ဟားးးးးးးးးး
နာရီနှိုးစက်သံ တတီတီက စူးလွန်းလိုက်တာ။
ထပိတ်ပြီးးး စောင်ခေါင်းမြီးပြန်ခြုံပစ်လိုက်တယ်။
ခဏနေရင် မေမေက ရေစွတ်ထားတဲ့ လက်အေးအေးကြီးနဲ့ မီးမီးရဲ့မျက်နှာကို လာပွတ်သတ်ပြီး နှိုးတော့မယ်ဆိုတာ သိနေတယ်လေ။ဘာရမလဲ ..မီးမီးကလဲ မေမေဆွဲလို့မရအောင် စောင်ကို အတင်းကုပ်ကပ်ပြီးတော့ကို ခေါင်းထိခြုံထားပစ်လိုက်တယ်။ဟိ..ဟိ။
ဟော.. ပြောရင်းဆိုရင်း မီးဖိုခန်းဖက်ကနေ လျှောက်လာနေတဲ့ မေမေ့ခြေသံ ဖွဖွကို ကြားရပြီ ။
ခဏနေရင် မီးမီးအခန်းဆီရောက်လာတော့မယ့် မေမေ့ခြေသံဖွဖွကိုနားစွင့်ရင်း မီးမီးမျက်လုံးမဖွင့်ဘဲ ကျိတ်ပြုံးလိုက်မိတယ်။
“မီးမီး...ဘယ်ချိန်ရှိနေပြီလဲ ထတော့လေ...စောင်ကြီးခေါင်းမြီးခြုံပြီးအိပ်မနေနဲ့ ကိုယ့်ခေါင်းပေါ်ရောက်နေတဲ့ နေရောင်ကိုလဲ မျက်လုံးဖွင့်ကြည့်အုံးးးးး။”
ပြောပြောဆိုဆိုနဲ့ မေမေက မီးမီးခြုံနေတဲ့ စောင်ကို ဆွဲလှပ်တယ်။
“အားးးးမေမေရာ အရမ်းအေးတာပဲ။ခဏလေး ခဏလေး ငါးမိနစ်လောက်ပဲလေနော် မီးမီးအိပ်ချင်သေးတယ်“
“ဘာခဏလေးလဲ ....စောစောကလဲ တစ်ခါလာနှိုးပြီးပြီ ခဏလေးပြောပြီး ပြန်အိပ်တာလေ ခုနာရီဝက်ရှိသွားပြီ။ နှိုးစက်လဲ ပိတ်ပစ်တယ်ဘာလုပ်ဖို့လဲ အဲဒီလိုပိတ်မှာဆိုရင် အစကတည်းက ဖွင့်မထားနဲ့ပေါ့။ထထ. မေ့သမီးငယ်လေးက လိမ်မာသားနဲ့။အပျင်းမကြီးရဘူးထတော့။”
အပျင်းကြီးနေတဲ့ မီးမီးကို မေမေကချောက်တလှည့်ချော့တလှည့်နဲ့ စောင်ဆွဲလှပ်ပြီး အတင်းထူတော့ မေမေ့ကို မှီရင်း မီးမီးက မျက်လုံး မဖွင့်သေးဘဲ အိပ်ပြလိုက်သေးတယ်။
အပျင်းထူနေတယ် ၊ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ တတွတ်တွတ်ပြောရင်းပဲ မေမေက ထုံစံအတိုင်း လက်အေးအေးကြီးနဲ့ မီးမီးမျက်နှာကို ပွတ်သတ်ပေးပါလေေ၇ာ။
ဒီတော့မှ ဆောင်းမနက်ခင်းလေးက မီးမီးရွှင်ရွှင်ပြပြကြိုဆိုဖို့ အကြောင်းပြချက်ခိုင်လုံသွားပြီထင်ရတာပေါ့။
ကျေကျေနပ်နပ်တွေးရင်း မီးမီးအခန်းက ပြတင်းပေါက်ကို ဖွင့်လိုက်တာနဲ့ နေရောင်တွေ က မီးမီးအခန်းထဲ အတင်းကာရော ဖြာကျလာတယ်။
ဝိုးးးးးးးး
တစ်နေ့စာထွန်းလင်းဖို့အရှိန်ယူနေတဲ့ နေမင်းရဲ့ ရှေ့ပြေးလိမ္မော်ရောင်တွေတောင် ရင့်မှည့်နေပြီပဲ။
ဒီနေ့တော့ မီးမီး ဇိမ်ဆွဲနေမိတာ နည်းနည်းလေး ကြာသွားတယ်။ အို..ဒီနေ့မှ မဟုတ်ပါဘူးလေ မီးမီးက ဆောင်းမနက်ခင်းတွေဆို မေမေဒီလို လာမနှိုးသေးဘဲ ဘယ်တုန်းက စောစောထဖူးတာကျလို့..။
