လောကကြီးထဲမှာ နေထိုင်သူမှန်သမျှ မည်သူမဆို အတတ်ကိုယ်စီ ရှိကြပါတယ်။ အဲဒီ ရရှိထားတဲ့ အတတ်နှင့် လောကကြီးအတွက် အကောင်း အဆိုး နှစ်မျိုးသော အကျိုးတရားတွေဖြစ်အောင် ပြုလုပ်နေကြရပါတယ်။
မှန်ပါတယ်၊ လူရယ်လို့ ဖြစ်လာရင် ၁။ ပညာရှာရတဲ့ အပိုင်းရယ် ။ ၂။ ရရှိထားတဲ့ ပညာနှင့် အလုပ်လုပ်ရတဲ့ အပိုင်းရယ် လို့ အပိုင်းနှစ်ပိုင်း ခွဲခြားပြီး သုံးသပ်ကြည့်ရပါမယ်။
တစ်လောကလုံးမှာ အမြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓကိုပဲ ပထမဆုံး ပညာရှာတဲ့အပိုင်းကို သုံးသပ် ကြည့်ကြပါစို့၊ ယခု အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာမှာရှိတဲ့ မဟာဗောဓိပင်ရဲ့အောက်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀-ကျော်က တစ်လောကလုံးမှာ ဘယ်လို ပုဂ္ဂိုလ်မျိုးနဲ့မှ မတူတဲ့ ဥာဏ်တော်ကြီးကို ရရှိခဲ့ဘူးပါတယ်။ အဲဒီ ဥာဏ်တော်ကြီးကို ရရှိတဲ့ အချိန်ကနေ နောက်ကို ပြန်ရေတွက်ကြည့်မယ် ဆိုရင် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းအထိ သုမေဓာရှင်ရသေ့ ဘ၀တိုင်အောင်ပေါ့၊ ဘ၀ပေါင်း မြောက်များစွာ ဖြစ်ခဲ့ရတယ်။
အဲဒီ အတွင်းဟာ ပညာရှာရတဲ့ အပိုင်းလို့ သုံးသပ်လို့ ရပါတယ်။ ပညာရှာရတဲ့ အတွင်းမှာတော့ ပေးဆပ်ခြင်းတွေ မြောက်များစွာနဲ့ ခက်ခဲ ကြမ်းတမ်းတဲ့ လမ်းကို လျှောက်လှမ်းနေရတယ်လို့ မှတ်လို့ရတယ်။ ဘာပြုလို့လဲဆိုရင် ပစ္စည်းလိုချင် ပစ္စည်းပေးတယ်၊ မျက်စိ လိုချင်းသလား၊ နား လိုချင်သလား၊ သားသမီး မယားကို လိုချင်သလား၊ နောက်ဆုံး အသက်ကို လိုချင်သလား ဘာလိုချင် လိုချင် အကုန်ပေးလိုက်တယ်။ အဲဒီလောက်ကို ပေးဆပ်ရင်းနှီးခဲ့ရတာ။ ဘာဖြစ်လို့ အဲဒီလောက် ပေးဆပ်ရင်းနှီးရဲလဲဆိုရင် သဗ္ဗညုတဆိုတဲ့ ဥာဏ်တော်ကြီးကို ချစ်လွန်းလို့ ရချင်လွန်းလို့ မှတ်ရပါ့မယ်။
ဒုတိယပိုင်း အနေနဲ့ ပညာရပြီးးနောက် အလုပ်လုပ်တဲ့ အပိုင်းကို သုံးသပ် ကြည့်ကြရအောင်၊ ပညာ ရရှိပြီးနောက် ကုသိနာရုံ အင်းကြင်းရဂုံမှာ ပရိနိဗ္ဗာန်စံဝင်သွားတဲ့အထိ လေးဆယ့်ငါးနှစ် တိုင်တိုင် တစ်နေ့တစ်ခါ တစ်နာရီကျော်ကျော် အိပ်ချိန်လောက်က လွဲပြီး ကျန်တဲ့ အချိန်တွေမှာ လောကကြီးအတွက် ကောင်းကျိုးတွေ လုပ်ဆောင်သွားခဲ့တာ ပြောပြလို့် ကုန်မယ် မထင်ပါဘူး။ လောကကြီးထဲမှာ နေထိုင်သူအားလုံးကို ယခုမျက်မှောက်ဘ၀ကိုပဲ ကြည့်ကြရအောင်ပါ။ ငယ်ရွယ်စဉ်မှာ ပထဆုံးဖြစ်တဲ့ ပညာရှာရတဲ့ အပိုင်းကို လုပ်ကြရပါတယ်။ လူလတ်ပိုင်း ရောက်လာတဲ့အခါ ကျပြန်တော့လည်း ရရှိထားတဲ့ ပညာနှင့် အလုပ်လုပ် ကြရပြန်ပါတယ်။
ဒီနေရာမှာ သတိထားစရာက မည့်သည့် အတတ်ပညာပင်ဖြစ်စေကာမူ စိတ်ထား ကောင်းမှု မကောင်းမှု အပေါ်မှာ မူတည်ပြီး ကောင်းကျိုး မကောင်းကျိုးတွေ ရရှိသွားတယ်ဆိုတဲ့ အချက်ပါ။ ဥပမာ- ဆရာအပေါ်မှာ မူတည်ပြီး တပည့်၊ ဆရာဝန် အပေါ်မှာ မူတည်ပြီး လူနာ၊ ဆောက်လုပ်ရေးလုပ်သူ အပေါ်မှာ မူတည်ပြီး အိမ်နေသူ၊ သိပ္ပံပညာရှင်အပေါ်မှာ မူတည်ပြီး ကြည့်ရှု့ခံစားသူ၊ မင်းအပေါ်မှာ မူတည်ပြီး တိုင်းသူပြည်သားတို့ ကောင်းကျိုး မကောင်းကျိုးတို့ကို ရရှိသလိုပဲပေါ့ ။
အဲဒါကြောင့် လောကကြီးထဲမှာ နေထိုင်သူမှန်သမျှ မည်သူမဆို ကိုယ်သိထားတဲ့ အတတ်ပညာနှင့် အရာရာကို စိတ်ထား ကောင်းမွန်စွာဖြင့် အကောင်းအတိုင်း ဖြစ်အောင် လုပ်နိုင်ကြပါစေ။
ကိုယ်သိ ထားရာ၊ ကိုယ့် ပညာ၊ များစွာ ကောင်းကျိုး ဖြစ်ပါစေ။
(၂၉-၁၂-၂၀၁၂) စနေနေ့ နံနက် ၁-နာရီခွဲ
သုခီ ဒီဃာယုကော ဘ၀။ (ဆရာဗန်)