ဒီနေ့ ကျမတို့ကျေးရွာရဲ့ကျေးရွာဥက္ကဌရွေးချယ်ပွဲမှာ လွန်ခဲ့တဲ့နှစ်တွေနဲ့မတူပဲ လွန်စွာမှ စည်ကားသိုက်မြိုက်လှပါတယ်။ အစည်းအဝေးပွဲဖိတ်ခေါ်စာထဲမှာ တစ်အိမ်တစ်ယောက်လို့သာရေးသားထားပေမယ့် လက်ရှိကျေးရွာဥက္ကဌကိုခွေးနီက မုန့်ဟင်းခါးတိုက်ခြင်း ၊ ရွာတောင်ပိုင်းက ဦးကျော်ပိုင်က တီရှပ်အင်္ကျီ လက်ဆောင်ပေးခြင်းတို့ကြောင့် လူကြီးကော ကလေးများပါ လာရောက်ကြသည်မို့ တစ်ရွာလုံးကို အလှူကြီးပေးနေသလိုပါပဲ။
“ ဟေ့ ရှင်းသန့် ၊ တီရှပ်အင်္ကျီ ရပြီးပြီလား ”
ဦးကျော်ပိုင်က တီရှပ်အင်္ကျီဝေနေရင်းမှ ကျမကို လှမ်းမေးလိုက်ခြင်းဖြစ်ပါတယ်။
“ ရခဲ့ပါပြီတော် ၊ အင်္ကျီလေးက လှမှလှ ၊ ဥက္ကဌရွေးပွဲအမှတ်တရလည်း ဖြစ်လို့ ကျမအတွက်ကော အိမ်မှာအလုပ်မအားလို့
လိုက်မလာနိုင်တဲ့ အမေ့အတွက်ပါ နှစ်ထည်ယူထားပါတယ်တော် ”
ကျမပြောသည့်စကားကြောင့် မျက်နှာကြီးစူပုပ်ကာ အောင့်ကြီးစောင့်ကြီးဖြင့် နေရာမှ ထွက်သွားပါတယ်။ သည်လိုတော့လည်း မတတ်နိုင်။ ဟုတ်သည်လေ။ သူတို့က စေတနာရှိလို့ ဝေသည်မှ မဟုတ်ပဲ။ သည်တစ်ခါ ဥက္ကဌဖြစ်တဲ့သူကို အစိုးရက လခပေးမယ်ဆိုတာ ကြားထားတော့ သူတို့မှာ မရှိမဲ့ ၊ ရှိမဲ့တွေစုပြီး လာဘ်ထိုးကြတာလေ။ အင်း ။ လာဘ်ထိုးကြတာ ဟုတ်ပါလိမ့်မယ်။ ကျမတို့က တောသူတွေဆိုတော့
လာဘ်ထိုးတာတွေ ၊ ခြစားတာတွေလည်း သိပ်ပြီးနားမလည်ပါဘူး။ ဘယ်လိုပဲ နိုင်ငံရေးတရားတွေ ဟောဟော စိတ်လည်း မ၀င်စားနိုင်ပါဘူး။ သူတို့ပေးရင် ယူလိုက်မယ်။ သူတို့ ကျွေးရင် စားလိုက်မယ်။ ဒါပါပဲ ။ ကျမတို့သိတာ ဒါပါပဲ။
အခု အစည်းအဝေးခန်းမထဲမှာ လူတွေတော်တော်စုံနေပါပြီ။ တစ်ချို့က မုန့်ဟင်းခါးသောက်ပြီး ၊ အင်္ကျီလက်ဆောင်ယူပြိး အစည်းအဝေးတောင် မတတ်ကြပါဘူး။ သူတို့နဲ့စာရင် ကျမတို့က တော်သေးတယ်လို့ပြောရမှာပေါ့။ ထောင့်ကျကျနေရာက ဒေါ်ညိုစိန်တို့ ၊ မအေးမတို့ နားမှာ ကျမ ၀င်ထိုင်လိုက်ပါတယ်။ ကျမတို့ရှေ့တည့်တည့်က စင်မြင့်ပေါ်မှာ မြို့ကလာတဲ့ ကော်မရှင်လူကြီးတွေ ၊ ရွာထဲက အဖွဲ့ဝင်လူကြီးတွေ သိက္ခာရှိရှိနဲ့ထိုင်နေကြပါတယ်။
