်သည်။ မေတ္တာပို့သည်။ ပုတီးပင် စိပ်နေလိုက်သေးသည်။
ည ၉ နာရီအချိန်တွင်တော့ အောင်သူဝင်းက ခြင်ထောင်ထောင်ကာ မအိပ်ချင် အိပ်ချင်ဖြင့် အိပ်ယာ ၀င်လေသည်။ အတန်ကြာသည့်အခါတွင် ခင်သက်ဝေကလည်း ခြင်ထောင်ထဲသို့ ၀င်အိပ်လေသည်။ လင်မယားနှစ်ယောက်မှာ ဧည့်သည်လင်မယားရှိနေ၍သာ ကိုယ်ရှိန်သတ်နေကြသော်လည်း နှစ်ဦးစလုံး ၏ ရင်ထဲမှာ ပြောစရာတွေနှင့် ပြည့်နေပေသည်။
“ဝေ”
အောင်သူဝင်းက မရဲတရဲ အကဲစမ်းပြီး ခေါ်ကြည့်သည်။ ခင်သက်ဝေက ကြားသော်လည်း မကြားဟန် ပြုကာ နေလေသည်။
“ဝေ...ဝေ...ဝေ”
အောင်သူဝင်းက အသံကို အနည်ငယ်မြှင့်ပြီး ခေါ်သော်လည်း ခင်သက်ဝေက စောင်ကို ခေါင်းမြီးခြုံပြီး အတင်းအိပ်လေသည်။
“ဝေ”
သည်တစ်ခါတော့ အောင်သူဝင်းက ခေါ်လည်းခေါ်သည်။ လက်ကလည်း ခင်သက်ဝေ၏ ခါးကို သွားတို့လေသည်။ ခင်သက်ဝေက အောင်သူဝင်း၏လက်ကို နောက်ပြန်ပုတ်ချလေသည်။
အောင်သူဝင်းက အညံမခံဘဲ ခင်သက်ဝေ၏ ခါးကို လှမ်းဖက်လိုက်သည်။ ခင်သက်ဝေက အိပ်ယာထက်က ကမန်းကတန်းထပြီး အောင်သူဝင်းကို ပေါက်တော့မည့်မြွေပွေးနှယ် စူးစိုက်ကြည့်လေ သည်။ ဘုရားစင်မှ မီးရောင်ကြောင့် ခင်သက်ဝေ၏ မျက်စိနှစ်ကွင်းမှာ မီးဝင်းဝင်းတောက်နေသည်ဟု ထင်ရပေသည်။
“အေးအေးဆေးဆေးအိပ်နော်...မောင်လေးတို့ လင်မယားရှိတယ်”
ခင်သက်ဝေက အသံကို အုပ်ပြီးပြောသည်။
“ဝေ့ကို ဘာမှ မလုပ်ပါဘူး။ ဝေ...အထင်လွဲတာတွေ မှားနေတယ်”
“ဘာမှ ဆက်မပြောတော့နဲ့နော်...ဒီည...ရှင်နဲ့ စကားမပြောချင်ဘူး”
ခင်သက်ဝေက ပြောပြီးနောက် ပြန်လှဲပြီး ခေါင်းမြီးခြုံအိပ်လိုက်သည့်အတွက် အောင်သူဝင်းကလည်း မျက်စိကို စုံမှိတ်ပြီး အတင်းအိပ်စက်လိုက်ရလေသတည်း။
(အခုရက်ပိုင်း အအေးမိပြီး နေထိုင်မကောင်းတာကြောင့် အပြီးသတ်ရေးရန် အားခဲ့ထားသော်လည်း အပြီးမသတ်နိုင်သည့်အတွက် အနူးအညွတ်တောင်းပန်လိုက်ပါတယ်။ အပိုင်း(၃)မှာတော့ ဇာတ်သိမ်းပေးပါမယ်ခင်ဗျာ)
ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ...
ကျော်သိုက်
(၁၁-၁၂-၂၀၁၂)(ည ၈ နာရီခွဲ)