ငယ်ငယ်လေးတုန်းကပေါ့…
အဖိုး၊ အဖွား၊ အဖေ၊ အမေ တွေရဲ့  ပုံပြင်တွေကို မရိုးနိုင်အောင် နားထောင်ရင်း နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့တဲ့ ညပေါင်းတွေဟာ မရေတွက်နိုင်အောင် အရွယ်ရောက်သည်အထိ အမှတ်တရ ရှိနေခဲ့ပါတယ်…
အရွယ်ရောက်လို့ အချစ်နဲ့စတွေ့ချိန်မှာတော့ ငယ်ငယ်က အမှတ်တရ ရှိခဲ့တဲ့ ပုံပြင်တွေဟာ ရိုးသွားပြီး ချစ်သူရဲ့  ပုံပြင်တွေကသာ မျက်လုံးအဝိုင်းသားဖြစ်အောင် ဆန်းပြားစွာ စွမ်းဆောင်နိုင်ခဲ့ပါတယ်…
နွေးထွေးတဲ့ ရင်ခွင်ခိုဝင်မှေးစက်ရင်း မဖြစ်နိုင်မှန်းသိရက်နဲ့ ယုံကြည်စွာနားထောင်ခဲ့တဲ့ ပုံပြင်လေးတွေက ရင်ထဲမှာ စွဲထင်ကျန်ရစ်စေပါတယ်…
လက်ချိုးရေတွက်လို့မကုန်နိုင်သေးတဲ့ ပုံပြင်လေးတွေ အဆုံးမှာ နောက်ဆုံးအသည်းကွဲပုံပြင်က ငါ့အတွက် အမှန်တစ်ကယ် မင်းပေးခဲ့တဲ့ အိပ်ပျက်ပုံပြင်တစ်ပုဒ်ပေါ့…
ဒီကမ္ဘာပေါ်မှာ မင်းရဲ့  အချစ်ဆုံးလို့ ခံယူထားသူက မင်းကို အမုန်းဆုံးလူ ဖြစ်လာမယ်ဆိုတာ ငါကိုယ်တိုင်တောင် ကြိုတင်မသိခဲ့တဲ့ အဖြစ်ရယ်ပါ…
ခုတော့ ငါ့ရဲ့  အသည်းကွဲပုံပြင်တွေ မင်းမသိအောင် ငါကိုယ်တိုင် ညစဉ်ရက်ဆက် နားထောင်ရင်းနဲ့ မိုးလင်းခဲ့ရပေါင်း များခဲ့ပြီလေ…
မင်းဘက်က မမှားဘူးလို့ခံယူထားရင် ငါ့ဘက်ကလည်း မှန်တယ်လို့ ယူဆထားအုန်းမှာပါပဲ…
မင်းပစ်လွှတ်လိုက်တဲ့ အချစ်မြှားရဲ့  အဆိပ်ဒဏ်ကို ပြင်းထန်စွာ ခံစားရင်းနဲ့ ငါကိုယ်တိုင်ဘဲ မင်းကိုမုန်းတီးစိတ်၊ နာကျည်းစိတ်နဲ့ အဲဒီ ဒဏ်ရာကို ပျောက်ကင်းအောင် ကုသသွားမှာပါ…
မင်းဆီက ဘာမှပြန်မမျှော်လင့်တော့ဘဲ ပေးအပ်ထားတဲ့ ငါ့ရဲ့ အချစ်တွေ ငါကိုယ်တိုင်ဘဲ ပြန်လည်ရုတ်သိမ်းလိုက်ပါပြီ…
အချစ်နဲ့စစ်မှာ မတရားတာ မရှိဘူးဆိုပေမဲ့ စစ်ဆိုတာ အချိန်တန်ရင် ငြိမ်းချမ်းမှုတော့ ရသွားနိုင်သလို အချစ်မှာ တရားမျှတမှု မရှိစွာ ခံလိုက်ရတဲ့ ငါ့အတွက်တော့ မင်းဘက်က
အလံဖြူပြဖို့တောင် စိတ်ကူးမရှိခဲ့ဘူးနော်…
မင်းကို မျက်စိစုံမှိတ် ယုံကြည်ခဲ့တဲ့ ငါ့ရဲ့  အားနည်းချက်တစ်ခုကြောင့်ပဲ ထင်ပါရဲ့ …
ငါ့အတွက် ပထမဦးဆုံး အကြိမ် အသည်းကွဲခြင်းဖြစ်ပေမဲ့ မင်းအတွက်ကတော့ အကြိမ်ပေါင်း မရေတွက်နိုင်အောင် အသည်းခွဲခဲ့ဖူးသူဆိုတာ ငါကိုယ်တိုင် ခံစားလိုက်ရမှ သိလာခဲ့သူပါ..
