၂၀၁၂-ခုနှစ်မှ ၂၀၁၃-ခုနှစ်ဆီသို့ ပြောင်းခဲ့ပါပြီ။ လောက၌ သက်ရှိ သက်မဲ့ မည်သည့်အရာမဆို အမြဲ ထာဝရ တည်နေတယ်ဆိုတာ ဘာတစ်မျှ မရှိပါဘူး။ ပြောင်းလဲ နေကြတာချည်းပါပဲ။ စက္ကန့် မိနစ်နှင့်အမျှ ပြောင်းလဲ နေကြတာချည်းပါပဲ။ မျက်စိတမှိတ် လျှပ်တပျက် တခဏ ပြောင်းလဲခြင်းမှ စ၍ ပြောင်းလဲခြင်းပေါင်း မြောက်များစွာ ကြာလာတဲ့ အခါကျတော့ ပြောင်းလဲခြင်းဟာ သိသာထင်ရှား လာပါတော့တယ်။
လူမျိုး ဘာသာအလျှောက် ခရစ်နှစ်တွေ ပြောင်းလဲလာခဲ့တာ ယခုဆို ၂၀၁၃-နှစ်ထဲသို့တောင် ရောက်ခဲ့ပြီ။ မြတ်စွာဘုရားနိဗ္ဗာန်စံပြီးသည်မှ နောက် ယခုဆို နှစ်ပေါင်း ၂၅၅၆-ခုနှစ်ထဲရောက်ခဲ့ပြီ။ ဒီလိုပဲ ကရင်နှစ်၊ ရှမ်းနှစ်၊ တရုပ်နှစ် စ-သည်ဖြင့် အားလုံးဟာ ပြောင်းလဲ ပြောင်းလဲ လာခဲ့ နေကြတာချည်းပါပဲ။
ကာလတွေ ပြောင်းလဲလာသလို ရုပ်နာမ်တရားတွေလဲ ပြောင်းလဲ နေကြတာချည်းပါပဲ။ မထင်ရှားတဲ့ ပြောင်းလဲခြင်း ထင်ရှားတဲ့ ပြောင်းလဲခြင်းတွေနှင့် ပြောင်းလဲနေကြတာချည်းပါပဲ။
မိမိရဲ့ခန္ခာကိုယ်ကိုပဲ ပြန်လည်သုံးသပ်ကြည့်ကြပါစို့။ မွေးခါ စ အရွယ် လမ်းလျှောက်ခါ စ အရွယ် တဖြေးဖြေး ကြီးလာတဲ့ အရွယ်က စပြီး မည်သူမဆို ယခုရောက်နေတဲ့ အရွယ်ထိအောင် သေသေချာချာ ကြည့်ပါ။ ဘယ်လိုမှ မတူနိုင်တာကို တွေ့ရပါလိမ့်မယ်။ မထင်ရှားသေးရင် ကိုယ့်ရဲ့အရွယ်အစား အလိုက် ဓာတ်ပုံရိုက်ထာတဲ့ ပုံများကို ကြည့်ပါက ပြောင်းလဲသွားတာကို ထင်ရှားစွာ သိရှိနိုင်ပါလိမ့်မယ်။
ဥပမာပြောရရင် ဆီမီးလျှံလို မြစ်ရေအလျင်လို ပေါ့။ ဆီမီးလျှံရဲ့ မီးတောက်ကို တွေ့ရပါလိမ့်မယ်။ အဲဒီ မီးတောက်ဟာ အမြဲမပြတ် တောက်နေပါတယ်။ သို့သော် အောက်ကဆီရှိတဲ့ အချိန်မှာ တောက်နေတာပါ။ ဆီကုန်ရင် ငြိမ်းသွားပါလိမ့်မယ်။ ရှေ့က မီးလျှံကဖြစ်ပြီး ပြောင်းလဲသွားပြီ။ နောက်ကမီးလျှံက လိုက်ဖြစ်လိုက်နဲ့ အဲဒီလို အဆက်မပြတ် ဖြစ်နေတော့ မြန်လွန်းတဲ့ အတွက်ကြောင့် ပြောင်းလဲနေတာကို မသိကြတာပါ။ ဒါပေမဲ့ အချိန်တွေကြာလာပြီး အောက်ကဆီမီးကုန်သွားရင်ဖြင့် မီးတောက်ဟာ အပြီးငြိမ်းလို့ သွားပါတော့တယ်။
