ဟိုတစ်ခါက ဘုန်းကြီးကျောင်းထဲမှာ ပေါင်တိုနှင့်လူတစ်ယောက်ဟာ ၀မ်းစာအတွက် တစ်ရက်တစ်ခါ လာတောင်းရတယ်၊ ပေါင်တိုဆိုတော့သွားလို့ကောင်းအောင် အောက်ချေမှာ သံပြားကပ်ပြီးကြိုးနှင့်စီးထားရတယ်၊ နေ့စဉ်တစ်ခါတစ်ခါ ကျောင်းထဲမှာလာတဲ့အတွက် သူသွားထားတဲ့နေရာမှာဒရွတ်တိုက်ဆွဲသွားရတာဆိုတော့ မြက်တွေပြောင်ပြီး လမ်းဖြစ်နေတယ်။
အဲဒီအချိန်အခါမှာ အထက်တာဝတိံသာနတ်ပြည်မှာလဲနတ်သမီးတွေချီးရှိနေတော့ နတ်သားတစ်ယောက်လောက် တောင့်တနေကြတယ်၊ သိကြားမင်းကို အကူအညီတောင်းတော့ အေးခဏတော့စောင့်ကြဦး-လို့ ပြောထားရတယ်၊ ဒါနဲ့ သိကြားမင်းလဲ အပူတပြင်း လူပြည်ကို ဆင်းပြီးရှာတော့ ဘုန်းကြီးကျောင်းထဲမှာတောင်းစားတဲ့ ပေါင်တိုကို သွားတွေ့တယ်၊ အော် ပေါင်တိုဟာ သေရင် တာဝတိံသာနတ်ပြည်ကို ရောက်နိုင်တဲ့ ကုသိုလ်ကောင်းမှုရှိနေပါလား၊ ဘာကြောင့်လဲဆိုတော့ ပေါင်တိုသွားထားတဲ့နေရာက မြက်တွေပြောင်ပြီးလမ်းဖြစ်နေတော့ လမ်းဖောက်တဲ့ကုသိုလ်ရနေလိုပါပဲ။
ဒီကုသိုလ်ကြောင့် သေရင် ပေါင်တိုဟာ တာဝတိံသာနတ်ပြည်မှာ နတ်သားဖြစ်ရမယ်။ ဒါကြောင့် သိကြားမင်းလဲ နတ်ပြည်ကို ပြန်သွား နတ်သမီးတွေကို ပြောပြတယ်၊ မပူပါတော့နဲ့ သိပ်မကြာခင်မှာ လူပြည်ကနေသေပြီးတော့ နတ်သားလာဖြစ်မဲ့ပေါင်တိုကို တွေ့ခဲ့တယ်လို့ ပြောပြတယ်ဆိုရင်ပဲ နတ်သမီးတွေ ယောက်ျားလာတော့မယ်ဆိုပြီး ၀မ်းသာလိုက်ကြတာ ပျော်လိုက်ကြတာ ပြောမပြနိုင်လောက်အောင်ပါပဲ။
ဒါနဲ့ အပျော်လွန်ပြီး မနေနိုင်ပဲ လူပြည်ဆင်းပြီး ပေါင်တိုကို နတ်သမီးတွေသွားကြည့်ပြီး ပေါင်တိုကြီးကို အားပေးစကားပြောကြတာ၊ သင်က နတ်ပြည်မှာနတ်သားဖြစ်မှာတဲ့ ဒီလမ်းဖောက်တဲ့ကုသိုလ်ကြောင့်လို့ နတ်သမီးတွေက ၀ိုင်းပြောကြပါတယ်။ တကယ်တော့ ပေါင်တိုဟာ လမ်းသက်သက် ဖောက်တာမဟုတ်ပါဘူး၊ တစ်နေ့တစ်ခေါက် သွားတောင်းစားရင်းကနေပြီး ဒရွတ်တိုက်ဆွဲသွားလို့ လမ်းဖြစ်နေတာပါ၊ အမှတ်တမဲ့ပါ၊ ကုသိုလ်ရမှန်းလဲမသိပါဘူး၊ အဲဒီလို နတ်သမီးတွေပြောလိုက်မှ အမှတ်တမဲ့မှ အမှတ်တရဖြစ်ပြီး အော် ငါသွားတဲ့နေရာက မြက်ပင်တွေပြောင်ပြီး လမ်းဖြစ်တယ်၊ မြက်ရှင်းပြီးသားဖြစ်တယ်၊ ကုသိုလ်ရတယ်တဲ့၊ ဒီတော့ ပေါင်တိုဟာ ၀မ်းသာလွန်းလို့ တစ်ခါမကတော့ဘူး ကျောင်းဝင်းအတွင်းကမြက်ပင်တွေပြောင်အောင်ဆိုပြီး ကုသိုလ်ရချင်တဲ့စိတ်နှင့်ခေါက်တုံခေါက်ပြန် ဒရွတ်တိုက်ဆွဲတော့တာပါပဲ၊ အဲဒီတော့ ပေါင်တို ဘာဖြစ်သွားသလဲ ပင်ပန်းလွန်းပြီး အမောဆို့ သေသွားပါလေရော့၊ အဲဒီမှာ စိတ်ဝင်စားစရာပဲ ပေါင်တိုဘာဖြစ်သွားမယ် ထင်ပါသလဲ၊ နတ်သမီးတွေ ယောက်ျားလိုချင်လို့ နတ်သမီးတွေရဲ့ဆန္ဒပြည့်ဝသွားပါသလား၊ ခေါင်းစီးလေးကို ပြန်ကြည့်လိုက်ပါ။ ကဲလွန်းတော့လွဲသွားကြတာပေါ့။ မှန်ပါတယ်၊ နတ်သမီးတွေ ပေါင်တိုသေပြီး သူတို့နေရာ တာဝတိံသာမှာ ရောက်မလာတဲ့အတွက် သိကြားမင်း ကတိပျက်တယ်ဆိုပြီး အပြစ်တင်ကြတာပေါ့၊ အဲဒီအခါမှာ ပေါင်တိုဘယ်ရောက်နေသလဲလို့ သိကြားမင်းကြည့်လိုက်တယ်၊ ပေါင်တိုဟာ တာဝတိံသာထက် တစ်ထပ်မြင့်တဲ့ ယာမာနတ်ပြည်ကို ရောက်နေတာ တွေ့သွားတယ်။ သိကြားမင်းက ငါ ကတိပျက်တာမဟုတ်ဘူး၊ နင်တို့ ကဲလို့ လွဲတာတဲ့။ ဘာကြောင့်လဲ ပုံမှန်တစ်နေ့တစ်ခေါက်ဒရွတ်ဆွဲရင် တာဝတိံသာမှာဖြစ်မယ်၊ အခုတော့ နင်တို့က ကဲပြီးသွားပြောတော့ပေါင်တိုက အကြိမ်ပေါင်းမြောက်များစွာဆွဲတာ၊ အဲဒါကြောင့် တစ်ထပ်မြင့်တဲ့ ယာမာဘုံဖြစ်သွားလို့ လွဲတာပါတဲ့။
ကဲ သတိတာ ထားကြပေတော့ ကဲသူများလွဲတတ်ပါသတဲ့။
ချမ်းမြေ့ပျော်ရွှင်၊ လုပ်ငန်းခွင်၊ နေ့စဉ်လုပ်နိုင်ကြပါစေ။
(21-12-2012)