Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ခင်ပွန်းချစ် ပျိုမဒီ မဟေသီ ဖြစ်စေဖို့... @ ယောက္ခမဆိုတာ...

$
0
0

“ယောက်ျားယူဖို့တော့လေ မစဉ်းစားလိုက်လေနဲ့ သူငယ်ချင်းရေ… ငါကတော့ခုနောင်တတော်တော်လေးရနေပြီ။ ဘယ်နှယ့် သားယောက်ျားလေးတွေချည်းရှိတဲ့ သူကို ယောက္ခမတော်လိုက်ကာမှ ကိုယ့်ကိုသမီးမရှိလို့ သမီးအစားရပြီး ဖူးဖူးမှုတ်ထားမလားမှတ်တယ်။ တက်တက်စင်ကိုလွဲတာပဲဟေ့။ အလုပ်ကိုအကြောင်းပြပြီး သူတို့လင်မယားက ငါ့ယောက်ျားကို ပါအပါခေါ် သွားတယ်။ ဆိုင်မှာထိုင်ပေါ့တဲ့။ သူတို့နဲ့ကူကပ်လုပ်ပေးပေါ့တဲ့။ ငါ့ကျတော့ အိမ်မှာထမင်းချက်၊ အ၀တ်လျှော်တဲ့။ တော်သေးတာပေါ့ ဟင်းကိုတော့သူတို့ကိုယ်တိုင်ချက်လို့။ စဉ်းစားကြည့်လေ ငါကအိမ်အတွက်တောက်တိုမယ်ရ ခိုင်းဖို့ ခေါ်ထားတဲ့လူတယောက်လိုလိုပဲ။ ဟွန့်ငါကလည်းအိမ်မှာ အိမ်ကျယ်လုပ်လာတာပဲ ဒီလိုလာလုပ်လို့ဘယ်ရလိမ့်မတုန်း။ မိုးရွာလို့ အ၀တ်လှန်းထားတာ သိမ်းဖို့၊ ရုတ်ဖို့ဖြစ်လာရင် သူတို့လင်မယားနဲ့သားအငယ်ရဲ့ အ၀တ်တွေချန်ထားခဲ့ပြီး ငါတို့ ၂ယောက်အ၀တ်တွေပဲ ရုတ်လာလိုက်တာပေါ့။ ကြာလာတော့ ငါ့ကိုမကြည်တော့ဘူးလေ။ နေပါစေ ဒီလောက်တော့ ပညာပြ ရမှာပဲ”

ပြောချင်တာပြောပြီးစိတ်ပေါ့သွားဟန်ရှိတဲ့ ကျွန်မသူငယ်ချင်းက ကျွန်မဧည့်ဝတ်ပြုတဲ့လက်ဖက်ပန်းကန်ကို ယူရင်း အားပါးတရတလုတ်ပြီးတလုတ် စားနေပါတော့တယ်။ သက်ပြင်းရှည်ကြီးကိုချမိတာက ကျွန်မပါ။ သူတို့ချစ်သူဖြစ်စကနေ အိမ်ထောင်မကျခင်အထိ ရန်ဖြစ်လိုက်၊ ကျွန်မကြားဝင်ဖြန်ဖြေလိုက် ပြန်ချစ်လိုက်နဲ့ လုံးလည်ချာလည် ပတ်လည်ရိုက်ရင်း ချစ်သူသက်တမ်းရင့်လာတော့ အိမ်ထောင်ပြုလို့။

အိမ်ထောင်ရှင်ဘ၀ရောက်ပြန်တော့ ခုစကားလုံးတွေ ကျွန်မဆီအလည်လာ ရင်းအပါသယ်လာပြန်တယ်။ ပြေရာပြေကြောင်း ရှင်းပြပြန်တော့လည်း “နင်မသိပါဘူး၊ နင်အိမ်ထောင်ပြုမှ ဒါမျိုးကို နားလည်လာ မှာ” ဆိုတဲ့စကားနဲ့ ကျွန်မကိုချည်လာပြန်တယ်။ ခက်တော့လည်းခက်ပါတယ်။ အဖေထက်သား တလကြီးလို့မှမရပြန်တာလေ။ အမိဝမ်းထဲကထွက်တဲ့ ညီအကို၊ မောင်နှမ၊ ညီအမတွေတောင် စိတ်ချင်း၊ စရိုက်ချင်းမတူညီနိုင်ကြမှတော့ တမိသားနဲ့ တမိသား ဆက်စပ်ရတဲ့ဘ၀တွေက ပိုလို့တောင်ဆိုးမှာပါ။ အဓိကအချက်ကတော့ များသောအားဖြင့် သမီးရှင် မိခင်တိုင်းလိုလို ကိုယ့်သမီး ကို ယောက္ခမမကောင်းကြောင်း ဇာတ်စုံခင်းလို့ဓါတ်ပြားဟောင်းတချက်လို ခဏခဏဖွင့်ပြ၊ ညည်းပြတတ်ကြလို့များ ယောက္ခမ ဆိုသောအရာက ဘယ်သောအခါမှ အစဉ်အဆက်မကောင်းခြင်း အလေ့အထကိုသက်ရောက်နေတယ်လို့  တွေးမိ ထင်မိပါရဲ့။

