တစ်ခါတစ်ခါ မဦးမချွတ် တွေးမိတယ် … မွေးပြီးပြီးချင်း ကျွန်တော် … တ၀ါးဝါး အော်ငို ခဲ့တာလား … တ၀ှါးဝှါး သမ်း ခဲ့တာလားလို့ပေါ့ …။ မေမေကတော့ အဖြေသိမှာပါ …။ ကျန်တဲ့ သူတွေနဲ့ ငြိချင် ငြိပါလိမ့်မည် …။ ကျွန်တော်ကတော့ မျက်ပေမှေး နဲ့ပဲ နေလုံးကို ခေါင်းမြီးခြုံတတ်သည် …။ မသိသေးလျှင် ဒါမှမဟုတ် မရှင်း သေးလျှင် ဆက်ဖတ် နိုင်ပါသည် …။
တစ်ကြိမ် တစ်လေတော့ ပဲပြုတ်အော်သံလည်း လေမတိုးပါ …. တစ်ဆိတ်ရှိ … ဈေးထဲက ကြက်သားသည် လည်း ရေမထိုးပါ ..။ သေချာတာကတော့ နေဖင်ထိုးရုံမကလို့ တစ်ကိုယ်လုံး လောင်သည် အထိ ကျွန်တော် ကတော့ ခပ်ခွေခွေပါ …။ ကမ္ဘာကြီးကို ရပ်တည်နိုင်အောင် ဖေးမထမ်းကူထားမယ့် ပညာရှင် တော့ မဟုတ်ပါ .. (မေမေ့ စကားအရတော့ ဆန်ကုန်မြေလေး တစ်ကောင်ပေါ့ ) … အဲ့သည့် ပညာရှင်တွေ လည်း အတိအကျ ကို မျက်တွင်းချိုမ့်ဝှမ်းမှာ တာတမံ ဆည်ပြီးသားပဲ ဖြစ်ဖို့ များပါလိမ့်မယ် …။ ကျွန်တော် ကတော့ ငိုက်မျဉ်းလျှက်ပဲ …။
ခပ်ရှင်းရှင်း ပြောပါမည် …။ ကျွန်တော်ဟာ တွယ်တာနေတတ်သူပါ …။ အဲ့ထက် ရှင်းအောင် ပြောရရင်တော့ ကျွန်တော်ဟာ ငပျင်း တစ်ယောက်ပါ …
ဒီနေရာမှာ …. တကယ်လို့ … ကျွန်တော့်ကို တရားချချင်သူ ပေါ်လာသည် ဖြစ်စေ … ပျင်းရိခြင်း (၆) ပါး အကြောင်းပြပြီး … ပျင်းတာလုံးဝ မကောင်းဘူး လို့ ဆုံးမချင်သည် ဖြစ်စေ … ကျွန်တော် ငြိမ်လျှက် နားထောင်ပါ့မည် … နားနှစ်ဖက်ကို အပြည့် အ၀ အသုံးချပြီးတော့ပေါ့ (လိုအပ်လျှင် မျက်လုံး မှ တပ်ကူပါ ယူပါ့မည် … ဥပမာ … အံ့သြဟန် အကြည့် … မျက်ခုံးလေးပင့် … မျက်မှောင်လေးကျုံ့) တစ်ခုတည်းသော ပါးစပ် ဖြစ်သည့် အတွက် တိတ်တိတ် ခပ်တိုးတိုး …။
အပြန်အလှန်အားဖြင့် ကျွန်တော်လည်း စကားပြောခွင့် ရမည် ဆိုပါတော့ …
(မရခဲ့ပါလျှင်လည်း နယူတန်ရဲ့ တတိယသီအိုရီ နှင့် တကွ … ဗီဒီယိုဇာတ်လမ်းထဲက ပြကွက် တွေ အတိုင်း ခပ်လေးလေး တောင်းဆိုပါ့မည် … သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှု … ဘာညာ သာရကာ … နေကြာ… ကွာစေ့ ….)