ရွာအရှေ့ဖျားက အဖွဲ့ဝင်လူကြီး ဦးသာမောင်ကဆို သူ့ရှေ့မှာတည်ထားတဲ့ ပျားလိမ္မော်သီးကို တစ်ခါမှ မမြင်ဖူး ၊ မကြုံဖူးဘူး ထင်ပါရဲ့။ လိမ္မော်သီးရဲ့ အခွံကို သေသေချာချာနွှာလိုက်ပါတယ်။ အမြောင်းလိုက်၊အမြောင်းလိုက် ဖြစ်သွားတဲ့ လိမ္မော်သီးရဲ့ ဘေးက ကပ်နေတဲ့ အမျှင်လေးတွေကိုလည်း တစ်မျှင်ခြင်း ခွါလိုက်ပါတယ်။ ပြီးမှ လိမ္မော်သီးကို ဖင်ပြန်၊ ခေါင်းပြန် ကြည့်လိုက်ပါသေးတယ်။ သူ့စိတ်ထဲမှာ ဘ၀င်မကျလို့နဲ့တူပါရဲ့။ မျက်မှောင်ကျုံ့ပြီး လိမ္မော်သီးကိုတစ်ပတ်လောက် လှည့်ကြည့်လိုက်ပါတယ်။ စိတ်ကျေနပ်လောက်အောင် ကြည့်ပြီး ပျားလိမ္မော်သီးကို အကုန်လုံး ၀ါးစားလိုက်ပါတယ်။ အဲဒီအချိန်မှာ မုန့်ဟင်းခါးကျွေးတဲ့ ရွာဥက္ကဌဟောင်း ကိုခွေးနီရောက်လာပါတယ်။။
“ ဗျို့ ကိုသာမောင် ၊ မုန့်ဟင်းခါးစားပြီးပြီလားဗျ ”
ကိုခွေးနီရဲ့အမေးကြောင့် ဦးသာမောင်သဘောကျစွာ ပြောလိုက်ပါတယ်။
“ အေးကွ ၊ စားပြီးပြီ ၊ငါ့သမီးကတောင် သူ့အမေအတွက်ယူဖို့ အိမ်ပြန်ပြီး ချိုင့်သွားယူလေရဲ့”
“ ယူရမှာပေါ့ ကိုသာမောင်ရယ်။ ဒေါတင်မေက အလုပ်မအားဘူးမို့လား ၊ များများသာ ထည့်သွားဗျို့။ နွားကျောင်းသွားတဲ့ ခင်ဗျားသား ကျော်ထွန်းအတွက်ပါ ထည့်သွား”
“ အင်းဗျာ ။ ခင်ဗျားရဲ့စေတနာကတော့ လေးစားလောက်ပါတယ်။ စေတနာက မှန်တစ်ချပ်လိုပါပဲ၊ ပြန်ပြီးတော့ တုံ့ပြန်လာမှာပါဗျာ ”
“ ကျုပ်ကလည်း အဲဒီတုံ့ပြန်မှုလေးကိုပဲ မျှော်လင့်နေတာဗျို့၊ ကဲ ကိုသာမောင် ၊ ကျန်တဲ့သူတွေကိုစီမံလိုက်အုန်းမယ်။ သွားဦးမယ်နော် ”
ကိုခွေးနီနဲ့ဦးသာမောင်တို့ စကားပြောသံကို ကျမတို့အတိုင်းသားကြားနေရပါတယ်။ ကျမလည်းစဉ်းစားမိပါတယ်။
ဦးကျော်ပိုင်နဲ့စာရင် ကိုခွေးနီက တော်တ်ာကိုသဘောကောင်းမယ့်ပုံပဲလို့ပေါ့။ ဦးသာမောင်ကိုတောင် အိမ်မှာကျန်နေတဲ့ သူ့မယားအတွက်
မုန့်ဟင်းခါးတွေယူသွားခိုင်းတာပဲ။ အိမ်ကအမေအတွက် မုန့်ဟင်းခါးလေးယူသွားရရင် ဆန်လည်း ရှော့ချက်လို့ရတယ်။ ကိုခွေးနီလည်း ကုသိုလ်ရတာပေါ့။ အဲဒါကြောင့် ကျမ ကိုခွေးနီကို လှမ်းခေါ်လိုက်ပါတယ်။
“ ဦးလေးခွေးနီ ၊ ဗျို့ ဦးလေးခွေးနီ”
ကျမရဲ့အော်ဟစ်သံကြောင့် ကိုခွေးနီပါမက အစည်းအဝေးပွဲရောက်နေတဲ့ လူအုပ်ကြီးကပါ ကျမကို ၀ိုင်းကြည့်ကြပါတယ်။
