ရေတက်ချိန်ဖြစ်သဖြင့် မြစ်ရေသည် ကမ်းလျှံနောက်ကျိနေသည်။ လေပြေကတော့ လတ်လတ်ဆတ်ဆတ်…။လေးလံရှုတ်ထွေးနေတဲ့စိတ်တွေ ပေါ့ပါးသွားအောင် ခဲတစ်လုံးကောက်ပြီး ရေထဲသို့ အားကုန်လွှဲပစ်လိုက်သည်။
“ ပလုံ ”
ခဲသာရေထဲကျသွားတယ်..။ စိတ်ကလေးလံရှုတ်ထွေးဆဲ….။ အိပ်မက်အလင်းတို့သည် မှုန်ရီဝေဝါး….။ဘာခံစားချက်မှ မရှိခြင်းသည် ကြီးမားတ
ဲ့ခံစားချက်ပင်ဖြစ်ကြောင်း ကျွန်တော် ရိပ်မိလာသည် ။ မျက်လုံးကိုမှိတ်ကာ လေ
ကို အားရပါးရ ရှူရှိုက်လိုက်ပြီး သက်ပြင်းချသံဆန်ဆန် ပြန်မှုတ်ထုတ်လိုက်သည်။
“ရှင်က ကဗျာဆရာလား”
ဘယ်အချိန်ကရောက်နေမှန်းမသိတဲ့ မိန်းကလေးတစ်ယောက်၏ အသံကြောင့် လည်ပြန်မော့ ကြည့်မိသည်။ Bodyလှလှ၊ ရုပ်ချောချော၊ အသားညိုညိုနှင့် စိတ်ကိုခန့်မှန်းရခက်သော မျက်ဝန်းစိုစိုဖြင့် မိန်းကလေး….။
“ဘာလို့ ဒီလိုမေးရတာလဲ”
“ရှင့်လက်ထဲက ကဗျာစာအုပ်ကြောင့်… ပြီးတော့ ရှင့်ရဲ့ တွေးတောငေးမောနေတဲ့ ပုံစံကြောင့်”
မြစ်ပြင်ကို ငေးကြည့်ရင်း ခဏလောက်ငြိမ်သက်မိသည်။
“ကဗျာဆရာတော့မဟုတ်ပါဘူး..ကဗျာမြတ်နိုးသူပဲဆိုပါတော့…ကဗျာတွေကိုတော့ ကြိုးစားရေးသားဆဲပါ”
“မဂ္ဂဇင်းလေးဘာလေး ပို့ကြည့်ပေါ့”
သူမက ကျွန်တော်နှင့်ခပ်လှမ်းလှမ်းမှာ ဝင်ထိုင်လိုက်သည်။
“ကျွန်တော်က မဂ္ဂဇင်းအယ်ဒီတာအချို့ကို အယုံအကြည်မရှိဘူးဗျ…ကိုယ့်အသွေးအ သားနဲ့ရေးထားတဲ့ ကဗျာတစ်ပုဒ်ကို သူတို့ခံစားလို့မရရင်၊ မကြိုက်ရင်၊ နားမလည်ရင် ဒါမှမဟုတ် သူ့မိတ်ဆွေကဗျာဆရာတစ်ယောက်နဲ့ ယှဉ်ရွေးရတော့မယ်ဆိုရင် ကျွန်တော်တို့လို ကလောင်သစ်တွေ က အပယ်ခံခဲ့ရတာပဲမဟုတ်လား”
“အဲဒီလိုမျိုးကြီးတော့လည်း မဟုတ်လောက်ပါဘူး”
“ဘာလဲ ခင်ဗျားကပို့ဖူးလို့လား”
“ပို့တော့မပို့ဖူးပါဘူး…ဝေ့အဖေက မဂ္ဂဇင်းတစ်ခုမှာ အယ်ဒီတာအဖွဲ့ဝင်တစ်ယောက်ဆိုတော့ နည်းနည်းတော့သိတာပေါ့”
“သြော်…ဒါကြောင့် မင်းကအယ်ဒီတာတွေဘက်က ဝင်ပြောနေတာကိုး”
“အဲဒီလိုတော့မဟုတ်ပါဘူး…ရှင်ပြောတဲ့ အကြောင်းတွေကိုတော့
ဝေလည်းကြားဖူးပါတယ်..ဒါပေမဲ့ တကယ်ရိုးသားပြီး စာပေ့မျက်နှာကိုပဲကြည့်တဲ့ အယ်ဒီတာ အချို့လည်း စာပေလောကမှာ ရှိသေးတယ်ဆိုတာတော့ ရှင်သိစေချင်တယ်”
“အင်း…ဒါတော့လက်ခံပါတယ်….ဒါနဲ့ မင်းနာမည်က ဝေတဲ့လား”
“အင်း..ခိုင်ဇင်ဝေ…ရှင့်နာမည်ကရော”
“စည်သူ”
“ဒီလိုပဲ ကမ်းနားကို အမြဲလာတတ်လား”
“ညနေတိုင်းလာတယ်…ပြီးရင်နေဝင်မှပြန်တယ်…ဒီမှာ လေသန့်သန့် ရှူလို့ရတယ်..ကဗျာတွေ လွတ်လွတ်လပ်လပ်ရွတ်လို့ရတယ်..အဘွားရဲ့ဆူငေါက်သံကို မကြားနိုင်ဘူး..ပြီးတော့ …ဒီမြစ်နဲ့လည်း ရည်းစားလုပ်တမ်း ကစားလို့ရတယ်”
သူမက ရယ်ပါတယ်။ ရယ်သံတစ်ဝက်နဲ့ပဲ…
“ရှင်က ကဗျာဆရာလို့မပြောရဘူးနော်.တော်တော်ရယ်ရတဲ့လူပဲ”
“ဘာလဲဗျ…ရယ်ရတယ်ဟုတ်လား..ခင်ဗျားက ကဗျာဆရာတွေကို လူပြက်တွေလို့ပြောချင်တာလား”
“မဟုတ်ပါဘူးရှင်..မဟုတ်ပါဘူး..ဝေ့အဖေကလည်းကဗျာဆရာ..ဝေကလည်း ကဗျာချစ်သူဆိုတော့ အဲဒီလိုမျိုးကို မပြောရက်ပါဘူး..ကိုစည်သူကို ခင်လို့ စနောက်ကြည့်တဲ့ သဘောပါပဲ..ကိုစည်သူမကြိုက်ရင် နောက်မပြောတော့ပါဘူး..ဝေ မှားသွားရင် တောင်းပန်ပါတယ်”
ကျွန်တော် သူမကို နည်းနည်းအထင်ကြီးမိသွားတယ်။ ကိုယ့်အမှားသိလျှင် ချက်ချင်းဝန်ချ တောင်းပန်တတ်တဲ့ သူ့ရဲ့စိတ်နှင့် ကဗျာကိုချစ်တယ်ဆိုတဲ့ သူ့စကားလေးကြောင့် သူ့ကို သဘောကျမိတယ်။ ကျွန်တော်တို့နှစ်ယောက် ဒီနေ့မှစတွေ့ကြပေမဲ့ ငယ်သူငယ်ချင်း နှစ်ယောက်ပမာ စကားတွေများစွာပြောပြီး နေဝင်မှ အိမ်ပြန်ခဲ့ကြသည်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ချစ်သူ….
