အမေသို့ အလွမ်း
အမှတ်ရစရာ သတိရမှုများက ခပ်ဝေးဝေး ဝေးနေမှ ပုံပေါ်လာတတ်ကြတာပါ ။ နီးနေတုန်းက သူတို့ လှုပ်ရှားမှု မရှိ ဝေးကွာခါမှ တမ်းတခြင်း ၊ သတိရခြင်းတွေက ထကြွလာကြတာ သဘာဝပဲ လို့ပဲ ထင်မိပါတယ် ။ ငယ်ငယ်ကဆို အမေနဲ့ ပုံပြောတမ်း ကစားခဲ့တာလည်း အမောပါပဲ ။ အမေက အမြဲ သားငယ်-ကျနော် ပြောသမျှ မငြီးညူပဲ နားထောင်ပေးတယ် ။ ထိုစဉ်အချိန် အမေ့မျက်နှာမှာ အပြုံးပီတိနဲ့ ဖုံးလွှမ်းနေတာ ခုထိ ပြန်မြင်ယောင်မိပါတယ် ။ ကျနော်ပျော်
လို့ အမေပျော်တယ် ။ အမေအားပေးလို့ ကျနော်ပျော်ခဲ့တယ် ။ အဲ့ဒီအချိန် အမေနဲ့သား တော်တော် သဘောတွေ့ ပျော်မွေ့မိခဲ့တယ် ။ ဟုတ်ပါတယ် ခုထိ မမေ့သေးပါဘူး ။
ကျနော်ငယ်ငယ် နို့စို့အရွယ်ကဆို အမေဘယ်သွားသွား အမေ့အပါးမှာပဲ ။ ခပ်ဝေးဝေး ခရီးဆိုရင် အမေ့ခါးပေါ်က မဆင်း ။ အိမ်လည်ထွက်ပြီဆိုလည်း အမေ့ခါးပေါ်မှာပဲ … အောက်ကို မဆင်းတော့ … လမ်းလျှောက်ပြီဆိုလည်း မေမေပါရောပြီး သားလို လမ်းလျှောက်တယ် မေမေက ဘေးချဉ်း ယှဉ်လျှောက်တယ် အမေက ပထမဆုံး Training (လေ့ကျင့်) ပေးခဲ့သူပါ ။ အမေနဲ့ဆိုရင် ကျနော့်ကို လာပြီး စနောက်တဲ့သူ အားလုံးကို မကြောက်ခဲ့ဘူး ။ အမေက ကျနော့် ကို အားအပြည့်ပေးခဲ့တယ် ။ စနှောက်တဲ့သူတွေက ဒီကောင်လေး ပါဖောင်းဖောင်းလေးနဲ့ ဆိုပြီး ပါးကို ဆွဲဆွဲသွားကြတာ ။ အရွယ်ရောက် မိန်မပျိုတွေကဆို သိတယ်မို့လား ပါးကို လိမ်ပြီး နမ်းသွာတာ ။ နမ်းရုံဆို စိတ်မဆိုးဘူး ။ ပါးကို လိမ်ပြီးတော့ ဖျစ်ဖျစ်သွားတာ ။ အဲ့တော့ နာတာပေါ့ နာတော့ ငိုတယ်လေ အားပြဲကြီးနဲ့ ဝါး.. ဝါး . နဲ့ …. ။ ကျနော်ငိုတော့ အမေက သားကိုချော့တယ် .. “ငိုပါနဲ့သားရယ် .. သူတို့က ချစ်လို့စတာပါ” တဲ့ ။ မငိုပဲနေလို့မရဘူးလေ ကလေးဆိုတော့ ပါးက နုနုလေးရယ် နာတာပေါ့ ။ ခု လာပြီးလုပ်ပါ့လား အမေပြောသလိုပဲ နေလိုက်မှာပေါ့ . ။ အဲ့ဒါက ကျနော်ငယ်ငယ် နို့စို့အရွယ်က ပတ်ဝန်းကျင် ပါ ။
