ငယ်စဉ်ဘ၀ စာအုပ်စာပေနဲ့ကြီးပြင်းခဲ့ရခြင်းဟာ မင်္ဂလာတစ်ပါးပါ
ကျွန်မရဲ့ ဖေဖေစုဆောင်းထားရှိခဲ့တဲ့ ရသစာပေ၊ နိုင်ငံရေးစာပေ များကြောင့်..
အလယ်တန်းကျောင်းသူဘ၀မှာ ပြင်ပစာပေများဖတ်တတ် လာပါတယ်..။
သခင်မြသန်း၊ ဗန်းမော်တင်အောင်၊ စောဦး၊ လင်းယုန်သစ်လွင်၊ ခင်နှင်းယု၊
တက္ကသိုလ်ဘုန်းနိုင်..စတဲ့ဖေဖေ အကြိုက်တွေဟာ ကျွန်မအကြိုက်တွေဖြစ်
လာပါတယ်..။
အထူးသဖြင့်ဖေဖေက နိုင်ငံရေးမှာ လက်ဝဲဆန်သူမို့ ကျွန်မဘ၀မှာ ပစ္စည်းမဲ့လူတန်းစား..
အနုပဋိလောမရုပ်ဝါဒ..စတဲ့စကားလုံးတွေကို သဘောမပေါက်ပါပဲနားရည်ဝလာခဲ့ပါတယ်..။
ကိုးတန်းကျောင်းသူဘ၀မှာတော့ ဖေဖေစာအုပ်ဘီရိုထဲက..ဆရာကြီးမောင်သာရရဲ့ဘ၀စာပေများ၊
ဆရာကြီးပါရဂူရဲ့ဟိန္ဒူဘာသာပြန်စာအုပ်တွေက..ဖေဖေရဲ့နိုင်ငံရေးစာအုပ်တွေထက်
ကျွန်မကိုပိုမိုလွှမ်းမိုးလာပါတော့တယ်..။
ဒါပေမဲ့ ထိုစဉ်က ဘ၀မှာသဘောတရားနဲ့လက်တွေ့ နီးစပ်ဖို့လိုတယ်ဆိုတာကို
ကျွန်မနားမလည်ခဲ့ပါဘူး..ကျောင်းစာဖတ်မယ်..အချိန်ရရင်ပြင်ပစာတွေဖတ်မယ်
နှစ်သက်တဲ့စာကြောင်းမှတ်စုထဲကူးမယ်..။
ကျွန်မဘ၀ရဲ့အပြောင်းအလဲကတော့ တက္ကသိုလ် အဆောင်နေကျောင်းသူဘ၀ဖြစ်လာတဲ့အခါ
အဆောင်မှာ..အတူနေသူအားလုံးထဲက တစ်ချို့နဲ့တည့်အောင်မပေါင်းနိုင်တော့တာပါပဲ..
မတောက်တခေါက် စာပေဗဟုသုတ အခံက သူငယ်ချင်းတစ်ချို့နဲ့ပေါင်းသင်းဆက်ဆံရေးမှာ
အဟန့်အတားဖြစ်စေပါတော့တယ်..။
ပေါ့ပေါ့နေနေပေါ့ပေါ့စား သူငယ်ချင်းတွေကို လေးနက်မှုမရှိသူတွေလို့ အထင်သေးမိလာပါတယ်
ကိုယ်ကအပေါင်းအသင်း သိပ်မလုပ်ချင်မိသလို..သူတို့ကလည်း ဟက်ဟက်ပက်ပက်မရှိတာ ခံလာ
ရပါတယ်..။ ကြာတော့ သင်းကွဲငှက် ဆန်ဆန်ဖြစ်လာပါတော့တယ်..။
ကျွန်မတက္ကသိုလ်ကျောင်းသူဘ၀ တစ်ပိုင်းတစမှာပဲ..မြန်မာနိုင်ငံရဲ့အရေးအခင်းတစ်ခုမှာ
ကျွန်မတို့ ရန်ကုန်မြို့ပေါ်က တက္ကသိုလ်ကျောင်းသားကျောင်းသူတွေဟာ..ရဟန်းသံဃာ
များနဲ့အတူ ပူးပေါင်းဆောင်ရွက်ခွင့်ကြုံလိုက်ကြရပါတယ်..။
အင်မတန်မှ အံ့အားသင့်စရာကောင်းတာက ကျွန်မလောက် စာမဖတ်ဖူးသူတွေ
လေးနက်မှုမရှိလို့အထင်သေးမိခဲ့တဲ့ အဆောင်နေ ကျွန်မရဲ့ကျောင်းနေဖက်တွေဟာ
ကိုယ့်ထက် ပိုမိုပြတ်သား ရဲဝန့်ကြတာ တွေ့လိုက်ရပါတော့တယ်..။
အင်းစိန်ဘ၀တက္ကသိုလ်မှာ အတူတကွဆက်လက် အနားယူကြပြန်တော့လည်း
သူတို့တတွေက ကျွန်မထက်ပိုမိုလက်တွေ့ဆန်ကြတာတွေ့ရပါတယ်..
ဒုက္ခဆိုတာကို ရယ်မောပျော်ရွှင်စရာအဖြစ်ဖန်တီးနိုင်ကြပါတယ်..
အားအားရှိ အိပ်ယာထက်လှဲရင်း အိမ်လွမ်းသူတွေမဟုတ်ကြပဲ..ရှေ့ဘာဆက်လုပ်မလဲ
အချင်းချင်း ဘာကူညီရမလဲဆိုသူတွေဖြစ်လာပါတယ်..။
ဒီလောကကြီးမှာလည်း..ကျွန်မလိုသဘောတရားအားကိုနဲ့ ကိုယ့်ကိုကိုယ်အထင်ကြီးမိနေသူတွေ
ရှိကောင်းရှိကြမှာပါ..မြန်မာစကားရှိပါတယ်..
ချည်သေးတော့ခြားမလည်..ငယ်သေးတော့နားမလည်ပေါ့
ဆရာမြသန်းတင့်ရဲ့ (ဓါးတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်) စာအုပ်ထဲကလို
သဘောတရားသမား တက္ကသိုလ်ကကျောင်းဆရာနဲ့ စက်လှေအလုပ်သမား ကိုသံချောင်း
တို့လိုပေါ့..လက်တွေ့မှာ အစမ်းသပ်ခံနိုင်ဖို့က အဓိကပါပဲဆိုတာ ခုတော့သဘောပေါက်မိပါတယ်။
နုနယ်လှတဲ့ ဒီမိုကရေစီလမ်းသစ်ပေါ်က ကျွန်မတို့မြန်မာနိုင်ငံမှာ အခုအခါ နိုင်ငံရေးပါတီအမျိုးမျိုး
ပွင့်လင်းမှုဖေါ်ဆောင်ရေး အဖွဲ့အစည်းအမျိုးမျိုး ပေါ်ပေါက်လာတာကြိုဆိုစရာပါ..
ဒါပေမဲ့..လက်တွေ့မကျတဲ့သဘောတရားရေးသက်သက်အဖွဲ့အစည်းတွေ
သဘောတရားရေးမပါတဲ့ လက်တွေ့သက်သက်အဖွဲ့အစည်းတွေ သိပ်များနေရင်တော့..
မြန်မာနိုင်ငံသားတိုင်းလိုလားနေတဲ့ နောက်ကြောင်းမပြန်ရေးဆိုတဲ့
ပန်းတိုင်ကို..အဟန့်အတားကြီးဖြစ်နေမှာကိုတော့..စိတ်ပူစရာလို့ထင်မိကြောင်းပါ..။