ရဲရင့်ပွင့်လင်းတဲ့ နင့်ပြုမူပြောဆိုဟန်တွေက ငါ့နှလုံးသားကို ဓားသွားကဲ့သို့ ရှသည်။
အပြစ်အနာအဆာအရှိတဲ့ ပန်းတစ်ပွင့်ရဲ့ ပထမဦးဆုံးပွင့်ဖတ်လေးဟာ နင့် ရယ်သံကြောင့် ကြွေကျသွားတယ်….
ပြုံးစမ်းပါ ဝေ…
နင့်အပြုံးတွေက ပန်းတွေကိုပွင့်ဝေစေတာကြောင့် ကမ္ဘာမြေတခွင်လုံးရှိ ပန်းအဖူးအငုံ တွေအကုန် ပွင့်လန်းလာအောင် အကြိမ်တစ်ရာမက ပြုံးပြလိုက်စမ်းပါ ဝေ….
အဲဒီ ပန်းအဖူးအငုံတွေကြားထဲက ငါဟာ “အစောဆုံးပွင့်တဲ့ပန်း” ဖြစ်ချင်နေတာ ငါ့ရဲ့ ရိုးသားတဲ့ဆန္ဒအမှန်ပါ ဝေ….
ငါ့ရဲ့ နှလုံးသားအငုံလေး ပွင့်လန်းလာအောင် နင့်အပြုံးများနဲ့ ဆွတ်ဖျန်းဖန်ဆင်းပေးပါ ဝေ…….
( ၂ )
မြစ်ရေသည် အဝါရောင်ဆန်ဆန် နောက်ကျိမှုများနှင့် တည်ငြိမ်စွာ လှပနေသည်။ ဗေဒါတွေ၊ ဒိုက်တွေ မျောနေခြင်းသည် ပန်းပန်ထားသော မိန်းမလှတစ်ယောက်ပမာ ကြည့်ကောင်းလွန်းသည်။ သူမသည် အဝါရောင်ဝမ်းဆက်နှင့် ကျက်သရေရှိစွာ ချစ်စရာကောင်း နေသည်။ မြစ်ကမ်းဘေးတွင် သူမထိုင်နေခြင်းသည် နေကြာခင်းဘေးတွင် နှင်းဆီဝါတစ်ပွင့် ပွင့်ဝေနေသကဲ့သို့ ရှိသည်။
သူမကို “ရောက်နေတာ ကြာပြီလား” ဟု အသံပြု ပြုံးပြနှုတ်ဆက်ပြီး ဘေးနားတွင် ဝင်ထိုင်လိုက်သည်။ ထိုင်လည်းပြီးရော…
“ကိုစည်သူ…ကဗျာတွေကို ဘယ်အချိန်လောက်ကစပြီး ”
“အင်း…(၇)တန်းနှစ်လောက်ကပေါ့…ကျွန်တော့်ကို မိန်းကလေးသူငယ်ချင်း တစ်ယောက်က ဆရာတက္ကသိုလ်မင်းမော်ရဲ့ သူငယ်ချင်းကဗျာစာအုပ်လေးကို မွေးနေ့လက်ဆောင်အဖြစ် ပေးတဲ့နေ့က စတော့တာပဲ..အဲဒီထဲက ကဗျာတွေဖတ်ပြီး အဲဒီလို ပုံစံတူတွေတောင် လျှောက်ရေးခဲ့ဖူးသေးတယ်…ဖြတ်ညှပ်ကပ်ပေါ့…ရေးပြီးတော့ သူငယ်ချင်း တွေကို ငါရေးထားတဲ့ကဗျာဆိုပြီး လျှောက်ပြတာပေါ့…သူတို့ကလည်း ကောင်းတယ်ဆိုတာချည်းပဲ…ကျွန်တော်လည်း Feel တွေတက်ပြီး အဲဒီကစလို့ ကဗျာတွေ စရေးဖြစ်တော့တာပဲ…အဲဒီတုန်းကတော့ ကဗျာကို ငုံထားမတတ်ပဲ..ခုတော့ဖြင့် မျိုချမိသွားလို့ နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာကို ရောက်သွားပြီ”
“သြော်…”
“ဝေ့ကိုကျွန်တော်ရေးထားတဲ့ ကဗျာတစ်ပုဒ်ရွတ်ပြမယ်..အရင်တုန်းကတော့ ကျွန်တော်ရွတ်ပြသမျှ ကဗျာတွေအားလုံး ဒီမြစ်ကပဲ ဒိုင်ခံနားထောင်ရတာပေါ့ ခုတော့ အဖော်ရသွားပါပြီ”
“အင်း”
ဝေက ပြုံးပြီး ခေါင်းညိတ်ပြသည်။
“ကဗျာနာမည်က “My moon”တဲ့ သေချာနားထောင်နော်”
“နင်ပြောချင်ရင်
ငါ နားထောင်နေမယ်လေ…
နင်မကြားချင်ရင်လည်း
ငါ မပြောဘဲနေမှာပေါ့…..