ပျင်းရိခြင်းဟာ မကောင်း ဘူးလို့ တာဝန် အပြည့်အ၀ ယူနိုင်ပါ သလား … ။ သဘာဝ အတိုင်း တိုက်နေတဲ့ လေကို စောင့်ရမှာ ပျင်းလို့ ပန်ကာတွေ အဲကွန်း တွေ တီထွင် ဖြစ်ခဲ့တာ လုံးဝ မဟုတ်ဘူး လို့ တာဝန်ယူ ပါသလား … လမ်းလျှောက်ရမှာ ပျင်းလို့ ဘီးတပ် … စက်တပ်ယာဉ်တွေ တီထွင်ဖြစ်ခဲ့တာ လုံးဝ မဟုတ်ဘူး လို့ တာဝန်ယူပါသလား … အော်ရ ပြောရမှာ ပျင်းလို့ စကားပြောစက်တွေ တယ်လီဖုန်းတွေ တီထွင်ဖြစ်ခဲ့တာ လုံးဝ မဟုတ်ဘူးလို့ တာဝန်ယူပါသလား …။ မဖြေပါနဲ့ … ဒီအတိုင်းလေးပဲ ရှိပါစေတော့ … တချို့ အရာတွေက သက်တန့်လို တစ်ခြမ်း တည်း နဲ့ ပြည့်စုံပါတယ် …. နှစ်ခုဆုံဖို့ ကြိုးစားမှ တစစီ ပျက်သွား ရတတ်တာတွေ လည်း ရှိပါတယ် …။
မှန်ရာကို ၀န်ခံရရင်တော့ နေသားတကျ နဲ့ ပုံစံခွက်ထဲက လောကကြီးကို ပျင်းနေတတ်သူပါ …။
ချစ်ခံ ရတာလည်း ဖြစ်ရိုးဖြစ်စဉ် … မုန်းခံ ရတာလည်း ဖြစ်ရိုးဖြစ်စဉ် … အမြင့် ရောက်ရတာကလည်း ဖြစ်ရိုးဖြစ်စဉ် … နှိမ့်ချ ခံရတာကလည်း ဖြစ်ရိုးဖြစ်စဉ် … ခုတုံးလုပ်ခံ ရရင်လည်း ဖြစ်ရိုး ဖြစ်စဉ် … သစ္စာဖောက်ခံ ရရင်လည်း ဖြစ်ရိုးဖြစ်စဉ် … နောက်ကျောကို ဓားနဲု့ထိုးခံ ရရင်လည်း ဖြစ်ရိုးဖြစ်စဉ် …
မြင်ရသလောက်ကတော့ ဒါတွေက လောကကြီး အတွက် ဖြစ်ရိုးဖြစ်စဉ်တွေ … အဲ့ဒါတွေကို ဘ၀ ထဲကို ချပြတဲ့အခါ … ဒါတွေ အတွက် လျှောက်နေတဲ့ ခရီးဖင့်လောက်အောင် အံ့သြခံစား မနေချင်ပါ … နေဖို့ မသင့် လို့လည်း ထင်ပါသည် … လောက ဖြစ်စဉ်တွေအတွက် အံ့သြတုန်လှုပ်နေမှာထက် ကျွန်တော့်အတွက်တော့ ပျင်းတတ်တဲ့ စိတ်လေးကိုပဲ တယုတယ မွေးထားမိပါသည် …။
ဘ၀ က မြစ်လို ကောက်တယ် ဆိုရင်တောင် ကျွန်တော်ကတော့ ဖြောင့်ဖြောင့်ပဲ လျှောက်ပ့ါမည် … ထို့ကြောင့် အရောက်မြန်နိုင်မယ်ထင်ပါသည် .. လေကြမ်းမယ်လို့လည်း ခန့်မှန်းမိပါသည် ..။ အဲ့သည့်အတွက် ပျော်ပျော်နေသေခဲပါ …။ တိမ်တိုက်တစ်ခု ရဲ့ ငွေရောင် အနားသတ်ကို လက်လွှတ်ရမှာ နှမြောမိပါတယ် …။ ပြောရင်း ဆိုရင်းပဲ ကျွန်တော် တစ်ချက် သမ်းမိပြန်ပါပြီ …။ (တော်တော် ဆိုးတဲ့ ငါပါလားနော် …)
တစ်ခါ တစ်ခါ တော့လည်း တစ်ယောက်တည်း တွန်းကန်နေတတ်ပါသည် … (ကျွန်တော် နှင့် ငပျင်း ဆိုသော သတ္တ၀ါမှာ မျိုးတူစု ဖြစ်နေတာပဲ ဖြစ်ရမည်) အဲ့သည့်အခါ … စကားလုံး နှစ်ခု နှင့် ရှုပ်ရပြန်သည် …။ Duty လား …. Responsibilities လား ….