အဲ့ဒီအချိန်ငယ်ငယ်က .။ ကျနော် ကျောင်း မတက်သေးဘူး ။ ဒါပေမဲ့ စာသင်နေခဲ့ရတယ် ။ သင်ရတာတွေက အများတကာကြားမှာ သုံးနှုန်းခေါ်ဝေါ်ကြတဲ့ “ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို ၊ မမ၊ ညီလေး ၊ ညီမလေး ၊ ဘဘ ၊ ဖေဖေ ၊ မေမေ ” စသည်ဖြင့် ခေါ်ဝေါ်မှု အမျိုးအစားတွေကို မေမေ သင်တယ်ပေးခဲ့တယ် ။ ကျနော်လည်း မပီကလာ ပီကလာ အသံနဲ့ လိုက်ဆိုတာပေါ့ ။ ကျနော်ဆိုတာ မှားသွားရင် မေမေက ရယ်တယ် . . ကျနော်လည်း လိုက်ရယ်မိတယ် ။ အဲ့ဒီအချိန် မေမေက သားကို ချစ်လွန်းလို့ အနမ်းပေးတယ် ။ မေမေနမ်းတော့ ကျနော် ပျော်တယ် အားရတယ် မေမေ့ကို အရမ်း ချစ်မိတယ် ။ သားမိနှစ်ယောက်တည်းနဲ့လည်း စကားဝိုင်း တခု ဖြစ်ခဲ့တယ် ။ ဘာမှမသိသေးတဲ့ လောကကြီးထဲက ကျနော် ထင်ရာမြင်ရာတွေကို အမေ့ ကိုမေးခဲ့တယ် ။ လမ်းမှာတွေ့တဲ့ သူတွေကိုတောင် “မေမေ သူတို့က ဘာလုပ်ကြတာလဲဟင် … ဘယ်ကိုသွားကြတာလဲဟင်” ဆိုပြီး တွေ့ကရာ မေးတတ်တယ် ။ မေးခွန်းတိုင်းကို အမေက သားအားရကျေနပ်အောင် ဖြေပေးတယ် ။ ထိုသို့ဖြင့် ကျောင်းမတက်သေးတဲ့ ကျနော် မေမေနဲ့ စာတွေသင်ခဲ့ရတယ် ။
သူငယ်ချင်းတွေနဲ့ ကစားတတ်ခါစ ရွာကျောင်းမှာ အတန်းတွေတက်ရမယ်ဆိုတော့ ပျော်မိသွားတယ် သူငယ်ချင်းတွေနဲ့ ကျောင်းကို သွားရမယ်ပေါ့ ဒီလိုနဲ့ ကျောင်းစတက်ဖြစ်တယ် ။ စတက်တဲ့ရက်မှာပဲ ကျောင်းမှာ ငိုတာ .. ဘာလို့လဲဆို အမေ့ကိုလွမ်းတာလေ ။ ဆရာမတွေကလည်း ချော့လို့မရဘူး ။ ဒီကလဲ ဘယ်သိမလဲ ငိုတာအရမ်းပဲ .. နောက်တော့ ကျနော့်မမကြီးက လေးတန်းဆိုတော့ သူက အိမ်ကို ပြန်လိုက်ပို့ပေးတယ် ။ အိမ်ရောက်တော့ အမေက မေးတာပေါ့ “ငါ့သားဘာဖြစ်လို့လဲ .. လဲ … လဲ” လို့ ဆိုပြီး မေးခွန်းတွေနဲ့ မေးတာပေါ့။ ကျနော် ဘာမှ မပြောပဲ အမေ့ရင်ခွင်မှာ ခေါင်းတိုးဝှေ့ပြီး မျက်နှာကို အမေ့ရင်ဘက်ပေါ်မှ အပ်ထားမိတယ် ။ နောက်တော့ မေမေ သိလိုက်တယ် “သားက အမေ့ကို လွမ်းလို့ ငိုတယ် ” ဆိုတာကို။ နောက်နေ့ ကျောင်း