နင်လာမယ်ဆိုရင်
ဝမ်းသာတာပေါ့နော်…
နင်ပြန်မယ်ဆိုတော့
မတားရက်ပါဘူးကွယ်…
နင်ဟာ ငါ့ရဲ့လတစ်စင်းဆိုတော့
လပြည့်ညရှိသလို
လမရှိညတွေလည်း ရှိမယ်ဆိုတာ
ငါ သိပါတယ်လေ….။ ။”
ကဗျာဆုံးတော့ ဝေက ဝမ်းသာအားရ လက်ခုပ်တီးရှာသည်။ သူ့မျက်ဝန်းမှာ ကျွန်တော့်ကို အထင်ကြီးသော အရိပ်တစ်ခု ဖြတ်ပြေးသွားတာ မြင်လိုက်ရသည်။
“အရမ်းကောင်းတာပဲ နူးညံ့ပြီး ကဗျာပီသတယ်
ချစ်သူအပေါ်ထားတဲ့ စိတ်ထားပျော့ပျောင်းမှု၊ အလိုလိုက်မှု
အချစ်စစ်လို့ နားလည်ပေးနိုင်မှု အဲဒါတွေကို
ကဗျာထဲမှာ တွေ့ရတယ် ကိုစည်သူ တစ်နေ့အောင်မြင်လိမ့်မယ်လို့
ဝေတော့ အပြည့်အဝ ယုံကြည်တယ်…”
“ဟား…ဟား…ဟား…အဲဒီလောက်ကြီးလည်း မြှောက်မနေပါနဲ့ဗျာ
ကျွန်တော် မနေတတ်တော့ဘူး”
“ဝေကတော့ အရှိကို အရှိအတိုင်းပဲ လက်ခံပြီး ကောင်းရင်ကောင်းတယ် မကောင်းရင်
မကောင်းဘူး တည့်တည့်ပဲပြောတတ်တယ် ဆရာမကြီးတော့ မဟုတ်ဘူး ဒါပေမဲ့ ဆရာကြီးရဲ့သမီး သိတယ်မှတ်လား”
“ဟား..ဟား..ဟား…!”
ကျွန်တော်တို့နှစ်ယောက်၏ ရယ်သံများသည် မြစ်တွင်းသို့ ပဲ့တင်၍ လှိုင်းကြက်ခွပ်လေးများပင် ရေပြင်တွင် လျှပ်ပြေးသွားသည်။ နေမင်းက အနောက်ဘက်ရှိ သစ်ပင်တန်းများအကြား တစ်ဝက်ကျော် နစ်မြုပ်နေလေပြီ….မကြာမီ နေဝင်တော့မည်…
အတွေးကွန်ရက်ထဲတွင် သူမက ထိုနေမင်းကို ဝင်မသွားရန် အောက်ခြေမှ တုတ်များဖြင့် ဝင်ထောက်ပေးနေသည်။ ကျွန်တော်က နေမင်း၏ ထိပ်ကို ကြိုးနဲ့ချည်ပြီး မိုတိမ်တစ်ခု၏ အစွန်းတစ်ဖက်နှင့် တက်ချည်ပစ်လိုက်သည်။ အမှန်တကယ်ကိုပဲ ထိုညနေက တော်တော်နဲ့ နေမဝင်ခဲ့ဘူးလေ……။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကျေးဇူးပြု၍ နေ့တစ်နေ့ရဲ့ နောက်ဆုံးအချိန်တိုင်းမှာတော့ ငါနဲ့အတူ ရှိနေပေးပါ ဝေ…
ဘာမှ မသေချာလှတဲ့ လောကထဲမှာ မင်းအချစ်ကို အမြန်ဆုံး စရံသတ်ဖို့ ငါ့နှလုံးသားက တာစူနေပြီ (ဖြစ်နိုင်ရင် အကျေတောင် ချေပေးချင်တာပါ)
ဤသို့ဖြင့်……….
နေ့ဟောင်းတို့ အကြိမ်ကြိမ်ကြွေကျခဲ့ပြီး
နေ့သစ်တို့ အဖန်ဖန် မွေးဖွားပွင့်ဝေခဲ့ကြလေသည်…
ချစ်သူရေ….
ကလေးလေးတစ်ယောက် မင်းအနားမှာ သရက်သီးစိပ်တွေကို ငံပြာရည်တွေ၊ ငရုတ်သီးတွေနဲ့ တို့ပြီး အားရပါးရ လာစားပြနေရင် မင်းဘယ်လိုနေမလဲဟင်......
(မင်းအရမ်းစားချင်နေမှာပေါ့)
ငါကမင်းကို အဲဒီလိုမျိုးကိုချစ်တာ…..တကယ်…..
( ၃ )
အသက်အရွယ်တူ စိတ်သဘောထားတူ ကောင်လေးနှင့် ကောင်မလေး တို့ ညနေတိုင်း တွေ့ဆုံဖြစ်ကြရာမှ သံယောဇဉ်တို့ ရစ်ပတ်နှောင်ဖွဲ့သွားကြခြင်းမှာ သိပ်တော့ မထူးဆန်းလှပေ…။
အဲဒီနေ့က ကမ်းနားသို့ ကျွန်တော်က အရင်ရောက်နှင့်နေသည်။
လက်ထဲတွင် ညတုန်းကရေးဖြစ်ခဲ့သော ကဗျာနှစ်ပုဒ်ကို ကိုင်ကာ ကထပ်ထပ်အခါခါ ဖတ်ရှုနေမိတော့သည်။
“ဟိတ်!”
ကျွန်တော်လန့်သွားသည်။ ဝေက ဘယ်အချိန်ကတည်းက နောက်မှာ ရောက်နေလဲ မသိ။ မဟုတ်တာ လုပ်မဲ့ကောင်ဆိုတော့ မလုံမလဲတော့ ဖြစ်မိတာပေါ့..။
“ဘာတွေဖတ်နေတာလဲ”
“ကဗျာတွေပါ”
မြစ်ထဲတွင် စက်လှေတစ်စီး အဆန်ဘက်သို့ အတင်းရုန်းတက်နေသဖြင့် အင်ဂျင်သံများ ဆူညံနေသည်။ ကျွန်တော်တို့နှစ်ယောက်ကလည်း ဘာစကားမှ မပြောဘဲ ငြိမ်ငြိမ်သက်သက်….စက်လှေရဲ့ အရှိန်ကြောင့် လှိုင်းသယ်တို့သည် ကမ်းပါးသို့ ရိုက်ခတ်သွားသည်။ အသံတွေ ငြိမ်သွားတော့မှ ဝေက ခဲလုံးလေးကောက်ပြီး ရေထဲသို့ ပစ်ချလိုက်သည်။
“ပလုံ!”