အမှန်ကတော့ … ဘ၀ ကို ဒုတိယ ကျည်ဆန် နဲ့ပဲ မောင်းတင် ချင်ပါသည် …။ မဖြစ်မနေ ဆိုတာရယ် … စည်းကမ်း ဆိုတာ ရယ် … လူကို ဘောင်ထဲ ပစ်ထည့်ပလိုက်တာရယ် နဲ့ စာရင် … လုပ်ရိုးလုပ်စဉ် ရယ် … နည်းနာနိသျ ရယ် … စနစ်တကျလွတ်လပ်မှု ရယ်နဲ့ပဲ ပစ်မှတ်ကို အပြီး ထိမှန်ချင်သည် …။ ထို့ကြောင့် ချိန်သားကိုက် စွာ နှင့် ပစ်ကွင်း အတွက် စိတ်ထားတတ်အောင် လေ့ကျင့်ရပါဦးမည် …။ ပျင်းချင်ပေမယ့် ပျင်းမရ တဲ့ အချိန်တွေလည်း ၀မ်းနည်းစွာပင် ရှိနေပါသေးသည် …။ ထိုအခါမျိုးကိုတော့ သနားမိပါသည် ..။
ဆက်ပြောပါဦးမည် …။
“လေတံခွန် ဆိုတာ လေစုန်မှာ မပျံဘူး … လေကို ဆန်ပြီးမှ အမြင့်ကို တတ်နိုင်တာ”
အဲ့သည့်နေ့က … အဲ့သည့်နေရာမှာ … အဲ့သည့်လူကို … အဲ့သည့်စကားကြောင့်ပဲ ကျွန်တော် လှည့်ကြည့်မိရပါသည် … (လူငယ် ဆန်ဆန် ပြောရရင်တော့ ဂျိုကြည့်ကြည့်မိပုံရပါသည် … သူက ဘုဂလန့် ပြန်ကြည့်လားတော့ သဲသဲကွဲကွဲ မသိပါ) ကာယကံရှင် ကတော့ ခပ်တည်တည် နဲ့ ဆိုရိုးကြီးကို လက်ကိုင်ပြုပြီး အာဘောင်အာရင်းသန်ဆဲ …
အဲ့သည့်လူကို ရေစုန်နဲ့ အလုပ်လုပ် ရတဲ့ “သစ်မျှောလုပ်ငန်း” အကြောင်း သေသေချာချာ ရှင်းပြလိုက်ပါတယ် … မှိုင်းမိခံနေရတဲ့ ဘေး ကလူတွေကို အားနာလာမိလို့ ပါ … တကယ်တော့ စုန်စုန် ဆန်ဆန် အရေးမကြီးပါဘူး … လူတွေ မှာ ရှိတဲ့ Adaptability ဆိုတာကို အဲ့သည့်သူ မေ့နေတာပါ … ရောမမြို့ ရောက်နေတာကို အီဖယ်တာဝါ ရှာနေချင်လို့ မရပါဘူး … ကိုယ်က လေတံခွန်ကော …. သစ်လုံး ကော ဘာလို့ မဖြစ်နိုင်ရမှာလဲ … ကိုယ့်လက်ထဲ ကိုယ့် ကံကြမ္မာ ရှိနေတဲ့ ကိုယ်ပိုင်လူသားပဲဟာကို …။ မှတ်မှတ်ရရ အဲ့သည့် ညက အစောကြီး အိပ်ဖြစ်ပါသည် …။ အိပ်မက် တို့နှင့် မကခုန်ဖြစ်ခဲ့ပါ … (၀ိုင်းကြီး ပတ်ပတ် ဒူ ဝေ ဝေ)