လိမ္မောရောင်တွေ ရွှေရည်မသွေးခင် မြန်မြန်မျက်နှာသစ်ပြီး မေမေကြော်ကျွးတဲ့ ထမင်းကြော်ကို ကသုတ်ကရက် စားရတော့မှာပဲ။ ဒီနေ့တော့ မေမေ့နားမှာ ကပ်ပြီး မီးလှုံဖို့ အချိန်မရတော့ဘူးပေါ့ ။စာသင်ဝိုင်းက နောက်ကျရင် မီးမီးတို့ဆရာက မေမေ့လိုတော့ ချော့လိုက်ချောက်လိုက်လုပ်မှာ မဟုတ်တာ သေချာတယ်လေ။
“ဒေါ်မီးမီးးးးးးးးးးးးးး ညကစာတွေညည့်နက်အောင်ကြည့်လို့ နောက်ကျပြန်ပြီပေါ့လေ”ဆိုပြီးး ခါတိုင်းလို စာတွေအကုန်လျှောက်မေးနေမှ ဒီနေ့ကွိမှာ။
အော်...ပြာယာခပ်နေလိုက်တာ ငါ့နှယ်နော်။
“မီးမီး...ဦးထုတ်ဆောင်းသွားအုံး နားတွေသေချာလုံအောင် အုပ်သွား”လို့ မေမေအော်မှပဲ ခေါင်းစွတ်စွတ်ဖို့ သတိရတယ်။
ခေါင်းစွတ်ပြန်ယူစွတ်ပြီး အိမ်ထဲက ပြောပြောပြေးပြေး ပြေးထွက်ခဲ့ရတယ်။
“ဆောင်းပြီးပြီမေမေရေ...”လို့။
x x x x x x
တီ တီ တီတီ တီ တီ
စူးစူးဝါးဝါးထအော်လိုက်တဲ့ နာရီနှိုးစက်သံကြောင့် အိပ်ယာထဲ ကွေးနေရင်း မီးမီး လန့်နိုးလာတယ်။ကယောင်ကတန်းထပိတ်ပြီး ထုံးစံအတိုင်းပြန်အိပ်ပစ်လိုက်ရော။ ခဏနေ မေမေလာနှိုးလိမ့်မယ်လေ။အဲတော့မှ ထမှာပေါ့။
“မီးမီးရေ နိုးပြီလားးးးးးးးး။ထတော့ ခြောက်နာရီကျော်နေပြီ။”
တဖက်အခန်းက နွယ်နီ့အသံကြားတော့မှပဲ သတိရတော့တယ်။
အော်...ငါ့နှယ် မေမေက အိမ်မှာပဲဟာ မီးမီးကို ဘယ်လိုလုပ်လာနှိုးပေးမှာလဲနော်။
ကိုယ့်ဘာသာ ကမန်းကတန်းထလိုက်ရတယ်။မထလို့မရဘူးလေ။ဂျူတီဆိုတဲ့ လူဆိုးကြီးက မီးမီးကို မနက်စာထမင်းဒီတိုင်းကြော်ကျွေးမှာ မဟုတ်တဲ့ အပြင် မထရင် ထမင်းငတ်အောင်ပါလုပ်မှာကိုးးးးးးးးးးလို့။
ညက စာဖတ်တာ ညနက်သွားလို့ထင်ပါရဲ့ ခေါင်းကသိပ်မကြည်ချင်ဘူးး။
မီးမီးအခန်းပြတင်းဝက ဖြာကျနေတဲ့ လိမ္မော်ေ၇ာင်လေးတွေကလဲ သိပ်မလှသလိုပဲ။
ဒါပေမယ့် သူတို့ကို ထိုင်ငေးမနေအားပါဘူးးးးးး အလုပ်အမှီပြေးဖို့ မျက်နှာသစ်တဲ့ဘေစင်ဆီအပြေးလစ်ရတော့တာပါပဲလေ။
အားးးးးးးးးပါးပါးးးးအေးလိုက်တာနော်။
မန်းလေးဆောင်းကလဲမနက်ဆို သေလုအောင် ချမ်းလိုက်တာ မေမေရေ...။မေမေချက်ပြုတ်နေတဲ့ မီးဖိုဘေးးးးးလာထိုင်ပြီးးထမင်းကြော်လွေး နေရရင် ဘယ်လောက်နွေးလိုက်မလဲ။
ခုတော့ လမ်းမပေါ်က ကောက်ညှင်းပေါင်းပူပူလေးလို့အော်တတ်တဲ့ အသည်ကြီးဆီကပဲ ပဲပြုတ်ကောက်ညှင်းပေါင်းအေးစက်စက်ကိုပဲ အမြန်လွေးရတော့တယ်။မဟုတ်ရင် အလုပ်ထဲမှာ ကန်တင်းရှိပေမယ့ စားဖို့ အချိန်ရတော့မှာ မဟုတ်ဘူးလေ။
မနက်စာအားဖြည့်ပြီးတော့ အလုပ်ကိုထွက်လာတော့ နှာတစ်ချက်ချေလိုက်ကာမှ ....
“ဟယ် ....ဦးထုတ်ဆောင်းဖို့မေ့လာခဲ့ပြန်ပြီ။”
ဒီနှစ်ဆောင်းက အရင်နှစ်တွေထက်ပိုပြီးအေးသလိုပဲ မေမေရယ်..............။ ။