ထိုအသံသည် ကျွန်တော့်ကို “အချိန်ကျပြီ ဟေ့ကောင်” ဟု သတိပေးနေသကဲ့သို့ ရှိသည်။ ဝေက…
“ကဗျာတွေ မရွတ်ပြတော့ဘူးလား”
“ရွတ်ပြမှာပေါ့..
ပတ်ဝန်းကျင်က အခြေအနေ မပေးသေးလို့ပါ
ကဲ….နားထောင်နော်..ညတုန်းကမှ ရေးထားတာ..
ပူပူနွေးနွေးပဲရှိသေးတယ် ကဗျာနာမည်က“သူငယ်ချင်း” တဲ့”
“သူငယ်ချင်း…
ရင်တွင်းသဘောထား စိတ်ပြောင်းသွား၍
ခံစားချစ်စိတ် ပိုလျှံဖိတ်ခဲ့
ဒိတ်ဒိတ်ရင်ခုန် အကြည့်ဆုံတိုင်း
မလုံမလဲ မျက်နှာလွှဲဖယ်
ရင်ထဲသိုဝှက် မေတ္တာဓာတ်ကို
သော့ခတ်၍သာ သိမ်းထားမည်…”
ကဗျာဆုံးတော့ ဝေက သေချာစဉ်းစားပြီး..
“ဒီကဗျာကိုတော့ ဝေမကြိုက်ဘူး…မပွင့်လင်းတဲ့သဘောထား ယောင်္ကျားမပီသတဲ့ လက္ခဏာတွေနဲ့ ပြည့်နှက်နေတယ်လို့ ထင်တယ် ..သူငယ်ချင်းပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ချစ်တာကိုတော့ ချစ်တယ်လို့ပြောရဲတဲ့ သတ္တိရှိသင့်တာပေါ့ မဟုတ်ဘူးလား ကိုစည်သူ”
“ဟင်…သြော်…အေး ဟုတ်တာပေါ့ ..ဟုတ်တာပေါ့..ပြောရဲရမှာပေါ့”
ကျွန်တော်လည်း ကြောင်အမ်းအမ်းနဲ့ အင်းလိုက်မိသည်။
ကျွန်တော် ပြုံးလိုက်မိသည်။မြောင်းကတော့ တူးနေပြီ။ အရှိန်နဲ့စီးဖို့ပဲ လိုတော့တယ်။
နှလုံးသားမှာ ငလျင်ကြီး၊ငလျင်ငယ်၊ငလျင်လတ် အို…ဗြောင်းဆန်အောင် လှုပ်ခတ်နေတော့တာပဲ. ဝေက နားသယ်စပ်မှ လေတိုက်လို့ လွင့်ကျလာတဲ့ ဆံနွယ်မျှင်လေးကို သပ်တင်လိုက်တယ်။ ပါးပြင်၏ ဖြူဖွေးအိသက်နေတဲ့ အလှကို ထင်ရှားစွာ တွေ့ရတယ်။ ကျွန်တော်ငေးကြည့်နေတုန်း သူက ကျွန်တော့်ကို ပြန်ကြည့်တယ်။“ဘာကြည့်တာလဲ”လို့မေးတော့“လှလို့”ဟု ပြောလိုက်မိသည်။ကြောက်တော့မကြောက်ပါဘူး။ဒီစကားက မုသားမှ မဟုတ်တာ…။
“ဝေ့ကို ကျွန်တော်ပြောဖူးတယ်လေ
တစ်ကြောင်းကဗျာတွေ ရေးဖို့
ကျွန်တော် ကြိုးစားနေတယ်ဆိုတာ”
“ဟုတ်တယ်လေ….”
“အဲဒါ ညက ဝေ့အတွက် တစ်ပုဒ်စပ်ထားတယ်
ကဗျာနာမည်က “ဝေ”တဲ့ …ရော့!.....ဖတ်ကြည့်”
ဘုမသိ ဘမသိနဲ့ ဝေက အသာအယာလှမ်းယူကြည့်သည်။ ကျွန်တော့်နှလုံးသား တစ်ခုလုံး ယူသွားသလိုပင် ခံစားမိသည်။
“ဝေ”
ချစ်တယ်…
ဝေ့မျက်နှာတွင် ရှက်သွေးဖြာသွားသည်။ ဝေ့မျက်လုံးများက ဝင်းလက်တောက်ပလို့…
ကျွန်တော့်လက်ဖျားများ နွေးထွေးအေးစက်နေသည်။ရင်ခုန်သံသည် စောစောက စက်လှေထက် ပင် အဆပေါင်းများစွာ ကျယ်လောင်နေသည်ဟု ထင်ရသည်။ ကျွန်တော်တို့နှစ်ယောက် ဒီအတိုင်း ငြိမ်သက်နေကြတာ ဘယ်လောက်ထိပင် ကြာသွားသလဲ မသိ။ သတိပြန်ဝင်လာလို့ ကြည့်လိုက်တော့ နေတောင် ဝင်လုလု….
“ဝေ…ကျွန်တော့်ကို ခွင့်လွှတ်ပါ ကျွန်တော်က အခွင့်အရေးသမားမဟုတ်ပေမဲ့ ဝေ့ကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ဒီလို ပြောမိသွားတာပါ ဝေ့အပေါ် တကယ်ချစ်မြတ်နိုးတာပါ ….ကျွန်တော့်ကို စိတ်ဆိုးသွားပြီလား ဝေ….”
ဝေက ခေါင်းကို ဖြေးညှင်းစွာ ခါရမ်းပြသည်။
“စိတ်မဆိုးပါဘူး ကိုစည်သူရယ်
မညာစတမ်း ဝန်ခံရမယ်ဆိုရင် ကိုစည်သူကို
အရင်ကတည်းက မျှော်လင့်နေခဲ့တာပါ
ကိုစည်သူကို ဝေချစ်ပါတယ်..
ဒါပေမဲ့…..”
