မေမေ ရေ ...
ရခဲလှတဲ့ လူဘ၀ကြီးကို ကုသိုလ်ကံပါလို့ မေမေ ၀မ်းထဲမှ သန္ဓေတည်ခွင့်ရခဲ့ပြီနော် ...
မေမေ ရေ ...
အခုလို သန္ဓေတည်ခွင့်ရတာ သား ရဲ့ ရှေးဘ၀ က ကုသိုလ်ကံ ဆိုပေမယ့် ... လူ့လောကထဲကို လူသားတစ်ယောက် အဖြစ် မွေးဖွား လာဖို့ အတွက်တော့ မေမေ က အစွမ်းကုန် တာဝန် ကျေခဲ့တယ်နော် ... မေမေ့ ကျေးဇူး ဆိုတာကို သား မေမေ့ဝမ်းတွင်း မှာ ရှိစဉ်ကတည်းက ခံစားရတာပါ မေမေရယ် ....။
မေမေ ရေ ...
လူသား တစ်ယောက် အဖြစ် မမွေးဖွားလာခင် လူသား တစ်ယောက် အဖြစ် ပုံဖော်ပေးခဲ့တာ က မေမေ ပါ ...။ ကိုယ်တိုင် အစာရယူနိုင်ခြင်း မရှိတော့ မေမေ့ ရဲ့ အသွေးသား ထဲကပဲ သားအတွက် ဖဲ့ယူခဲ့ရတယ် ...။ မေမေ က ဘာမှ မငြိုငြင်ဘူးနော် ..။ ဒီလိုမျိုး သားအတွက် ပေးဆပ်နေရတာကိုက မေမေ့ ဘ၀ လို့ ခံယူထားတာ သားနားလည်မိပါတယ် မေမေ ...။ သားက မေမေ ဆီက အာဟာရတွေ ယူသုံးရုံတင် မဟုတ်ဘူးနော် ... သား ကိုယ်ထဲက ထွက်တဲ့ ဇီဝဖွဲ့စည်းမှုက ဘေးထွက် စွန့်ပစ်ပစ္စည်းတွေကိုလည်း မေမေ့ ၀မ်းထဲကိုပဲ သားစွန့်ပစ်ရတယ် ...။ အားနာလိုက်တာ မေမေ ရယ် ...။ ဒါပေမယ့် မေမေက အပြုံမပျက်ဘူးနော် ...။ မေမေ့ မေတ္တာနဲ့ မေမေ့ အကြင်နာတွေကတော့ တကယ့်ကို အနိုင်းမဲ့ပါပဲ မေမေ ...။
ဒါတင် ဘယ်က ပါဦးမလား မေမေရယ် ...။ မေမေ က မေမေ့ ၀မ်းထဲမှာ သားကို လွယ်ထားရပြီ ဆိုတာ သိသိ ရချင်းကတည်း က မေမေ့ ဘ၀ က တဆစ်ချိုး ပြောင်းသွားရသလိုပဲနော် ...။ အရင်က မေမေ ကြိုက်ခဲ့ဖူးတဲ့ အပူအစပ် တွေ ... သား တစ်ယောက်တည်း အတွက်နဲ့ပဲ မေမေ စားချင်ပါလျှက်နဲ့ ခေါင်းယမ်း ခဲ့တယ် ...။ သားအတွက် အားရှိစေနိုင်လောက်မှာတွေကိုပဲ မေမေ ရွေးပြီး စားခဲ့တယ် ...။ အစား အသောက်မှ မဟုတ်ပါဘူး မေမေ ရယ် ..။ မေမေ အနေနဲ့ အသွားအလာ အနေအထိုင်အစစ အရာရာ မေမေ ဆင်ခြင်ခဲ့ရတာပဲ ...။ ဒီလိုဆိုရင် ငါ့ သားလေး ကို ထိခိုက်သွားမလား ...။ ဒါလုပ်လိုက်ရင် ငါ့သားလေးများ တစ်ခုခု ဖြစ်သွားမလား ...။ ဒါလေး စားလိုက်ရင် ငါ့သားလေး အားဖြစ်သွားနိင်မလား ဒါမှ မဟုတ် ဒုက္ခ ရောက်သွားနိုင်မလား ...။ ဒီလို အတွေးတွေက မေမေ ရဲ့ ခေါင်းထဲမှာ အမြဲ လွှမ်းမိုးနေမယ် ဆိုတာ သား နားလည်မိပါတယ် မေမေ ...။
မေမေ ရေ ...
