ခရစ္စမတ်မှာ၊ တွေ့ချင်ပါသည်တဲ့၊ ဆိုလာတဲ့ စကားကြောင့်၊ ချိန်းတဲ့ နေရာ ရောက်လာခဲ့တယ်၊ သုံးလေးခေါက် ရှာဖွေထောက်လည်း မတွေ့၊ ဘယ်မှာ ဝေ့နေပါလိမ့်၊ ဘ၀တူသူလေး တစ်ယောက်၊ ဟို လျှောက် ဒီလျှောက်ရင်း၊ သက်ပြင်းတွေ ခဏခဏချ၊ မင်း ဘ၀လည်း မလွယ်ပါလား၊ အချိန်တွေ ကြာသွားတော့၊ တစ်ယောက်ကို တစ်ယောက် မိတ်ဆက်၊ အော် - ငါ့ ချိန်းချက်က သူကိုး။
ဓာတ်ပုံတောင်းလည်း မပေး၊ ပုံစံ မေးလည်း မဖြေ၊ ဖုန်းဘေးလ်သာ ကုန်ခဲ့၊ တွေ့လိုက်ရတဲ့ ပုံက၊ ငါ့အထင်နဲ့ မတူလှဘူး။ နှစ်ယောက်သား ခပ်တန့်တန့်၊ ပန်းခြံထဲ ကန့်လန့် လျှောက်ရင်း၊ လူသူကင်းတယ် ထင်ခဲ့၊ မြင်သူမဲ့တဲ့ နေရာ၊ ခိုဝင်ကာ နားဘို့ကြံခိုက်၊ မြင်လိုက်ရတဲ့ အာရုံ၊ စိတ်ဘ၀င်ကို တုန်စေခဲ့တယ်။
လောဘအုံ ရမ္မက်ခြုံမှာ၊ အကုန်စုံ ခံစား၊ အချွေခံ ပန်းလေးများနဲ့၊ ပန်းချွေသမားတွေ။ အမြင်အာရုံတွေမေ့၊ ပတ်ဝန်းကျင်ကို စေ့စေ့တောင် မကြည့်၊ သူ့မျက်စိက ----- ။ ထင်တာနဲ့ မြင်တာက လွဲ၊ မတွဲချင်တော့ပါဘူး၊ စိတ်ကူးတွေလည်း ပျက်၊ မြင်ရတာလည်း ညစ်တယ်။ ငါ့ကြောင့်လည်း မကြွေစေချင်ဘူး။ ကြွေးဘူးရင်လည်း မကြည့်ချင်။ ကြွေပုံတွေ မြင်နေမိတယ်။ စိတ်ထဲမယ် နင့်လို့ နင့်လို့။
မြင်သာလို့ ထင်သာ၊ အကာ အကွယ်မဲ့တဲ့ နေရာ။ ဖြူစင်တဲ့ စကားကိုပြော၊ သူ့မနောက ကြောက်လန့်၊ ငါ မချောက်လှန့် ခဲ့ပါဘူး။ မချစ်ဘူးတဲ့ သူက၊ ငါ့ကို ကြည့်ကောင်းတယ်တဲ့။ ကျေးဇူးတင်တဲ့ စကားကိုပြော၊ တကယ် သဘော ရိုးနဲ့ပါ။ ဖုန်းထဲမှာ သူပြောခဲ့တာက၊ ခရစ္စမတ်ကြ လာတွေ့တဲ့အခါ၊ သူလိုချင်တာ ပါခဲ့ရင်၊ ထင်သာတဲ့ ငါ့ပါးပြင်မှာ၊ အကြင်နာ ကမ်းပေးမှာတဲ့။ သူ့ကထာနဲ့ အမူရာ၊ ကွဲလွဲကာ နေခဲ့။ စိတ်မှာလည်း ထင်နေခဲ့တယ်။ သူဟာ ခင်မှ ဟုတ်ပါ့ မလားလို့။
အချိန်တွေ ကြာလာ၊ ငါကသာ စကားပြော၊ တိတ်ဆိတ်နေတဲ့ သူ့မနောကို၊ ဆေးကြော ကြည့်မိတယ်။ သူက ခင် မဟုတ်၊ ငါ့ ရုပ်ကို ကြည့်ဘို့၊ တမင် ထွင်လို့ လွှတ်တာတဲ့။ လုပ်ရက်လိုက်တဲ့ ခင်၊ ကြည့်ချင်တယ်ဆိုလို့ လာတွေ့၊ ငါ့ရင်မှာ ခွေ့တဲ့ ဒေါသ၊ နင့် မမြင်ရတာပဲ ကောင်းပါတယ်။ သနားစဖွယ် မျက်နှာနဲ့၊ ကြောက်လန့်ကာ နေတဲ့သူ၊ မြေကြီးကို မျက်နှာမူလို့၊ မခို့ တရို့နဲ့ ခိုးခိုးကြည့်တယ်။ သူများတွေ နည်းတူ ပျော်ချင်ပေမဲ့။ မပျော်ဖြစ်ခဲ့တဲ့ ခရစ္စမတ်၊ ငါ့ ရင်ကို ဟတ်သွားတဲ့ စိတ်က၊ မြင်ခဲ့ရတဲ့ မြင်းကွင်းတွေ၊ ကြွေကျသွားတဲ့ ပန်းအဆင်းတွေ၊ ချွေချရက်တဲ့ လေပြင်းတွေ။