“ ဟေ ရှင်းသန့် ။ ပြောလေ ”
“ ဒီမှာတော့ ။ အမေကလည်း အလုပ်မအားလို့ လိုက်မလာနိုင်ရှာဘူး။ အမေက ဦးလေးကို အားပေးခိုင်းလိုက်ပါတယ်တော် ၊ ပြိးတော့”
“ ဘာလဲပြီးတော့ ။ မုန့်ဟင်းခါး ယူခဲ့ခိုင်းတာလား ”
“ ဟီးးးး”
ကိုခွေးနီက ကျမရဲ့စိတ်ကို မြင်နေရသလို ပြောလိုက်တော့ ကျမလည်း နည်းနည်းတော့ ရျက်သွားပါတယ်။ ဒါပေမယ့်လည်း ဒါပေမယ့်ပေါ့နော် ။
“ ကိုယ့်ပရိတ်သတ်ပဲရှင်းသန့်ရာ ၊ များများသာထည့်သွား ။ ဒါပေမယ့် သိတယ်နော် ”
ကိုခွေးနီက သူ့ကိုေ ထာက်ခံဖို့ အထာသဘောနဲ့ ပြောလိုက်ခြင်းပါ။ ကျမကလည်း မုန့်ဟင်းခါးရမှာ ဆိုတော့ လက်ညှိုးထောင်ပြိး ထောက်ခံတာလောက်ကတော့ လုပ်ပေးရမှာပေါ့ ။
“ အင်းပါ ဦးလေးခွေးနီရယ် ၊ ဒါနဲ့ မုန့်ဟင်းခါးကိုတော့ အစည်းအဝေးပွဲပြီးမှ ယူတော့မယ်နော် ၊ ခု့ ချိုင့်ပါမလာလို့ ”
“ အေးပါဟာ ၊ ရပါတယ် ။ ကဲ သွားဦးမယ် လုပ်စရာတွေက မပြတ်သေးဘူး ”
ကိုခွေးနီကတော့ ပြောပြောဆိုဆိုနဲ့ ထွက်သွားပါတယ်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အစည်းအဝေးခန်းမထဲမှာ လူကြီးကော လူငယ်ပါ စုံစုံလင်လင်ရောက်နေပါပြီ။ တစ်ခါမှ တိုက်ပုံအင်္ကျီ မ၀တ်ဖူးတဲ့ ထန်းရည်သမား ကိုမိုးညိုက ပူအိုက်လွန်းတဲ့ အငွေ့အသက်ကြောင့်လား မသိပါဘူး။ တိုက်ပုံအင်္ကျီကို ချွတ်ပြီး ပုခုံးပေါ်တင်လိုက်ပါတယ်။
မြို့နယ်ကော်မရှင်ဥက္ကဌက ဥက္ကဌရွေးချယ်ပွဲရဲ့အစီစဉ်တွေကို တစ်ခုပြီးတစ်ခု ကြေညာရင်း မိန့်ခွန်းတွေ ချွေနေပါတယ်။ ကြက်သမား အေးကိုကတော့ ကြာလို့နဲ့တူပါရဲ့ “ ဒီလူကြိးကလည်းကွာ ဘယ်သူ့ကို ရွေးချယ်ပါတယ်ဆို ပြီးရောပေါ့ ၊ နောက်ဘက်ရွာက ပြောင်ကြီးနဲ့ ကြက်တိုက်ဖို့ချိန်းထားတာ နောက်ကျပါပြီကွာ ” လို့ညဉ်းညူပါတယ်။
အေးကိုရဲ့ညဉ်းညူသံကြောင့် ဘေးနားမှာရှိတဲ့လူတွေက တဝေါဝေါနဲ့ရယ်ကြပါတယ်။ ကော်မရှင်လူကြိးက သူပြောတဲ့အထဲမှာ ရယ်စရာမပါပဲ ပရိတ်သက်က ရယ်ကြတော့ ကြောင်သွားပါတယ်။ ပြိးမှ တစ်ရွက်ပြိးတစ်ရွက် စာရွက်ကိုကြည့်ပြီး မိန့်ခွန်းပြောပြန်ပါတယ်။ ဒါကို ကျမတို့အဒေါ်ကြီး ရွှေမိက ဒေါသထွက်ဟန်ဖြင့် ကော်မရှင်လူကြီးကို လှမ်းအော်ပြိးမေးလိုက်ပါတယ်။