ကျွန်တော် ဝေ့လက်ကို ဖမ်းဆုပ်ထားလိုက်သည်။ ဝေ့လက်များလည်း အေးစက်နေသည်။
“ဒါပေမဲ့ ဘာဖြစ်လဲဝေ”
“ဒါပေမဲ့ ဝေ့မှာက အမေလည်းမရှိတော့ဘူးဆိုတော့ အဖေ့ကိုပဲ အားကိုးပြီးနေထိုင် နေရတာလေ..အဖေက အမေတစ်ပိုင်း အဖေတစ်ပိုင်း ဖြစ်နေတာပေါ့..အဲဒီတော့ အဖေ့ဆန္ဒကို ဝေလည်းမလွန်ဆန်ချင်ဘူး”
ဝေသည် ကျွန်တော့်ပခုံးပေါ်သို့ အားကိုးတကြီးမှီရှာသည်။ ကျွန်တော်က သူ့ဆံနွယ်များကို ပွတ်သပ်ပေးရင်း နှစ်သိမ့်ပေးရသည်။
“ဖြစ်နိုင်ရင် ကိုစည်သူ အဖေနဲ့လိုက်တွေ့လိုက်ပါလား”
ကျွန်တော် အလွယ်တကူပဲ ခေါင်းညိတ်အဖြေပေးလိုက်မိသည်။
“အင်း….လိုက်တွေ့ပါ့မယ် နောက်အပတ် တနင်္ဂနွေနေ့ ကိုယ်အားတယ်…”
သူ့လက်ကို ကိုင်ထားတဲ့ ကျွန်တော့်လက်ကို သူမက အခြားလက်နဲ့ ဖမ်းဆုပ်လိုက်ရင်း.
“ကျေးဇူးတင်ပါတယ်..ကိုစည်သူရယ်….”
ထိုအချိန် လေတစ်ချက် လွင့် တိုက်ခတ်၍ ပန်းတွေပြိုင်တူ ပွင့်အာသွားကြသည်။
“သိပ်ချစ်တယ် ဝေရယ်…”
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဝေ….
မြေပြင်၌ ကွယ်လွန်ကြွေကျနေသော ပန်းရနံ့သည် ခရေ၏သစ္စာဖြစ်သည်။ သစ္စာခံ နှလုံးသားသည် သခင့်အတွက် အသက်ပင်ပေးဝံ့သော ခွေးပမာ အရန်သင့် ရှိနေ၏။
နှင်းပွင့်မှုန်တို့ဖြင့် စီရင်ခြယ်သခွင့်မရသော နတ်သူရူးတို့၏ ဆောင်းနံနက် ပန်းချီကားသည် အထိုက်အလျောက်တော့ မှုန်ရီဝိုးတဝါးရှိနေမည်။ နတ်သမီးဟူသည် နတ်သား၏ တစ်ထောင်သော မယားများထဲမှ တစ်ပါးသာဖြစ်လိမ့်မည်…။
ဝေ…
နင်ဟာ အဲဒီနတ်သမီးထက် လွန်စွာ မွန်မြတ်လှပသော ငါ၏ မူပိုင်အလင်းရောင် ဖြစ်သည်။ပြီးတော့ ငါ့အတွက် အရာရာ ဖန်ဆင်း…အောင်မြင်ပျော်ရွှင်မှုတွေ ဆောင်ကြဉ်းပေး ခဲ့သော တန်ခိုးရှင်….
နောက်ထပ်…အလင်းနှစ်သန်းတစ်ထောင်ကွာဝေး၍ ငါ၏ ရိုးသားသော အနုပညာလက်တို့ဖြင့် ဆွတ်ခြူဖမ်းဆုပ်၍မရနိုင်တဲ့ ပန်းတစ်ပွင့်…အို…ငါ့ရင် ပွင့်လို့ လေလွင့်တေလေတစ်ယောက် ဖြစ်သွားချင်ဖြစ်ပါစေ…နင်ပွင့်လန်း ရှင်သန်ဖို့အတွက် ငါ့အသက်၊ ငါ့ခန္ဓာ၊ ငါ့မျက်ရည်၊ ငါ့သွေးစက်၊ ငါ့ချွေးစက်တို့ဖြင့် ရင်းနှီးပေးဆပ်….
နင့်ဘဝ လှပဖို့အတွက်မို့
ငါ ကျေနပ်နေမယ် ဝေ…..
( ၄ )
ခြံဝမှာ ကျွန်တော်ရပ်နေတာ ဝေကမြင်ပြီး ခြံတံခါး လာဖွင့်ပေးသည်။
“လာ! အထဲမှာ အဖေရှိတယ်
အဖေမေးတာတွေကိုတော့ သေချာဂရုစိုက်ဖြေပါနော်”
“သိပါတယ် ဝေရယ်…”
အထဲသို့ရောက်တော့ ခေါက်ကုလားထိုင်ပေါ်တွင် “ဟားနတ်ဟဲမင်းဝေး” ရေးသားသော “The old man and the sea” ဝတ္ထုစာအုပ်ကြီးကို ဖတ်လျှက် ထိုင်နေသော ကျွန်တော့်ယောက္ခမလောင်း ကဗျာဆရာ ဦးဇော်မင်းကို တွေ့ရလေသည်။
“ကိုစည်သူ ဒီပေါ်မှာထိုင်”
ဝေပြသော ဖိုင်ဘာခုံပေါ်သို့ ရိုရိုသေသေ ဝင်ထိုင်လိုက်သည်။
“ဝေ..အအေးသွားဖျော်လိုက်ဦးမယ်နော်”
“အင်း”
ဝေအခန်းထဲ ဝင်သွားတော့မှ ဦးဇော်မင်းက ဖတ်လက်စ စာအုပ်ကြီးကိုပိတ်ကာ
“မင်းက ဘာအလုပ်လုပ်လဲ”
ဟင်…အဲဒါမှခက်ကရော..ကျောင်းကလည်းပြီးခါစဆိုတော့ အလုပ်ကလဲ ရှာမရသေး… (မလုပ်ချင်တာလည်းပါတယ်)
“အလုပ်ရယ်လို့တော့ မရှိသေးဘူးပေါ့ ဦးရယ်
လက်ရှိတော့ မိဘတွေလုပ်တဲ့ စတိုးဆိုင်မှာ ဝိုင်းကူပေးရုံပေါ့”
“မင်း.. ဦးသမီးကို ဘာကြောင့်ချစ်တာလဲ”
“အဲဒီမေးခွန်းအတွက် ကျွန်တော့်မှာ အဖြေ လုံးဝမရှိပါဘူး…”
“ဒါဆို ..ဘယ်လောက်ချစ်လဲ”
“ဦးမိန်းမကို ဦးချစ်တယ်ဆိုတာထက် ပိုတယ်”
“အေး…ဒါဆို မင်းက ငါ့သမီးကောင်းစားတာပဲ မြင်ချင်မှာပေါ့”
“ဟာ..သေချာတာပေါ့ ဦးရာ”
“ဒါဆို…ငါ့သမီးကို မင်း…စွန့်လွှတ်လိုက်ပါ”
“ဗျာ”
“ဟုတ်တယ်…ငါ့သမီးကို ဆရာဝန်တစ်ယောက်က ကမ်းလှမ်းထားတာ ရှိတယ်.. မင်းလို သာမန်ဘွဲ့ရတစ်ယောက်နဲ့ဆရာဝန်တစ်ယောက်ရဲ့ဝင်ငွေဟာ အရမ်းကွာဟလွန်းတယ်..ဒီလောက်ဆို မင်းသဘောပေါက်မှာပါ”
“ဦးက ကဗျာဆရာတစ်ယောက်ဆိုတာ သေချာပါတယ်နော်”
“သမီးနဲ့ပက်သတ်လာရင်တော့ ငါက ဗီလိန်ပဲ.. မင်းထင်ချင်သလို ထင်လို့ရတယ် ဘယ်အဖေကမှ ကိုယ့်သမီး ဆင်းရဲချို့တဲ့တာကို မကြည့်ရက်ဘူး”
“ဘဝတစ်ခုကို အချစ်မပါဘဲ ငွေနဲ့တည်ဆောက်လို့မရဘူးဆိုတာတော့ ဦးသိလောက် ပါတယ်..ကျွန်တော့်ကို အခွင့်အရေးလေးတစ်ခုလောက်တော့ ပေးပါ”
“မင်း…ဒီလောက်တောင် ကြိုးစားချင်ရင်……..