နောက်တစ်ပိုင်းကျတော့ ….။
အကုသိုလ်ကောင်တွေ လို့ နာမည် ကပ်ခံထားရတဲ့ သူတွေကို ကျွန်တော် ကြည့်ပြီး သူတို့ မပျင်းဘူး လားတွေးမိရင်း ကိုယ်ပါပျင်းလာရပြန်သည် …။ နောက်ထပ် နောက်ထပ် … ဒီလို လူဘ၀မျိုး ဘယ်တော့ မှ မရနိုင်တော့မှာ အတွက် … သက်ဆိုးရှည်စွာ ရှင်သန်ရဦးမယ့် သူတို့ဘ၀ ကိုကြည့်ပြီး ကျွန်တော် ပျင်းတာ ဆန်းသလားဟင် …။ (ဆမ်းပါဘူး …. အရည် သပ်သပ် ထုတ်ပေးစမ်းပါ ) … ကျွန်တော်ကတော့ တစ်နေ့ တစ်နေ့ ဘယ်လို ပျင်းရမလဲ စဉ်းစားနေရတာကို ပျင်းလာနေပါပြီ …..။ ပျင်းစရာ အသစ်ရှာဖွေ တွေ့ရှိသူ အနေ နှင့် ဂုဏ်ထူးဆောင် ဆုတွေ ဘာတွေ ချီးမြှင့်ဖို့သင့်သည် … (ဒါပေမယ့်လည်း ပျင်းလွန်းလို့ ယူဖြစ်မလားတောင် မသေချာ)
ခေါင်းတော့ မူးချင်နေပါပြီ …။ ဒါပေမယ့်လည်း လက်မလျော့တတ် သူများက အကောင်းဆုံး (ဟု သူတို့ အတွက် ထင်ရသော) စကားလုံးနှင့် ကျွန်တော့်ကို ဆုံးမကြပြန်ပါသည် …။
“လူဆိုတာ ကိုယ့်သမိုင်းကိုယ်ရေးနေရတာ … မင်းကော မင်းသမိုင်းကို အကောင်းဆုံး မရေးချင်ဘူးလား”
ထိုစကား သည် တော်တော် ထိရောက်သည် …။ အိပ်ယာ (အိပ်ရာ ။။။ မသိတော့ဘူး တော်ပြီ) မှ ချက်ခြင်း ထထိုင်သွားစေသည် … ဒါပေမယ့် ခပ်အေးအေး တော့ စဉ်းစားမိသည် … လူတိုင်းက ကိုယ့်သမိုင်းကိုယ် ကို ရေးခွင့်ကော ရှိလို့လား …
တကယ်ဆိုရင် ဘယ်သူမှ ကိုယ့်သမိုင်း ကို ကိုယ်တိုင်မရေးနိုင်ကြပါဘူး … ကိုယ့် ရဲ့ သမိုင်းကို ကိုယ့်ပတ်ဝန်းကျင် အပေါ် ကိုယ့် ရဲ့ ရှင်သန်ပေးနိုင်မှု ကပဲ ရေးပေး နေတာပါ …
ဒါဆို ကိုယ်ကကော …
“ကိုယ်” က အဲ့သည့်စာမျက်နှာရဲ့ “သမိုင်းအယ်ဒီတာ” တစ်ယောက်ပဲ ဖြစ်ခွင့် ရှိနေပါတယ် … ဆက်မပြောတော့ပေမယ် ဆက်တွေး နိုင်ပါတယ် … ကျွန်တော်ကတော့ ဆက်အိပ်ပါဦးမယ် ….
မဖြစ်မြောက်လိုက်ပါ ….