“ ဟဲ့ ကော်မရှင်ဆိုတဲ့ လူကြီးတွေ ၊ ရွေးမှာဖြင့် မြန်မြန်ရွေးတော်၊ ခုချိန်ထိ နွားစာကမရိတ်ရသေးဘူး။ အိမ်က နွားတွေက မျှော်နေရော့မယ်”
““ဟုတ်တယ် ၊ ဟုတ်တယ် ၊ ကျမတို့က တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ဘ၀လေ။ ဒီနေ့က အစည်းအဝေးပွဲကြောင့် အလုပ်မလုပ်ရဘူး။ ည ထမင်းစားဖို့ ရွာတောင်ဖျားက မကြီးတို့ဆီမှာ ဆန်သွားချေးရဦးမယ် ။ ရှင်တို့က ချေးမှာ မဟုတ်ဘူး ”
ဒေါ်ထွေးလေးက ထောက်ခံသလို သူ့ရဲ့အခက်ခဲကို ပြောလိုက်ပါတယ်။ ကော်မရှင်လူကြီးကတော့ တောင်းတောင်းပန်ပန် ပြောရှာပါတယ်။
“ဟုတ်ကဲ့ပါဗျာ ။ ကျေးရွာမှာရှိတဲ့ သူတွေရဲ့ သဘောဆန္ဒအရ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်မလုပ်ပဲ ။ ဒီမိုကရေစီ နည်းလမ်းကျမယ့် သဘောတရားကို ကျွန်တော်တွေးမိပါတယ်။ ဥက္ကဌအဖြစ် တင်သွင်းထားတဲ့ လူကြီး သုံးယောက်ကို ဆယ့်ငါးမိနစ်ဆီ မဲဆွယ်တရား ဟောခိုင်းပါ့မယ်။ မဲအရေအတွက်များတဲ့သူကို ဥက္ကဌအဖြစ်ရွေးချယ်ပါ့မယ်”
ကော်မရှင်လူကြိးက ပြောလိုက်တော့ တစ်ချို့တစ်လေက အားရ၀မ်းသာ လက်ခုပ်တီးကြပါတယ်။ တစ်ချို့ကတော့ နောက်ထပ် အချိန်ကြာကြာ စောင့်နေရမှာဖြစ်လို့ ညဉ်းညူကြပါတယ်။
ဥက္ကဌအဖြစ် အဆိုင်တင်သွင်းတဲ့သူအဖြစ် ပထမဦးစွာ ရွာတောင်ပိုင်းက ဦးကျော်ပိုင်က အရင်မဲဆွယ်တရားဟောရပါတယ်။ သည်နေ့ အစည်းအဝေးပွဲတတ်ဖို့ သီးသန့်ချုပ်ထားတဲ့ တိုက်ပုံအင်္ကျီကို ဦးကျော်ပိုင်က ဆွဲဆန့်လိုက်ပါတယ်။
( အရင်က ဥိးကျော်ပိုင်မှာ တိုက်ပုံအင်္ကျီ မရှိ ) လက်သီးဆုပ်လေးကို နှုတ်ခမ်းမျာကပ်ပြီး ချောင်းတစ်ချက်ဟန့်လိုက်ပါတယ်။
ပြီးမှ ခပ်တည်တည်နဲ့ မိုက်ခရိုဖုန်းရှိရာကို သွားပါတယ်။ ပြီးတော့
“ အဟမ်း ၊ မင်္ဂလာပါ လူကြိးမင်းများ ခင်ဗျား ၊ ကျွန်တော့်နာမည်ဘယ်သူဆိုတာ ပြောပြစရာ လိုမယ်မထင်တော့ပါဘူး ”
“ ဖြောင်းဖြောင်း ဖြောင်း ”
ဘယ်သူက စပြီးတီးလိုက်တယ် မသိပါဘူး ။ ဦးကျော်ပိုင် ဘာမှ မပြောရသေးပဲ လက်ခုပ်သံတွေ ဆူညံသွားပါတယ်။ လက်ခုပ်သံရပ်သွားမှ ပြူးကြောင်ကြောင်နဲ့ ပရိတ်သတ်တွေကို ဦးကျော်ပိုင်ကြည့်လိုက်ပါတယ်။ ဘယ်လောက်ကြာသလဲဆိုတာတောင် သတိမထားမိလိုက်ပါဘူး။ လူတစ်ယောက်က သတိပေးလိုက်မှပဲ ပြန်ပြီး အသက်ဝင်လာပါတယ်။