ဒါနဲ့..မင်း ဘယ်မဂ္ဂဇင်းမှာ ကဗျာပါဖူးလဲ”
“ပို့တောင် မပို့ဖူးဘူး”
“အေး..ဒါဆို “တမာရိပ်မဂ္ဂဇင်း”မှာ ကဗျာတစ်ပုဒ်ကို နှစ်လတည်းနဲ့ ပါအောင်ရေး.. ဒီနေ့ (၂)လပိုင်း(၂၁) ရက်နေ့…(၄)လပိုင်း(၂၁)ရက်နေ့ထိ မင်းကဗျာ အဲဒီမဂ္ဂဇင်းမှာ မပါဘူးဆိုရင်တော့ အဲဒီနေ့ဟာ ဆရာဝန်လေးနဲ့ငါ့သမီးရဲ့ စေ့စပ်ပွဲလို့သာ မှတ်လိုက်တော့”
“ဟုတ်ကဲ့..ကျေးဇူးပါဦးဇော်မင်း..ကျွန်တော်တို့ အဲဒီနေ့ကျမှပြန်တွေ့ကြမယ်လေ”
“နေဦး..အဲဒီနှစ်လအတွင်း ငါ့သမီးနဲ့ မင်း လုံးဝမတွေ့ရဘူးလို့ ကတိပေးရမယ်”
ထိုအချိန်ကျမှ အအေးခွက်ကိုင်ရင်း နားထောင်နေသော ဝေက အပြင်သို့ ထွက်လာသည်။အအေးခွက်ကို ကျွန်တော့်ရှေ့ချပေးရင်း..
“ပေးလိုက်ပါ ကိုစည်သူ…သစ္စာမှန်ရင် ကံမလွဲပါဘူး”
ဝေ့မျက်နှာကို သေချာကြည့်မိလိုက်သည်။
ယုံကြည်ခြင်းဖြင့် ရဲရင့်နေလေသည်။ အနီးဆုံးနီးဖို့ အဝေးကြီးဝေးရတာပဲဟု စိတ်ဖြေကာ ဦးဇော်မင်းကို ကတိပေးလိုက်သည်။ ဝေဖျော်ပေးသော သံပုရာရည်ကို မော့သောက်ပြီး လှည့်ပြန်ခဲ့မိတော့သည်။ အအေးသောက်လိုက်ရတာဆိုပေမဲ့ ရင်ထဲမှာ ပို၍ ပူလောင်သွားလေသည်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အိမ်ပြန်ချိန်တွင် ခြေထောက်တို့ လေးအိပျင်းတွဲနေမိသည်။
ငါ့ဘဝနဲ့ရင်းတဲ့ စိန်ခေါ်မှုကြီးတစ်ခု….နှလုံးသားနှင့်သာမက အသက်ပါ ပေးဆပ်ရနိုင်သော အနေအထားဖြစ်သည်။ ဝေ့ကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ဒီပင်လယ်ကြမ်းကို လက်ပစ်ကူးခဲ့ရတာပါဝေ……
ဒါဟာ မာယာတွေ ဖြန့်ခင်းထားတဲ့ နတ်စစ်တလင်းဆိုတာ ချစ်မိသူတွေက (လုံးဝ) မရိပ်စားမိနိုင်တော့…..
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ငါ….ပျံသန်းရဦးမှာပါဝေ….
အတောင်ပံရှိတဲ့ ငှက်တစ်ကောင်တွက် ဟောဒီ ကောင်းကင်ကြီး ရှိနေသရွေ့ ပျံသန်းခွင့်တွေနဲ့ ကြုံတွေ့ရဦးမှာပါ….
ကောင်းကင်ကောင်မလေး ဝေ….
ငါ ကြိုးစားမယ် ဝေ….
ငါ ကြိုးစားပျံသန်းမယ် ဝေ…..
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဝေ…..
လေပြေကြောင့် လွင့်လာတဲ့ မင်းဆံစမျှင်လေးတွေ ငါ့ပါးပြင်ကို ပွတ်သပ်ကျီစယ်…..
အဲဒါလေးတွေကို ငါချစ်တယ်…..
မင်းမရှိတော့ ဟော့ဒီမြစ်ရေတွေ ခမ်းခြောက်ကုန်ပြီ….
နှစ်လမြန်မြန်ပြည့်ပါတော့…!
ပြင်းထန်တဲ့ ဆာလောင်မွတ်သိပ်မှုတွေနဲ့ ဝေ့ကိုချစ်တယ်..!....
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဝေ…….
ငါ့ကဗျာရဲ့ ပျော့ကွက်ဟာကွက် သော့ချက်သာချက်တွေကို ဆရာမကြီးတစ်ယောက်ပမာ ထောက်ပြ….
