သတိဉ္စာဟံ ဘိက္ခဝေ သဗ္ဗတ္ထကံ ၀ဒါမိ (ငါဘုရားသည် သတိကို နေရာတိုင်း အလိုရှိအပ်သောတရားဟူ၍ ဟောတော်မူ၏) လို့ မြတ်စွာဘုရားဟောထားတယ်မဟုတ်လား၊ ဒါကြေင့် သတိဟာ ဈာန်တရား မဂ်တရားစသောဓမ္မရေးရာ၌ဖြစ်စေ လောကရေးရာ၌ဖြစ်စေ နေရာတိုင်းအခါမလပ် အမြဲလိုအပ်အပ်သောတရား၊ မပါလျှင်မပြီး မရှိလျှင် မဖြစ်သောတရားဖြစ်ပါတယ်၊ သတိလစ်ဟင်းလျှင် လစ်ဟင်းသည်နှင့်အမျှ ဘေးဒုက္ခမျိုးစုံကို တွေ့ကြုံ ခံစားရတာဟာ နေရာတိုင်းမဟုတ်လား။
တစ်ခါက အငှါးကားစီးရင်း ကားမောင်းသမားနှင့် သတိအကြောင်းပြောဖြစ်ကြတယ်၊ ကိုယ့်နေရာလဲရောက်တော့ ကားပေါ်ကဆင်းတဲ့အခါ အိပ်ကျန်ရစ်ခဲ့တယ်၊ ဒါပေမဲ့ကိုယ်ပြောလာတာ သတိဆိုတော့ ဘယ်လိုပြန်တောင်းရမှန်းမသိ ရှက်မိတယ်၊ သို့သော် ကားဆရာက တော်ပါပေတယ်၊ ဆရာ သတိပြောလို့ အိပ်မေ့နေရစ်တယ် ပြန်လာပေးတာပါတဲ့ ရှက်စရာဖြစ်ရပ်လေးပါ။ ဒီလို သတိလစ်ဟင်းမှု့ကြောင့် ဆုံးရှုံးရသောဖြစ်ရပ်မျိုးက ရေတွက်မပြနိုင်လောက်အောင် များလှပါပေတယ်၊ ဒါကြောင့် သတိမေ့လျော့၍ ဒုက္ခရောက်ရပုံ သတိရှိ၍ ဒုက္ခမှ ကင်းလွတ်ရပုံတို့ကို လူတိုင်းလူတိုင်း ကိုယ်တိုင်တွေ့ကြုံဘူးကြသူချည်းသာဖြစ်ပါတယ်၊ လောကထဲမှ မတွေ့ကြုံသူဆိုတာ မရှိပါဘူး။
အထက်ပါ ဘုရားရှင်ရဲ့တရားတော်ကို ထောက်ရှုက သတိသည် ပိုသည်မရှိ လိုသည်သာရှိနေပါမည်မဟုတ်ပါလော။
ဟင်းလျာဟူသမျှတို့၌ ဆားကို လိုအပ်သကဲ့သို့လည်းကောင်း မင်းရဲ့အမှုကိစ္စမှန်သမျှတို့၌ ကျွင်းကျင်လိမ္မာသော အကြံပေးဝန်ကြီးလိုအပ်သကဲ့သို့လည်းကောင်း သတိဟာ လူတစ်ယောက်ရဲ့လုပ်ငန်းကိစ္စတိုင်း အရာရာတိုင်းမှာ လိုအပ်တယ်ဆိုတာ သိသာထင်ရှားလှပါတယ်။
သတိအရေးကြီးလွန်းတဲ့အတွက်ကြောင့်လဲ မြတ်စွာဘုရားက မကြာခဏ သတိမမေ့ကြနဲ့ သတိမမေ့ကြနဲ့လို့ အမြဲတမ်း ဆုံမလေ့ရှိပါတယ်၊ ကုသိနာရုံအင်းကြင်းရဂုံမှာ နောက်ဆုံးထွက်သက် ရောက်ခါနီးလေးမှာတောင် အပ္ပမာဒေန သမ္ပာဒေထ(သတိတရားနှင့်နေခဲ့ကြ)-လို့ နောက်ဆုံးမှာပြီးမှ ဘာစကားတစ်ခွန်းကိုမျှ မပြောတော့ပဲ ပရိနိဗ္ဗာန်စံဝင်သွားခဲ့တာမဟုတ်လား။
ဒါကြောင့် လူတိုင်းလူတိုင်းဟာ သတိတရားလက်ကိုင်ထားရင် ဘေးဒုက္ခ အမျိုးမျိုးမှ လွတ်မြောက်ပြီး ကောင်းကျိုးချမ်းသာများဖြင့် ပြည့်စုံကာ နောက်ဆုံး နိဗ္ဗာန်ပန်းတိုင်ဝင်ရောင်နိုင်မှာဆိုတာ သေချာပါကြောင်း တင်ပြရတယ်။
သုခီ ဒီဃာယုကော ဘ၀။ (၂၄-၁၂-၂၀၁၂) နံနက် ၄ နာရီခွဲ