မြစ်ရေလည်း ထိုနည်းတူပါပဲ။ မြစ်ထဲကြည့်လိုက်မယ်ဆိုရင် ရေတွေ တဖြေးဖြေး စီးဆင်းနေတာကို တွေ့ရပါလိမ့်မယ်။ ရေပေါ်ပါလာတဲ့ အမှိုက်သရိုက်ကို ကြည့်က ရှေ့ရေနှင့် နောက်ရေ မတူညီကြောင်း ထင်ရှားစွာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အချိန် ကြာလာတာနှင့်အမျှ ရှေ့ရေတွေပြောင်းလဲပြီး နောက်ရေတွေ ရောက်လာကာ ပြောင်းလဲပြောင်းလဲနေတာကို တွေ့နေရပါလိမ့်မယ်။
အဲဒီတော့ အချိန်ကာလတွေ ရုပ်နာမ်တရားတွေဟာ မျက်စိတမှိတ် လျှပ်တပျက် တခဏအတွင်းမှာ ပြောင်းလဲခြင်းပေါင်း မြောက်များစွာ ပြောင်းလဲနေတာကို တွေ့မြင်ကြရပြီးဖြစ်ပါတယ်။
ဒီတော့ အချိန်ကာလဟာ အချိန်ကာလကိုလည်း ပြန်စားသွားတယ်။ ရုပ်နာမ်တရားတွေကိုလည်း စားသွားတယ်။ အချိန်ကာလတွေကို ပြန်စားသွားခြင်းကြောင့် ရက် လ နှစ်တွေ အတိတ်မှာ ကျန်ရစ်ခဲ့ပြီး။ ရုပ်နာမ်တရားတွေကို စားသွားခြင်းကြောင့် တဖြေးဖြေး အိုမင်းရင့်ရော်ပြီး သေမင်းနိုင်ငံသို့ အပို့ဆောင်ခံရခဲ့တယ်။
ယခုလည်း ၂၀၁၂-ခုနှစ်ဆိုတဲ့ ကာလတစ်ခုကို ကာလတစ်ခုက ပြန်စားသွားခြင်းကြောင့် ၂၀၁၃-ခုနှစ်ဆိုတဲ့ နှစ်သစ်ဆီကို ရောက်လာခဲ့ပါပြီ။
သင်တို့ကိုလည်း ၂၀၁၂-ခုနှစ်ဆိုတဲ့ ကာလက စားသွားခဲ့ပြီ။ အဲဒီကာလအတွင်း ဘာတွေများ သင်တို့အတွက် အမြတ်ထွက်ခဲ့ပါသလဲ။ ကုသိုလ်တွေ ဥစ္စာတွေ ကျန်းမာရေးတွေ ပညာရေးတွေ ရရှိခဲ့ပါသလား။ အဲဒီနှစ် အဲဒီကာလအတွင်းမှာ အထက်ကလေးမျိုး ရရှိတယ် ဆိုရင်တော့ သင်တို့က အဲဒီနှစ်ကို ပြန်စားသွားနိုင်တာပါပဲ။ အဲဒီလို အချိန်ကို ပြန်စားသွားနိုင်တယ်ဆိုရင် သင်တို့ဟာ အဲဒီအချိန် အဲဒီနှစ်ကို အလဲထိုး အနိုင်ယူနိုင်တဲ့ လူစွမ်းကောင်းတွေပဲလို့ မှတ်ယူရပါလိမ့်မယ်။
အဲဒါကြောင့် ကလျာဏမိတ်အပေါင်းသူတော်ကောင်းတို့ သင်တို့တတွေဟာ ၂၀၁၃-ခုနှစ်ဆိုတဲ့ ရှည်လျားလှတဲ့ အချိန်ကာလကြီးကို ဖြတ်သန်းကြရတော့မှာ ဖြစ်ပါတယ်။ အဲဒီလို ဖြတ်သန်းကြရတဲ့အခါမှာ သူပဲနိုင်မလား ကိုယ်ပဲနိုင်မလား-ဆိုတာကို ကုသိုလ်တွေ ဥစ္စာတွေ ကျန်းမာရေးတွေ ပညာရေးတွေ-ဆိုတဲ့ ချန်ပီယံ ဒိုင်းဆု အနိုင်လု-ယူနိုင်ခြင်းဖြင့် ဆုံးဖြတ်နိုင်ကြပါစေ။
(၁-၁-၂၀၁၃) အင်္ဂါနေ့ ည ၉-နာရီခွဲ
သုခီ ဒီဃာယုကော ဘ၀။ (ဆရာဗန်)