လမ်းစပျောက်သူအတွက် ဆေးလိပ်မီးရောင်ဟာလည်း မြို့ပြမာကျူရီ ပါပဲဝေ….
လက်မြှောက်ကျရှုံးစရာမလိုပေမဲ့
မင်းရှေ့မှာ ဖြူဖြူစင်စင် ဒူးထောက်လိုက်မယ်ဝေ…..
စေလိုရာစေ ညွှန်လိုရာညွှန်
ဝေ့အမိန့်မှန်သမျှ စောဒကမတက် ဒေါသမထွက်ဘဲ
ကိုယ် …သွား..ရဲ..ပါ..တယ်..ဝေ…
ဟော့ဒီ မြက်ပင်စုလေးကို ဖမ်းဆုပ်ကြိမ်ဆိုလို့
ကမ္ဘာကုန်အောင် …ဟစ်အော်….
“ဝေ့ကို ကျွန်တော်……”
.................................................
အချစ်၏ လျှို့ဝှက်ဆန်းကြယ်မှုမှာ ငါဟာ
နောက်ကျော ဓါးဒဏ်ရာနဲ့ ပန်းကဗျာတွေကို
ရေးခြစ်ခဲ့မယ်…
မြစ်ပြင်တစ်ကြော ကဗျာတွေမျောပါ
(ခံစားတတ်သူတို့ အမြန်ဖွင့်ဖတ်ကြပါ)
ရေစုန်ရေဆန် အပြန်ပြန်အလှန်လှန် ရောယှက်
မကြာခင်…
တိမ်တွေရဲ့ ခိုးဝှက်ခြင်းကိုတောင် ခံရဦးမယ်…
နတ်သိကြားတို့ မ,စလို့ ငါ့ကဗျာတွေ
ဝေ့ခန္ဓာကိုယ်အပေါ် မိုးစက်များအဖြစ်
ကျရောက် ရွာသွန်းပါစေ ဘုရား…
အလင်းတွေနဲ့ ခေတ်အဆက်ဆက်ဝေးကွာခဲ့ရတဲ့ ငါဟာ
ဒီအလင်းစကိုမှ..
မရခဲ့ရင်………..
(၅)
တကယ် ဤကိစ္စများအားလုံးကို ဦးဇော်မင်းက အကွက်ကျကျ စီစဉ်ထားခြင်းဖြစ်သည်။ ဘယ်မဂ္ဂဇင်းကိုမှ နှစ်လတည်းနဲ့ ကဗျာတစ်ပုဒ်ပါအောင် ရေးလို့မရ…
ပို့တာက တစ်ပတ်လောက်ကြာမယ် အယ်ဒီတာ စားပွဲပေါ်ရောက်တော့ တစ်လလောက်ကြာအောင် စိစစ်ရွေးချယ်၊ (ပါတယ်ပဲ ထားပါဦး) ပြီးရင် ကွန်ပျုတာရိုက်၊Prove ဖတ်၊စိစစ်ရေးရုံးကိုတင်….
အဲဒီမှာတင် နှစ်လလောက်က ကြာနေပြီ၊ စိစစ်ရေးရုံးက ပြင်ခိုင်းတာပြင်ရတာ ရှိသေးတယ်…ပြီးမှ ပြန်တင်…ကျလာမှ ပုံနှိပ်ရိုက်၊စာအုပ်ချုပ်၊ အားလုံးပြီးမှ ဆိုင်တင် ဖြန့်ချိ…
အနည်းဆုံး(၃)လလောက်ကြာမှ မဂ္ဂဇင်းတစ်အုပ်ထွက်တာ အခုလပို့လို့ ရွေးခဲ့ရင်တောင် နောက်(၃)လကြာမှ ပါတာ။ အဲဒီအကြောင်းတွေ နောကျေအောင် သိထားတဲ့ ဦးဇော်မင်းကတော့ ကြိတ်၍ပြုံးပျော်နေသည်။
အကယ်၍ သူ့သမီးခိုင်ဇင်ဝေ၏ အချစ်စစ်အပေါ် ယုံကြည်ကိုးစားလွန်းတတ်မှုကိုသာ သိသွားခဲ့ရင်…
ထိုအပြုံးတို့ ကမ္ဘာမကျေ…
(၆)
အပိုင်း(က)
(၄)လပိုင်း (၂၁)ရက်နေ့ ညနေ ၄း၃၀
အသက်တမျှ ချစ်ရတဲ့ ချစ်သူတစ်ယောက်လုံး လက်လွှတ်ဆုံးရှုံး လိုက်ရပြီလို့ သိလိုက်ရတဲ့အချိန်ကစလို့ နှလုံးသားတွင် မီးများတဟုန်းဟုန်း လောင်ကျွမ်းနေခဲ့ပြီ…..အိပ်မပျော်သော ညတွေများခဲ့သဖြင့် မျက်တွင်း ဟောက်ပက်နှင့်…အလွမ်းရဲ့ အထုအထောင်းကို လူနှင့်မလိုက်အောင် ခံစားခဲ့ရသဖြင့် အင်အားတို့လည်း မရှိတော့…ရင်မှ မီးတောက်သည် မျက်နှာသို့ တက်ဟပ်နေသည်။
ခန္ဓာကိုယ်တစ်ခုလုံး လောင်ကျွမ်းပြာကျမတတ်
အသည်းတစ်ခုလုံး ကွဲအက်၍ ကမ္ဘာတစ်ခွင် မဲမှောင်ညစ်ထေး နေတော့ သည်။ အို…မင်းမရှိမှတော့ ဘယ်သီချင်းသံမှ မသာယာတော့ဘူးဝေ….ဘယ်ကဗျာမှ မချိုမြိန်တော့ဘူးလေ..ဘဝတစ်ခုလုံး ခါးသက်…အသည်းတစ်ခြမ်းလည်း ပွင့်ထွက်မတတ်ပါပဲဝေ….