လူ့ဘောင်လူ့လောကမှာ သွားလာလှုပ်ရှားနေရတဲ့အခါ ယောက္ခမနဲ့ချွေးမရန်သူတွေလို အမုန်းပွားကြတဲ့ အမျိုးအစားတွေ တွေ့နေမြင်နေရသလို၊ သမီးအရင်းတမျှ စိုးရိမ်ပူပန်မှုတစုံနဲ့ အရာရာသမီး အတွက် တွေးပေးစဉ်းစားပေး၊ ညှာတာပေးတဲ့ အမျိုးအစားတွေကိုလည်း အံ့သြဖွယ်တွေ့မြင်နေရပါတယ်။ အဓိကအကြောင်းရင်းခံကတော့ မေတ္တာပေးလို့ မေတ္တာပြန်ရတယ်လို့ ကျွန်မကတော့ ထင်မိမြင်မိပါတယ်။ ကျွန်မအဖေကတော့ ယောက္ခမနဲ့ပတ်သက်ပြီး အဖြစ်အပျက်လေး တခုနဲ့ တနေ့နေ့တချိန်ချိန် ကြုံကြိုက်လာတဲ့အခါ စဉ်းစားချင့်ချိန်နိုင်ဖို့ ဦးနှောက်ထဲထိသက်ဆုံးတိုင်မြဲစေအောင် သွင်းပေးခဲ့ ဖူးပါတယ်။

သားတယောက်သာရှိတဲ့ အမေအိုတယောက်ကို ယောက္ခမတော်ထားတဲ့ အမျိုးသမီးတစ်ဦးအကြောင်းလေးပါ။ ယောက်ျားဖြစ်သူက နေ့စဉ်နေ့တိုင်း အလုပ်သွား၊ အလုပ်ပြန်နဲ့ နေ့တဓူဝကြုံတွေ့ဆက်ဆံနေရတဲ့ နာရီပေါင်း များစွာက ယောက္ခမနဲ့ချွေးမ တို့ရဲ့ ငြူစူစောင်းမြောင်းခြင်းတွေအစပြုတဲ့ တိုက်ပွဲခေါ်သံလေလားပေါ့။ သားတဖြစ်လည်း ဇနီးချောရဲ့ ယောက်ျားကောင်းကလည်း ဘယ်လိုမှညှိမရ၊ တည့်မရနဲ့ စိတ်အဆင်းရဲကြီး ဆင်းရဲနေရတာပေါ့လေ။

တနေ့တော့ ခင်ပွန်းချစ် ဇနီးသည်က ဓါတ်ရိုက်ဓါတ်ဆင်ဆရာကောင်းကောင်းနဲ့ ဆုံမိတဲ့အခါ သူ့ရဲ့ဖြစ်ကြောင်းကုန်စင်တွေ အိပ်သွန်ဖာမှောက် သွန်ချ ရင်း ဒီယောက္ခမမြန်မြန်ဇီဝိန် ချုပ်နိုင်မဲ့ ဆေးဝါးကိုမစဖို့ တောင်းဆို၊ ရယူလို့ ၀မ်းပန်းတသာ ပျော်ပျော်ရွှင်ရွှင်နဲ့ အိမ်ပြန်လာ ဆရာမှာတဲ့အတိုင်း နေ့စဉ်ကျွေးနေကျဟင်းခွက်ထဲမှာ ပေးလိုက်တဲ့ဆေးအနည်းငယ်ကို နေ့စဉ်ထည့်လို့ ဆေးပတ်ပြည့်မဲ့ တလကို စိတ်ရှည်သည်းခံအောင့်အီးပြီး ယောက္ခမစိတ်ကြိုက်ဖွယ်ဖွယ်ရာရာလေးလုပ်ပေးရှာတဲ့အပြင် မကြာတော့တဲ့အချိန် ကာလတခုမှာ လောကကြီးကထွက်ခွာရတော့မဲ့သူတယောက်ဆိုတော့ အတတ်နိုင်ဆုံးမာန်တွေကိုလျှော့ချ အချစ်တွေသာပေး လို့ အတိုင်အဖောက်ညီညီ အမေတယောက်လိုသဘောထားပြုစုလာတဲ့အခါ တဖက်က ယောက္ခမလုပ်သူ ကလည်း မေတ္တာရောင်ပြန် ဟပ်တယ်ထင်ပါရဲ့။ သမီးတယောက်လိုမြင်လာပြီး အရင်လို စောင်းမြောင်းခြင်းတွေမရှိ ပကတိအေးချမ်းတဲ့ အသိုက်အမြုံလေးအဖြစ် စဟယ်နောက်ဟယ် တိုးတိုးဖော် တိုင်ပင်နှီးနှော ပေးကမ်းစွန့်ကြဲလို့ လကုန်ရက်ရောက်ခါနီးလာတာ နဲ့အမျှ အေးချမ်းတဲ့အိမ်ဂေဟာလေး အဖြစ်ကို ရောက်မှန်းမသိရောက်လာ ခဲ့ပါတယ်။ ဒီလိုအခြေအနေ၊ အချိန်အခါရောက်မှ မယားအလိမ္မာ ဇနီးချောလေးခမျာ ယောက္ခမသေသွားမှာကို စိုးရိမ်စိတ်အပြည့်ဖြစ်လာပါတော့တယ်။ လက်ကလဲလွန်နေပြီဆိုတာ့ သံယောဇဉ်အပြည့်နဲ့ဇနီးသည်ခမျာ ဆရာကြီးဆီအပြေးသွားရတော့တာပေါ့။