ပျော်ရွှင်စရာတွေ့လို့ မင်းရယ်မောမိခဲ့ရင် ရယ်မောခြင်းရဲ့  နောက်ကွယ်မှာ မင်းပြုမူခဲ့တဲ့ အပြစ်တွေကို ပြန်မြင်ယောင်မိတယ်ဆိုရင် အဲဒီ ရယ်မောခြင်းကို ချက်ချင်းရပ်တန့်ပစ်လိုက်ပါ…
မင်းရဲ့  ရယ်သံတွေကြားမှာ နာကျင်ငိုကြွေး ခဲ့ရသူတွေကို မင်းစာနာမိမယ်ဆိုရင်ပေါ့…
ငါဘာကြောင့် ဒီလောက် ခံပြင်းပြီး ခံစားနေရလဲဆိုရင် မင်းကို ပေးအပ်ခဲ့တဲ့ ငါ့ရဲ့  အချစ်တွေမှာ ပြန်လည်ရယူလိုတဲ့ မျှော်လင့်ချက်၊ အဆင့်အတန်း ၊ နောက်ခံ အင်အားရှိမှု ဆိုတာတွေ ထည့်မတွက်ဘဲ သူငယ်ချင်း သံယောဇဉ်ကို အခြေပြုပြီး ရိုးရိုးလေး ချစ်ခဲ့မိတာပါ…
ငါ့ဘက် မင်းစာနာပေးခဲ့မယ်ဆိုရင် ငါ့အပေါ် ဒီလို အပြစ်တောင် မင်းမကျူးလွန်သင့်ပါဘူး…
အကွက်ကျကျနဲ့ မင်းရဲ့  လှည့်စားမှုတွေအောက်မှာ မရှုမလှ ခံလိုက်ရတဲ့ ငါ့ကိုယ်ကိုယ်ကိုလည်း ပြန်အပြစ်တင် ဒေါသထွက်လို့ မဆုံးပါဘဲ…
ပုပ်ရင်ပေါ် ၊ ဟုတ်ရင်ကျော်တတ်တယ်ဆိုတာ ငါ့အလှည့်မှာတင် မင်းသိသွားပြီဆိုရင် နောက်ထပ်ဘယ်သူ့ကိုမှ မင်းလှည့်စားဖို့ မကြိုးစားသင့်ပါဘူးလို့ ငါ့ရဲ့  နောက်ဆုံးလက်ကျန် သံယောဇဉ်လေးနဲ့ သတိပေးခဲ့ပါရစေ…
မင်းကြောင့် ငါ့အိပ်မက်တွေ ပျောက်ဆုံးသွားရပေမဲ့ ငါ့ကြောင့် မင်းရည်ရွယ်ချက်တွေ ထိခိုက်အောင် ငါမလုပ်ပါဘူး…
ဘာမဆိုမင်းနဲ့အတူ အကောင်းအဆိုး မျှဝေယူနိုင်ဖို့ ငါကြိုးစားခဲ့ပေမဲ့ ငါ့အပေါ်တင်ခဲ့တဲ့ အပြစ်ကြွေးကိုတော့ မင်းကိုယ်တိုင်ပဲ ကျေအောင်ဆပ်လှည့်ပါ…
ဘာကြောင့်လဲဆိုတော့ တစ်ချိန်က ငါ့နှလုံးသားမှာ မင်းဟာ အရှင်သခင် ဖြစ်ခဲ့ပေမဲ့ ခုချိန်မှာတော့ ငါ့ကို လန့်နိုးစေတတ်တဲ့ နတ်ဆိုးတစ်ကောင် ဖြစ်သွားလို့ပါပဲ…
မင်းကြောင့် ချစ်တတ်ခဲ့ပြီး ၊ မင်းကြောင့် မုန်းရဲခဲ့တဲ့ ငါ့စိတ်ကို မအံ့သြပါနဲ့…
ဒါတွေ အားလုံး တတ်မြောက်အောင် မင်းပဲ သင်ပေးခဲ့တာလေ…