“ ဟုတ်ကဲ့ခင်ဗျာ ။ ခုလိုထောက်ခံတာ ၀မ်းသာပါတယ်ခင်ဗျ။ ကျွနတော်ခင်ဗျားတို့ကို တီရှပ်အင်္ကျီ လက်ဆောင်ပေးပြိးပြီပဲ ။ ဥက္ကဌဖြစ်ရင် မုန့်ဟင်းခါးပါ တိုက်အုန်းမှာပါ၊ ဒါပါပဲခင်ဗျ ”
“ဖြောင်း ၊ ဖြောင်း ၊ ဖြောင်း ”
လက်ခုပ်သံတွေ မရပ်ခင် ဦးကျော်ပိုင်စင်ပေါ်မှ ခပ်တည်တည်နဲ့ဆင်းလိုက်ပါတယ်။ စိတ်ထဲမှာတော့ တယ်ဟုတ်တဲ့ ငါပါလာ့းလို့ တွေးမိမှာ သေချာပါတယ်။ တကယ်လို့များ မိန့်ခွန်းတိုတိုလေးနဲ့ ဥက္ကဌ နေရာရသွားရင် ဂရင်းနစ်စံချိန်တောင် တင်လို့ရပါသေးတယ်။ ဦးကျော်ပိုင် မဲဆွယ်ပြီးတော့ ရွာဥက္ကဌဟောင်း ကိုခွေးနီက ခပ်တည်တည်နဲ့ မိုက်ခရိုမုန်းရှိရာကို လှမ်းလာပါတယ်။
ကိုခွေးနီက ဥက္ကဌဖြစ်ဘူးတော့ စကားပြောလည်း ကောင်းပါတယ်။ ရွာရဲ့ရာဇင်ဝင်တွေ ၊ ရွာရဲ့လိုအပ်ချက်တွေ ၊ ပြီးတော့ သူရမယ့် အာဏာနဲ့အညီ ကျေးရွာကို ပြုပြင်ပြောင်းလဲဖို့တွေ အများကြီး ပြောသွားပါတယ်။ ကျွန်တော် ခင်ဗျားတို့ကို မုန့်ဟင်းခါးကျွေးတာ လာဘ်ထိုးတာမဟုတ်ပါဘူ့းလို့ ခဏတိုင်းေ ပြာလို့ အဲဒီဝါကျတောင် နားထောင်နေတဲ့သူတွေ အလွတ်ရနေပါပြီ။
“ မုန့်ဟင်းခါးလည်း ကောင်းမယ်လို့ ထင်ပါတယ်။ ကျွန်တော်လည်း ကံကောင်းမယ်လို့ ထင်ပါတယ် ၊ ဒါပါပဲခင်ဗျာ ”
“ဖြောင်း ၊ ဖြောင်း ၊ ဖြောင်း ”
ကိုခွေးနီကတော့ သူ့ရဲ့ မဲဆွယ်တရား အဆုံးသတ်တာတောင် မုန့်ဟင်းခါးက ပါသွားပါသေးတယ်။
ကိုခွေးနီပြီးတော့ နောက်ဆုံးတစ်ယောက်တက်လာပါတယ်။ သူကတော့ ရွာသူ ၊ ရွာသားတွေ လုံးဝမထင်မှတ်တဲ့သူပါ။ ကျမတောင် မျက်လုံးတွေ မယုံနိုင်တော့ပါဘူး။ သူက အမျိုးသားတစ်ဦးလည်း မဟုတ်ပါဘူး။ ကျမရဲ့အဒေါ်အပျိုကြိး ဒေါ်မေခင်ပါ။ နိုင်ငံတ၀ှမ်းမျာ အမျိုးသမိးတွေကို နေရာပေးလာပေမယ့် ကျမတို့ရွာမှာတော့ ဥက္ကဌရွေးချယ်ပွဲပါဝင်ခဲ့တဲ့ အမျိုးသမီးရယ်လို့ အခုမှပဲတွေ့ဖူးပါတယ်။