ဆရာရယ်ဖြေဆေးလေးများရှိရင် ပေးပါ။ ကျွန်မယောက္ခမကိုမသေစေချင်တော့ပါဘူးဆိုတဲ့ အကြောင်းနဲ့ မိသားစုဘ၀ ပျော်ရွှင်ရပုံတွေကို ရှင်းပြလို့ ငိုယိုအကူအညီတောင်းတယ်ဆိုရင်ပဲ ဆရာက ပေးလိုက် တဲ့ဆေးတွေက ဘာအစွမ်းအာနိသင်မှမရှိ ကြောင်း၊ ပြည့်စုံသာယာတဲ့မိသားစုဘ၀ကို ရစေ၊ သိစေရန်သာရည်ရွယ်ပြီး ဒီပရိယာယ်ဆင်လိုက်ရတာဖြစ်ကြောင်း ပြောပြရှာ သတဲ့။ ဒါပုံပြင်မဟုတ်ဘူးနော်။ ကျွန်မအဖေ၊အမေတို့ခေတ်က တကယ့်အဖြစ်အပျက်အကြောင်းအရာတခု။ တဦးကမေတ္တာ၊ တဦးက စေတနာဆိုသလို။ ကိုယ့်ဖက်ကအသာစီးရစေဖို့ မာန်တပြားမှမလျှော့ပေးသေးခင် အဦးဆုံးကျွန်မကတော့ ကိုယ်နဲ့ပတ်သက်မဲ့ တဦးတယောက်ရဲ့မိခင်နေရာမှာ တခဏတာ နေရာယူပေးစေချင်ပါတယ်။ ကိုယ်ကိုယ်တိုင် ၀မ်းနဲ့လွယ်မွေးထားရတဲ့သား၊ ကြိုးစားလို့ ကျားကုတ်ကျားခဲ ပညာတွေသင်ပေးခဲ့ရတဲ့သားက ကိုယ့်ရင်ခွင်ထဲကဖယ်ခွာပြီး အိမ်ထောင်မှုပြုတော့မယ်ဆိုရင်ဖြင့် ဘယ်လောက်ပညာတတ် ဥစ္စာပေါ ရုပ်ချောနေပါစေအနည်းနဲ့အများတော့ ဟာတာတာဖြစ်သွားကြမှာ အမှန်ပါပဲ။ သူ့ဖက်ကို အနည်းငယ်ကိုယ်ချင်းစာကြည့်နိုင်ကြမယ်ဆိုရင်ဖြင့် သားရဲ့မိန်းမက သမီးတယောက်ဖြစ်လာနိုင်ပါတယ်။

ချစ်ခင်ပွန်းပြီးရင် ဒုတိယအရင်းနှီးဆုံးပတ်သက်ရမဲ့ ယောက္ခမပြသနာကို ပြေလည်နိုင်ရန် ဒီအဖြစ်အပျက်ကလေးက ထောက်ပြနိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်…ယနေ့မှစ၍သက်ဆုံးတိုင် ခင်ပွန်းချစ်ပျိုမဒီ မဟေသီတို့အတွက် နေထိုင်ရာအိမ်ဂေဟာမှာ သာယာပျော်ရွှင်ဖွယ်ကောင်းသော မိသားစုတစုကိုပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း အပ်ပါတယ်…


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>