မင်းနဲ့မထိုက်တန်လို့ ငါ့ရဲ့  အသည်းကွဲခဲ့ပေမဲ့ ငါ့ရဲ့  အသည်းကွဲပုံပြင်နားထောင်ပြီး ငါ့အချစ်နဲ့ ထိုက်တန်တဲ့သူ တစ်နေ့ရှိလာမယ်ဆိုရင် မင်းမှာ တားဆီးပိုင်ခွင့် မရှိတော့ဘူးဆိုတာ မင်းသိထားဖို့ လိုပါတယ်…
အဲဒီတစ်နေ့ကတော့ ငါ့ရဲ့  အသည်းကွဲဒဏ်ရာ ကျက်သွားတဲ့ တစ်နေ့ပေါ့…
မင်းအပေါ်ထားတဲ့ ငါ့အချစ်ရဲ့  ရိုးသားမှုကို သက်ညှာသောအားဖြင့် အချိန်တိုအတွင်းမှာ အဖြစ်မှန်ကို သိခွင့်ပေးခဲ့တဲ့ လောကကြီးနဲ့ သက်ဆိုင်သူတွေကို ကြံဖန်ကျေးဇူးတင်နေမိပါသေးတယ်…
ငါနှစ်သက်ခဲ့တဲ့ ပုံပြင်လေးဟာ ပျော်ရွှင်စရာ၊ ကြည်နူးစရာတွေနဲ့ အစပြုခဲ့ပေမဲ့ အဆုံးသတ်ကအချိတ်အဆက်မိမိ အလိမ်အညာ ၊လှည့်စားမှုတွေနဲ့ အကျည်းတန်ရုပ်ဆိုးစွာ ဇာတ်သိမ်းခဲ့ရပြီပေါ့…
“ငယ်ရွယ်နုသေး စွန်းထင်းကင်းစွာ
မျက်စိကိုမှိတ် နားကိုစွင့်လို့
ဖိုး ဖွား ဖေ မေ ပြောသည့်ပုံကို
မရိုးနားထောင် အိပ်ပျော်နှစ်ခြိုက်
ကလေးဘဝရယ်လေ…
အရွယ်လွန်မြောက် လှသွေးတောက်ချိန်
တစ်ထောင့်ငါးရာ ချစ်ကိလေသာနှင့်
ကြုံ ဆုံ တွေ့ခိုက် မှောင်မိုက်ကမ္ဘာ
ထွန်းညှိလင်းရောင် ချစ်သူ မောင် နှင့်
ချစ်ဂဟေလမ်း လှမ်းလျှောက်ကြံရွယ်
တွဲလက်တွေခိုင် မြဲအောင်ကိုင်လျက်
ရင်ခွင်နွေးနွေး ခိုဝင်မှေးရင်း
မဟုတ်လုပ်ကြံ ပြောသည့်ပုံတိုင်း
စိတ်ဝယ်နှစ်လို အပြုံးပိုခဲ့…
အပြုံးမျက်နှာ အငိုလွှမ်းအောင်
စွမ်းဆောင်ပြုမူ လုပ်ရက်သည့်သူ
အဘယ်မေ့အပ် စိတ်တွင်ခက်လို့
မုန်းသည်စကား နှုတ်ဖျားရွတ်ဆို
မှတ်ဥာဏ်ထဲရောက် သူ့ရိပ်ပျောက်အောင်
ကြိုးစားကျိတ်မှိတ် မေ့ဖျောက်ပစ်ရင်း
၂၀၁၃ နှစ်သစ်ပြောင်းကို
စိတ်သစ်လူသစ် နှလုံးသားသစ်နှင့်
ကျော်ဖြတ်ပန်းတိုင် ရောက်အောင်လှမ်းမည်
ငါဧ။်အသည်းကွဲပုံပြင် ဤတွင်အဆုံးသတ်စေသတည်း”……………… ။ ။
(ကိုယ်တိုင်ရေး)