စိတ်ဓာတ်ကို တည့်မတ်၊ ပျော်ရွှင်စရာ စရစ္စမတ်မှာ၊ ယှဉ်ကပ် ထိုင်နေသူကို၊ စေတနာ ဖြူဖြူနဲ့၊ ယူလာတဲ့ လက်ဆောင်ကိုပေး၊ ညီမလေး တစ်ယောက်လို သဘောထား၊ မရိုးသားတဲ့ စိတ်မပါ၊ သူသွားချင်ရာ လိုက်ပို့၊ သူပျော်ဘို့ ရယ်စရာ ပြော၊ သူ့မနောလေးကို ဖြူစေ၊ သူ့စိတ်တွေ မညစ်စေချင်ဘူး။ ကြုံလိုက်ဘူးတဲ့ အတိတ်ကြောင့်၊ အတူမနေနိုင်သေးတဲ့ အရိပ်မှာ၊ ခဏတာ ပျော်ရွှင်ဘို့အတွက်၊ သာယာလိုစိတ်ကို ဆွဲဖက်ရင်း၊ အခွင့်ရေး ယူခြင်းတွေကို ရှောင်၊ နေမင်းရဲ့ အပူရောင်အောက်မှာ၊ အမှောင်တွေ ရောက်မလာ စေချင်ဘူး။
ခံစားချင်စိတ်နဲ့၊ မသိစိတ်တွေ ဦးဆောင်၊ အခွင့်ရေးကို အောင်မြင်အောင် ကြိုးစား၊ သဘောထားက တူ၊ အတူ ရှိနေတဲ့ ခဏ၊ လိုချင်စိတွေ မျှရင်း၊ ပေးခြင်း ယူခြင်းတွေနဲ့၊ ကျေနပ် ပျော်မြူးခြင်း နောက်မှာ၊ မသေချာတဲ့ အနာဂတ်၊ ဘ၀တစ်ခန်း ရပ်သွားခဲ့ရင် ---- ။
ဘယ်သူ သိမှာလဲ၊ သူနဲ့ ငါပဲ သိတယ်။ ဘာဖြစ်တယ် ညာဖြစ်တယ်၊ စကားတွေ ပလီဆွယ်ကာ၊ အသစ်ဆိုတာက ရှား။ အစစ်ဆိုတာ ပါးသွားတဲ့နောက်၊ အချစ်ဆိုတာလည်း ခါးသွားခဲ့ပြီ။ အနှစ်ဆိုတာ ဘာလဲ၊ ဝေခွဲလို့ မရတဲ့ ခေတ်မှာ၊ မြင်ရတဲ့ ခရစ္စမတ်နေ့က ၊ ကြွေကြတဲ့ ပန်းတွေလို၊ ပန်းပျိုတွေ မကြွေပါစေနဲ့၊ ချွေကြတဲ့ လေရိုင်းတွေလို၊ ချွေလိုသူ ကင်းပြီး၊ အချစ်ကြီးတဲ့ သူတွေ ၊ အစစ်အမှန် ပန်းတွေ ၊ ဘ၀မှာ ဝေနိုင်ပါစေ။
ပန်းမကြွေ ပန်းမချွေပဲ၊ အစစ် အစစ်တွေသာ၊ တင့်လို့ ၀င့်လို့၊ ဘ၀ကို၊ ပိုလို့ ပိုလို့ လှပအောင် ကျင့်ဆောင်နိုင်ပါစေ။ ခရစ္စမတ်မှာ၊ ကြွေကာ ကျတဲ့ ပန်းတွေ၊ ခရစ္စမတ်မှာ ချွေကာ ချတဲ့ သူတွေ၊ ဘ၀မှာ ပိုင်ဆိုင်ကြပါစေ၊ ခရစ္စမတ်ရက်ဖြစ်ဖြစ် ၊ အားလပ်တဲ့ ရက်ပဲ ဖြစ်ဖြစ်၊ ကြွေကျ ပန်းတွေလည်း ကင်းပါစေ၊ ချွေကြ သူတွေလည်း ကင်းပါစေ။ သောကတွေလည်း ရှင်းပါစေ။ စိတ်ဓာတ်တွေလည်း သန့်ပါစေ။ အသစ်ဂုဏ်ရည် တက်ပါစေ။ စိတ်သန့်သန့် ပိုင်နိုင်စေ။ ပိုင်ဆိုင်သူများ ပြုံးနိုင်စေ။ တစ်ဘ၀လုံး စိတ်အေးစေ။ ပျော်ရွှင် ချမ်းမြေ့ နေနိုင်စေ။ မြန်မာ့ ဂုဏ်ရည် တင့်ပါစေ။
အားလုံးကို
ခင်မင်စွာဖြင့်
စံလင်း