ကျမအဒေါ်က တစ်ယောက်တည်းသမားလည်း ဖြစ်သလို ငွေကြေးတော်ရုံတန်ရုံပြည့်စုံပါတယ်။ ရွာထဲမှာလဲ သူ့ကျေးဇူးနဲ့ ကင်းသူရယ်လို့ မရှိသလောက်ပါပဲ။ စိတ်ကလည်း ထစ်ခနဲရှိ ဒိုင်းကနဲ တိုလွယ်ပါတယ်။ ပြောရင်လည်း ပြောတဲ့အတိုင်း လုပ်တတ်ပါတယ်။ ရွာသူ၊ ရွာသားတွေ အံသြနေတဲ့အချိန်မှာ ကျမအဒေါ်ကတော့ မိုက်ခရိုဖုန်းနဲ့ ပီပီသသ ပြောဆိုလိုက်ပါတယ်။ သူမဲဆွယ်တဲ့တရားက ဦးကျော်ပိုင်ထက်တောင် တိုပါသေးတယ်။
“ အဟမ်း ၊ တစ်ရွာလုံး ကျမကျေးဇူးနဲ့ ကင်းမယ်လို့ မထင်ပါဘူး။ ကျမ ဥက္ကဌဖြစ်သွားရင် အရင်အကြွေးလည်း မတောင်းတော့ပါဘူး။ နောက်လည်း ဆက်ချေးပါဥိးမယ် ။ ဒါပါပဲ ”
“ ဖြောင်း ၊ ဖြောင်း ၊ ဖြောင်း ”
ကျမအဒေါ်ရဲ့ မဲဆွယ်မှုအပြီးမျာ လက်ခုပ်သံတွေက ဆူညံသွားပါတယ်။ ပ၇ိတ်သတ်တွေကလည်း ကျမအဒေါ်စကားရဲ့နောက်မှာ လိုက်ပြီးစူးစမ်းကြပါတယ်။ တော်တော်များများကတော့ ပျော်လို့ပေါ့။
( ပိုက်ဆံချေးလို့ရတာကိုး) အဲဒီနောက်မှ ကော်မရှင်လူကြီးတွေ မဲအရေအတွက်ကို စာရင်းပြုပြီး ကြေညာပါတော့တယ်။ ကဲ့ဘယ်သူရမလဲ။ ရှည်ရှည်ဝေးဝေးပြောမနေတော့ပါဘူး။ ကျမအဒေါ် အပျိုကြီး ဒေါ်ခင်မေက ကျမတို့ကျေးရွာရဲ့ ပထမဦးဆုံး အမျိုးသမီး ဥက္ကဌဖြစ်လာပါတော့တယ်။
မုန့်ဟင်းခါးနဲ့လက်ထိုးတဲ့ ကိုခွေးနီနဲ့ တီရှပ်အင်္ကျီ နဲ့မဲဆွယ်တဲ့ ဦးကျော်ပိုင်တို့ကတော့ ကြက်ကြီးလည်လိမ်ထားသလိုပါပဲ။ အစည်းအဝေးပွဲလည်းပြီးရော ရွာသူ၊ ရွာသားတွေက ကိုယ့်အိမ်ကိုယ် ပြန်ကြပါတယ်။ ကျမကတော့ အမေ့အတွက် မုန့်ဟင်းခါး ယူရအုန်းမှာမို့ ကိုခွေးနီဆီသွားပါတယ်။
“ ဦးလေးခွေးနီ ။ မုန့်ဟင်းခါ့း”
“ ဘာမုန့်ဟင်းခါးလည်း ၊ မရှိဘူး သွား ။ ဟေ့ကောင် သာဘု ။ ပိုနေတဲ့မုန့်ဟင်းခါးကို ပိုက်ဆံနဲ့လိုက်ရောင်း ။ ငါပြန်မယ်”
အောင့်ကြီးစောင့်ကြီးနဲ့ ပြာကျလောက်အောင် မျက်စောင်းထိုးပြီး ဒေါသတွေထွက်ပြသွားတာ ကြောက်ခမန်းလိလိပါပဲ။ ကျမကတော့ မုန့်ဟင်းခါးမရတာကိုတွေးရင်း စိတ်ညစ်ညစ်နဲ့ပြန်လာပါတော့တယ်။
ကိုခွေးနီလို တစ်ခြား မဲဆွယ်စည်းရုံးတဲ့ လူကြီးတွေလည်း အစကတစ်မျိုး ၊ နောက်လည်း တစ်မျိုးဖြစ်သွားရင့်
ကျမ ရှေ့ဆက်ပြီး မတွေးရဲတော့ပါဘူး။ လောလောဆယ်တော့ အိမ်ပြန်ရောက်ဖို့ကပဲ ကျမအတွက် အဓိကဖြစ်နေပါတော့တယ်။။။။။။။။။။
အားလုံးကိုလေးစားချစ်ခင်လျှက်
ထပ်မံကြိုးစားပါဦးမည်။
ရှင်းသန့်မေ