“သူများတွေလို အမြင့်ကို မရောက်ချင်ဘူးလား” ဆိုသည့် ဒုတိယ တိုက်ကွက်က ကျွန်တော့်ကို ထပ်နှိုးပြန်သည် …
ကိုယ်တိုင် အားထုတ်မှုနဲ့ အမြင့် တစ်နေရာ ရောက်ရတာ ပြီးတော့ … ၀န်းကျင် … အသိုင်းအ၀ိုင်းက လူတွေ နိမ့်သွားလို့ပဲ ဖြစ်ဖြစ် … နိမ့်အောင် နှိမ့်ချ နင်းချေ ပလိုက်လို့ပဲ ဖြစ်ဖြစ် … ကိုယ်က မြင့်သွားတာမျိုး … နှစ်မျိုး တော့ မျက်စိထဲမြင်ပါသည် …။ ထို့ အတွက်ကြောင့်လည်း ဟစ်တလာ လက်သစ် မဖြစ်ချင်ပါ …။ ကိုယ်မြင့် ဖို့ သူများကို နင်းရမှာ ၀န်လေးပါတယ် … (ပျင်းတာလည်း ပါပါသည်) ဘယ်သူ့မှ မကြည့်ဘဲ ကိုယ့်ဘာသာကိုယ်ပဲ ကြိုးစားကြည့်ပါဦးမည် …။ ကျွန်တော့်ကို မေးခွန်းထုတ် ကြပြန်ပါသည် …။ အဖြေကတော့ ရှင်းပါတယ် … အမြင့် တတ်ဖို့ သာမဟုတ် … အကျသက်သာ … အဆင်း လွယ် နိုင်အောင်လို့ လို့ အားရပါးရဖြေ … ကျွန်တော် စီးပွားဖြစ် လှေကား ငှားစားပါတော့မယ် ….။
ပြောရဆိုရခက်တဲ့ ကောင် …
ခေါင်းမာတဲ့ကောင် …
ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်နေတဲ့ကောင် …
ဘာမှ ဖြစ်ထွန်းလာမှာ မဟုတ်တဲ့ကောင် …
….. ကောင်
…. ကောင်
…. ကောင်
….. ကောင် …..
ကျွန်တော်လည်း ဘာပြောရမှန်းမသိ ခပ်ကျိတ်ကျိတ်လေးပဲ ရယ်မိပြန်သည် …။ အဖြစ်က …
လောကကြီးနဲ့ အံဝင်အောင်နေတော့ လူတွေနဲ့ ဂွင်မကျ … လူတွေနဲ့ ဂွင်ကျအောင်နေတော့ လောက ကြီး နဲ့ အံမ၀င် …. စဉ်းစားကြည့်မိတော့လည်း ဆရာမင်းခိုက်စိုးစန်ရဲ့ စာသားတစ်စ ခေါင်းထဲ လက်ခနဲ …
“မသိမ်းပိုက်သူဟာ အရာရာကို အောင်နိုင်တယ်”
ထို့ကြောင့် သီချင်း တစ်ပုဒ်ကို စာသားထပ်ဖြည့်ပြီး ခပ်ကျယ်ကျယ် အော်ဆိုပါသည် …
♪♫ ငါဟာ အားလုံးရဲ့နောက်မှာပါ ♪ ♫
♪♫ ငါဟာ နှိပ်မရတဲ့ ခလုတ်တစ်ခုပါ ♪ ♫
♪♫ ငါဟာ အိပ်ကပ်မရှိတဲ့ သုည လေး တစ်လုံးပါ ♪ ♫
♪♫ ငါဟာ ကျောရိုးမပါတဲ့ ၀ါရှာ အလွတ်တစ်ခုပါ ♪ ♫
ဘယ်လို မြင်လဲဟင် …..
ဘာလိုမှ မြင်မနေပါနဲ့ …. ဒါကြီးကိုက ပြန်မနွေးရသေးတဲ့ အဆာပြေ မှတ်စု တစ်ခွက်ရယ်ပါ …
(အဲ့သည့်ည က ဆားခပ်ဖို့ လည်း တမင်မေ့ထားခဲ့ဖူးတာပါ)
တကယ်တော့ ကျွန်တော်က ….
လေအဟုန်တွေ လာလာ တိုးကာမှ ကိုယ့်ကိုယ်ကို တောင်ပံ တစ်ခြမ်းဖြစ်နေမှန်း …..
သိ … … … … … … … … …
ခဲ့ … … … … … … …
ရ … … … … …
တာ … …
ပါ …
MgKaung
၁၅ ခုစာ ချန်ကာ ၁၂ နာရီကို အပိုင်သိမ်းဖြစ်သည်