ပြန်တက်ဖို့ အမေက သေချာမှာတယ် . သေချာရှင်းပြတယ် . “သား ကျောင်းကို သူများတွေလို လိုက်တက်ရမယ်နော် .. ပညာတတ်အောင်သင်ရမယ် .. ပညာတတ်မှ လူ့အောက်မကျတာ”တဲ့ အမေက အဲ့လို ချော့ချော့ မော့မော့ ကျနော့်ကို ကျောင်းတက်စေဖို့ ရှင်းပြတယ်။ ဒီလိုနဲ့ ကျနော် ကျောင်းဆက်တက်ဖြစ်တယ် ။ အဲ့လိုနဲ့ ဆယ်တန်းအောင် ပြီး ရိုးရိုး အဝေးသင်ဘွဲ့လေး တစ်ခု ရခဲ့တယ်ဆိုပါတော့ဗျာ ။
“အမေဘာလို့ သားကို ကျောင်းတက်စေချင်တာလဲ ” ဆိုတဲ့ အကြောင်းကို ခုမှ သေချာနာလည်ခဲ့ရတယ် ။ ကျနော့် မေမေဟာ တောသူ ဆိုတော့ ငယ်ငယ်က တစ်တန်း(ပထမတန်း)လောက်ပဲ နေခဲ့ရတယ် ။ စာကို ကောင်းကောင်း မဖတ်တတ်ဘူး ။ တစ်ခုခု ဖတ်စရာဆိုရင် မေမေက “သား ဖတ်စမ်း” ဆိုပြီး ပေးဖတ်စေခဲ့တယ် ။ ဆေးညွှန်းတွေဆို မေမေ ကျနော့်ကို ဖတ်ခိုင်းခဲ့တယ် ။ မေမေစာဖတ်တာတွေကို ငယ်ငယ်က နားထောင်ဖူးခဲ့တယ် ။ သူဖတ်တယ်ဆိုရင် တလုံးချင်း စာသံတွေက ရှေ့ဆက်တယ် ။ စာတွေလည်း ရေးတာ သိပ်မရှိဘူး ။ တောအရပ်ဆိုတော့ စာပေက သိပ်ပြီး မကျယ်ပြန့်ဘူးလေ ။ ဒီတော့ အမေစာကိုသိပ်မဖတ်ဖြစ်ဘူး မြင်သမျှ ကြော်ငြာလောက်ပဲ သူသိလိမ့်မယ်လို့ ထင်တယ် ။
ကျနော်ငယ်ငယ်က အမေစာသိပ်မဖတ်တာကိုသိလို့ အမေ့ကို စာဖတ်ပြပေးဆိုပူဆာခဲ့ဖူးတယ် ။ အစကတော့ မေမေမဖတ်ချင်ဘူး ငြင်းသေးတယ် နောက် သားကိုချစ်တော့ မေမေ ဖတ်ပြတယ် ။ မေမေဖတ်တာတွေက ဖတ်စမရှိတော့ စာကို စိတ်ထဲက အရင်ပေါင်းပြီးမှ ဖတ်သလိုပဲ မမြန်ဘူး မချောမွေ့ဘူး ။ ဒါပေမဲ့ အမေ့စာဖတ်သံတွေအောက်မှာ ကျနော်ပျော်ခဲ့တယ် ။ တကယ်တော့ မေမေ စာကောင်းကောင်းမတတ်ခဲ့ဘူး သာမန် ကျောင်းတောင် မတက်ခဲ့ရဘူး ။ ဒီတော့ သူ့သားသမီးတွေကို ကျောင်းတက် ပညာတတ်စေချင်ခဲ့တယ် ။ နောက် အချိန်တွေ နှစ်တွေပြောင်းလဲလာခဲ့တယ် ။ ရွာမှာက မူလတန်းကျောင်းအထိပဲ ရှိခဲ့တယ် ။ ဒီတော့ တခြားအရပ်ကို ကျောင်းသွားတက်ခဲ့ရတယ် ။ အဲ့ဒီလိုနဲ့ အမေနဲ့ ခွဲနေရတဲ့ အချိန်ကစပြီး