ကြားရတဲ့သတင်းစကားတခုက စိတ်မကောင်းစရာဇာတ်လမ်းတပုဒ်လိုပါပဲ။ ဘ၀ခရီးလမ်းအချိုးအကွေ့တွေက ခပ်များများရယ်မို့ သတိထားစရာ လျှို့ဝှက်မှတ်တိုင်တခုကို တွေ့မြင်လိုက်ရသလို အတုယူဆင်ခြင်ဖို့ရာသာ သတိထားရမလိုပင်…
စာရေးသူနေထိုင်ရာ နယ်မြို့လေးမှဖြစ်ရပ်မှန်လေးတခုပေါ့။ သားတယောက်သာရှိတဲ့ မိသားစုမှာ ကျွေးမွေးပြုစု စောင့်ရှောက် ခြင်းတွေကောင်းခဲ့လေတော့ တဦးတည်းသောသားလေးက ပညာတတ်ဘွဲ့ရအဖြစ် အသီးအပွင့်တွေဝေဆာမြိုင်လို့။ ၀န်ထမ်း ဘ၀ရောက်လာပြန်တော့ မိဘတွေကို တလှည့်ကျွေးမွေးပြုစုရင်း ချောင်ချောင်လည်လည် စားနိုင်သောက်နိုင် လူတန်းစေ့ နေနိုင်တဲ့ဘ၀နဲ့ အေးအေးဆေးဆေး ဖြတ်သန်းလာကြရင်းက သားဖြစ်သူကအလုပ်တာဝန်နဲ့ နယ်ပြောင်းဖို့ဖြစ်လာပါလေရော။ ပြောင်းတော့လဲပြောင်းပေါ့။ အဖေနဲ့အမေကနယ်မှာ ကျန်ရစ်ခဲ့ကြပြီး သားကတာဝန်အရခပ်ခေါင်ခေါင် အရပ်ဒေသတခုကို ပြောင်းလဲအသက်ရှုရတော့တာပေါ့။ သားလေးကလည်း မိဘကျေးဇူးသိတတ်သူတဦးပီပီ လစဉ်ငွေကို ပုံမှန်ပို့ပေးရှာသတဲ့။ ၄၊၅လလောက်ကြာတဲ့အခါ သားဖြစ်သူက ကျေးဇူးရှင်မိဘနှစ်ပါးကို ငှက်ဖျားရောဂါရနေလို့ ကြိတ်ကုလို့မရတဲ့အဆုံး ဆေးရုံတက်နေရကြောင်းတွေတသီကြီးပြောပြလို့ ငွေလိုအပ်နေကြောင်းနဲ့ အဖေနဲ့အမေကိုအပ်ထားခဲ့တဲ့ ဆိုင်ကယ်ကို ရောင်းချပြီး သားဆီလိုက်လာခဲ့ဖို့မှာရှာပါတယ်။ သို့ပေမဲ့ တဖက်ကဖုန်းနားဆင်နေရှာသူ မိခင်ပြန်ပြောပုံက ဆိုင်ကယ်မပြောနဲ့ သားလစဉ်ပေးပို့တဲ့ပိုက်ဆံတောင်၂လုံးထီ၊ ၃လုံးထီနောက်လိုက်ရတာနဲ့ မလည်တဲ့အကြောင်း၊ ကြွေးတွေတောင်တင်နေပြီ ဆိုတဲ့အကြောင်းတွေကိုသာ ဆက်တိုက်လွှတ်ပါလေရော။ စိတ်ပေါက်ပေါက်နဲ့ ထပ်ပြောလိုက်ပုံက “ သေရင်လည်း သေပါစေ၊ ငါတော့ဘာမှမတတ်နိုင်ဘူး ”တဲ့လေ။ နှုတ်ထွက်စကားတခွန်းက သိပ်ကိုကြောက်စရာကောင်းလှပါတယ်။ ၀စီဗေဒထိတိုင်းရှ ဆိုသလို ပြောတဲ့သူကမိဘဆိုမှတော့ ပိုလို့တောင်ထိရောက်သွားရှာပါတယ်။ ၂ရက်အကြာ သေဆုံးကြေးနန်းတစောင် ရောက်လာတော့တာပေါ့။ ဒီတော့မှ ယူကျုံးမရ၊ အပူလုံးကြွရတဲ့မိခင်ကို သနားရမှာကလဲ သဲတရှပ်ရှပ်နဲ့ဆိုတော့ ဇာတ်ကသိပ်နာ လွန်းရာကျပါတယ်။
စာရေးသူအနေနဲ့အတုယူဆင်ခြင်မိတာလေးတွေကတော့ နှုတ်ထွက်စကားတခွန်းကို အပူရုပ်ဖြစ်နေချိန်တွင်ဖြစ်စေ၊ စိတ်ဆင်းရဲ နေချိန်ဖြစ်စေ၊ စိတ်မပါလျှင်ဖြစ်စေ အတိတ်ကောင်း၊ နမိတ်ကောင်းကိုဆောင်သော စကားလုံးများဖြင့်သာ ကိုယ့်နှုတ်ကို အလှပဆုံး တန်ဆာဆင်နိုင်ရန်နဲ့ မိခင်ကောင်းတယောက်ဖြစ်လာစေရန် သားသမီးမှ ကျွေးမွေးပြုစုခြင်းအပေါ် ကိုယ့်ကျေးဇူးပြန် ဆပ်နေသကဲ့သို့သဘောမထားပဲ မိဘနှင့်တူသောအပြုအမူ၊ မိဘနှင့်တူသော အမူအကျင့်ဖြင့် စားကြွေးမတင်အောင် ပြန်လည် ကျေးဇူးပြုသင့်သည်ဟု ဆင်ခြင်မိပါသည်။ ယခုရေးသားတင်ပြခဲ့သော ဖြစ်ရပ်မှန်တခုက စာဖတ်သူအပေါင်းကို သံဝေဂယူနိုင်၊ ရနိုင်စေမည်ဟု ယုံကြည်မိပါသည်။ သုံးသပ်သိမြင်နိုင်ကြပါစေ။
ဗုဒ္ဓဟူးမေ