တမာရိပ်မဂ္ဂဇင်းသို့ ကဗျာအများအပြား ပို့ခဲ့သော်လည်း တစ်ပုဒ်မှ ပါမလာခဲ့ပေ…ဘဝမှာ အကြိမ်ကြိမ် အခါခါ အနိုင်ရရှိခဲ့ဖူးသော်လည်း ဒီတစ်ခါတော့ အကြီးမားဆုံး ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ရင်မှာနာလွန်းသဖြင့် “အားခနဲ” မအော်မိအောင်ပင် မနည်းထိန်းချုပ် ထားရသည်။မျက်ရည်များက အဆက်မပြတ်ကျလျှက်….အဖေကို မလွန်ဆန်နိုင်သော ချစ်သူကိုဖြင့်(ချစ်လွန်းလို့) အပြစ်မမြင်ရက်ပါ…..ငါ၏ညံ့ဖျင်းမှုဟုသာ ခံယူ၍…..
ဝေမရှိသော ဘဝ၌ ငါ့ဘဝ၏ ရှင်သန်နေထိုင်ခြင်းသည် ပျင်းရိခြောက်သွေ့ ဖွယ် အဓိပ္ပါယ်ကင်းမဲ့လှသည်။ထိုင်နေကျ မြစ်ကမ်းဘေး၌ ကျွန်တော်တစ်ယောက် တည်း….
ဝေရယ်…
ဝေမရှိနိုင်တော့တဲ့ ဒီမြစ်ကမ်းယံမှာ ဘယ်လေမှ မတိုက်ခတ်၊ ဘယ်ပန်းမှ မပွင့်လန်း အလွမ်းတွေပဲ ထိုးနှက်ရစ်ပတ်…
အို…ငါတစ်ယောက်တည်း မနေရဲတော့ဘူး
မနေချင်တော့ဘူးဝေ…
နောက်ဆုံးကျလာတဲ့ မျက်ရည်တစ်စက်ကိုသုတ်ရင်း ဖိနပ်ကို ဘေးနားလေးမှာ ချွတ်ထားလိုက်သည်။(အမေ လာရှာရင် သိအောင်လို့ပါ) ရေတက်နေသဖြင့် မြစ်တပြင်လုံး ဖွေးဖွေးလှုပ်နေသည်။ ကမ်းပါးစပ်ထိတိုးပြီး
မတ်တပ်ရပ်လိုက်သည်။နောက်ဆုံး လေကိုခပ်ပြင်းပြင်းလေး ရှူရှိုက်ပစ်လိုက်သည်။ ထို့နောက်…..
“ဝုန်း!”
နောက်ဆုံးရင်ခုန်သံတစ်ချက်နဲ့အတူ အရာရာဟာ ချုပ်ငြိမ်းတိတ်ဆိတ်သွားသည်။
အို….
တိတ်
တိတ်
ဆိတ်
ဆိတ်……။
အပိုင်း(ခ)
(၄)လပိုင်း (၂၁)ရက်နေ့ ညနေ ( ၅း၁၅ )
ဦးဇော်မင်းမသိခင် ခိုင်ဇင်ဝေတစ်ယောက် အိမ်ထဲမှ တိတ်တိတ်လေးထွက်လာခဲ့သည်
ခြေလှမ်းများက သွက်လက်လွန်းလှသည်။ လက်မှနာရီကိုကြည့်တော့ ၅း၁၅ ။ ဒီအချိန်ဆို စည်သူ တစ်ယောက် ကမ်းနားမှာပဲရှိဦးမယ်…စည်သူ့ကိုတွေ့ရင် နှစ်ယောက်တည်းထွက်ပြေးကြမည်။ ဖြစ်ချင်သော ဆန္ဒအတွေးတို့ဖြင့် ပျော်ရွှင်မြူးတူးနေမိသည်။ကမ်းနားရောက်တော့ စည်သူ့ကို မတွေ့ရ…
“အို…..”
ရင်ထဲမှာ ဆို့နင့်ရှိုက်ဖိုကြေကွဲသွားသည်။စည်သူစီးနေကျ ကတ္တီပါဖိနပ်တစ်ရံ…..။ ခိုင်ဇင်ဝေ သိလိုက်ပြီ။ စည်သူက အချစ်နှင့်ပတ်သတ်လာရင် မိုက်ရူးရဲဆန်တတ်မှန်း နဂိုကတည်း က ရိပ်မိထားပြီးသား…မျက်ရည်များ အဆက်မပြတ် ကျဆင်းလာသည်။ ဘဝတစ်ခုလုံး ပြိုကွဲ ပျက်စီးသွားသလို နှလုံးသားလည်း အစိပ်စိပ် အမွှာမွှာကွဲကြေသွားသည်။
“ဘာဖြစ်လို့ ဒီလောက်ထိ လုပ်ပစ်လိုက်ရတာလဲ စည်သူရယ်”
ငိုသံပါပါနှင့် ပြောလျှက် မျက်ရည်များ လိမ့်ဆင်းလာပြန်သည်။
“ကိုယ်တကယ်ချစ်ရတဲ့သူ မရှိတော့တဲ့ ကမ္ဘာမှာ ဘယ်အရာကမှ ငါ့ကို ပျော်ရွှင်စေနိုင်မှာ မဟုတ်ဘူး”
ပါးစပ်မှ ခပ်တိုးတိုးလေး ရေရွတ်ကာ သူ့ဖိနပ်လေးကို စည်သူ့ရဲ့ကတ္တီပါဖိနပ် ဘေးတွင် အသာအယာ ကပ်ချွတ်ထားလိုက်သည်။ ထို့နောက် ကမ်းစပ်နားသို့ ကပ်သွားကာ….
“ဝုန်း!”
နောက်ဆုံးရင်ခုန်သံတစ်ချက်နဲ့အတူ ဘယ်သူမှ မသိလိုက်ခင် အရာရာဟာ ချုပ်ငြိမ်းတိတ်ဆိတ်သွားသည်။
အို…
တိတ်
တိတ်
ဆိတ်
ဆိတ်….။
ထိုနေ့မှစ၍ ထိုကမ်းပါးနား၌ နေသည် အနောက်ဘက်သို့ မဝင်တော့ဘဲ ထိုနေရာ၌သာ ထာဝစဉ် ရပ်တန့်နေလေတော့သည်။
အမှန်တကယ်တော့ အချစ်တွေဟာ နေအစား အနောက်ဘက်သို့ ဝင်ပုန်းကွယ်ပျောက်သွားသောကြောင့်ဖြစ်သည်။ ။
(သူငယ်ချင်းတစ်ယောက်၏အဖြစ်အပျက်လေးတစ်ခုကို ပြန်လည် ခံစား တင်ပြ မျှဝေပါသည်)