ကျနော် အမေ့ရင်ခွင်ကို လွမ်းတတ်လာတယ် ။ နောက်တော့ အကျင့်ရသွားတယ် ။ ဒါပေမဲ့ သတိရ လွမ်းဆွတ်တာကတော့ မပျောက်တော့ဘူး ။ ခုလိုဝေးနေတဲ့ အချိန်မျိုးမှာ မေမေ့ကို ပိုပြီးလွမ်းတတ်လာတယ် ။ တနေ့က ဖုန်းဆက်ဖြစ်လို့ မေမေ့ကို ပူဆာဖြစ်တယ် ။ တခါမှ စာကောင်းကောင်း မရေးတဲ့ အမေကို စာရေးပြီး သားဖတ်ဖို့ ပို့ပေးပါလို့ ပူဆာဖြစ်တယ် ။ မေမေ စာကောင်းကောင်း မရေးတတ်ပေမဲ့ မငြင်းခဲ့ဘူး ။ မေမေ မရေးတတ်တဲ့ လက်ရေးနဲ့ သားကိုချစ်လို့ သားကိုလွမ်းလို့ ဆိုပြီး စာတစ်စောင်ရောက်အောင် ပို့ပေးခဲ့တယ် ။ အဲ့ဒီစာကို ကျနော် တန်ဖိုးထားတယ် ။
ထိုစာရောက်တဲ့ အချိန် ကျနော် ဖတ်မိတော့ မျက်လုံးအိမ်အတွင်းမှာ မျက်ရည်အပြည့်နဲ့ ပါ ။ အမေရေးပေးတဲ့ စာမျက်နှာပေါ်မှာလည်း အမေ့မျက်နှာ ထင်ဟပ်နေတယ် ။ အမေ့ကို ကျနော်လွမ်းတယ် ။ ကျနော်သတိရတယ် . ကျနော် အမေ့ကို ချစ်တယ် ။ ထိုအချိန်မှာ ကျနော့်ရင်ခွင်က တုန်ခါမှုတွေနှင့် အတူ ဆည်းလည်းသံညံသွားတာပါပဲ ။ အမေရေးပို့လိုက်တဲ့ စာတမျက်နှာကို ကျနော့အတွက် အမှတ်တရအဖြစ် မပျောက်ပျက်အောင် သိမ်းထားပါတယ် ။ ခုလည်း အမေ့ကို လွမ်းလို့ ရေးရင်း အမေ့စာလေးကို သတိတရ အမြဲလိုလို ကြည့်ဖြစ်ဖို့ဆိုပြီး စကန်ဖတ်ပြီး တင်ထားတာ မိတ်ဆွေလည်း ဖတ်ကြည့်ပေးပါလား နော် … ။
အဲ့ဒါ ကျနော်ချစ်တဲ့ ကျနော့် အမေလက်ရေးလေးပါ ။
ကျနော့်အတွက်တော့ ကမ္ဘာကျော်ပန်ချီကားတွေထက် ပိုတန်ဖိုးထားပါတယ် ။ အမေဟာ အမေပဲမို့ နှိုင်းယှဉ်စရာ မရှိဘူးလို့ ယူဆထားခြင်းပါ ။ အမေဟာ ကျနော့်နှလုံးသားမှာ အမြဲ အသက်ရှင်ရပ်တည်ပါတယ်။ အမြဲတစေ အမေ့အတွက် ဆုတောင်းပေးနေမိတယ် ။ ညအိပ်ရာဝင်တိုင်း ရှိခိုး ဦးခိုက်မိတယ် ။ ဒီလိုလဲ နှုတ်စိတ်က ဆိုဖူးတယ် “အမေ အစဉ်ကျန်းမာပါစေနော် ။ သားကိုသတိရရင်လည်း သားပြုံးပျော်နေတယ်လို့ အမြဲမှတ်ပေးပါနော်” လို့ အမြဲပဲပေါ့ ..။
အမေဟာ ကျနော့ စိတ်ဝိဥာဉ်မှာ ထာဝရ ရှင်သန်နေမှာပါ ။ အမေ……………………