ယောက်ျား ဖောင်စီး မိန်းမ မီးနေတဲ့ မေမေ ရဲ့ ...။ မိန်းမ တွေရဲ့ ဘ၀မှာ အသက်အန္တရာယ် နဲ့ အနီးဆုံး ဖြစ်တဲ့ သားကို မေမေ့ ၀မ်းမှာ လွယ်ထားရတဲ့ အချိန်တွေကို မေမေ ကျော်ဖြတ်ရတာ အရမ်းပင်ပန်းမှာပဲနော် ...။ ကိုးလ ဆိုတဲ့ အတိုင်းအတာ ဟာ သာမန်လူတွေ အဖို့ ဘာမှ မထူးခြားတဲ့ အချိန်ကာလ ဆိုပေမယ့်လည်း သား ကို လွယ်ထားရတဲ့ မေမေ အနေနဲ့တော့ ပင်ပန်း ခက်ခဲ တဲ့ အချိန် တွေဖြစ်မှာ အသေအချာပဲ ...။ ဒါပေမယ့် လည်း မမြင်ရသေးတဲ့ သားရဲ့ မျက်နှာကို စိတ်ကူးနဲ့ မှန်းယောင်မျှော်ကာ စိတ်ကူးယဉ်ပြီး ... ငါ့သားလေး ကြီးလာရင် ... ဆိုတဲ့ မျှော်လင့်ချက်တွေ စိတ်ကူးအိမ်မက်တွေ အများကြီးနဲ့ မေမေ ဖြတ်သန်းနေ မယ် ဆိုတာကို သား အသေအချာ သိပါတယ်မေမေရယ် ..။
မေမေရေ ...
တစ်ခါတစ်လေ မေမေ့ ၀မ်းထဲမှာ သားရှိနေတဲ့ အတွက် မေမေ နေထိုင်မကောင်း ဖြစ်ရတယ် ...။ ကိုယ်လက် မအီမသာ ဖြစ်ရတယ် ...။ အထိုင် အထ အသွားအလာက အစ လှုပ်ရှားမှု အဆင်မပြေ ဖြစ်နိုင်တယ် ...။ နောက်ပြီး သား က မေမေ့ ၀မ်းထဲမှာ တဖြည်းဖြည်း ကြီးထွားလာတာနဲ့ အမျှ မေမေ့ ၀မ်းဗိုက်လည်း တဖြည်းဖြည်းကြီး လာလေတော့ ... အရင်က ကိုယ်တိုင် လွယ်လွယ် ကူကူ လုပ်နိုင်ခဲ့တဲ့ အလုပ်တွေကိုတောင်မှ အကူအညီပါမှ လုပ်နိုင်တော့မယ် ...။ ဥပမာ ... သား ရဲ့ သက်တမ်း လရင့်လာ လေလေ မေမေ အတွက် ကိုယ့်ခြေထောက်ကိုယ် ပြန်မမြင်ရလာ လေလေ ဆိုတော့ မေမေ့ အနေနဲ့ ကိုယ်ခြေထောက်ကို ရေဆေးရာမှာတောင် အခက်တွေ့နိုင်တယ်...။ မေမေ က စိတ်ဓာတ်ခိုင်မာပြီး ကိုယ်ဘာသာကိုယ် ရပ်တည်နိုင်တဲ့ သူတစ်ယောက် ဆိုပေမယ့် သားအတွက်နဲ့ပဲ မေမေ့မှာ အကူအညီယူရတဲ့ အချိန်တွေ ရှိလာနိုင်မှာပဲနော် ...။
တစ်ခါတစ်လေ မေမေ့ ဗိုက်ကို သား ကန်မိတဲ့ အချိန်လည်း ရှိနိုင်တယ် ...။ မေမေ ရယ် ... အဲ့ဒါက သား မေမေ့ ကို မချစ်လို့ မဟုတ်ပါဘူးနော် ...။ သားမှာကလည်း မေမေ့ ၀မ်းကြာတိုက် ကျဉ်းကျဉ်းလေးထဲမှာ အထက်အောင် ပြောင်းပြန် အနေအထားနဲ့ ခပ်ကွေးကွေး လေး နေနေရတာ မေမေ ရဲ့ ...။ သားလည်း အသွေးအသား နဲ့ ဖြစ်လာလေတော့ နည်းနည်း လူးလွန့်မိမှာပဲနော် မေမေ ...။ ဒါပေမယ့်လည်း မေမေ က ဒီလိုမျိုး မေမေ့ ဗိုက်က လှုပ်ရှားလာရင်ပဲ သား လေးရဲ့ အချက်ပေးတာ ဆိုပြီး မေမေ ကြည်နူးနေမယ် ဆိုတာ သားသိပါတယ်မေမေ ...။
မေမေ ရေ ...
ရောက်လာမယ့် သားအတွက် မေမေ အစစ အရာရာပြင်ဆင်ထားတာပဲနော် ...။ သားအတွက် ကောင်းနိုးရာရာ နာမည်လေးတွေက အစ ... သားကြီးလာရင် ဘာဖြစ်အောင် ... ဘယ်လိုမျိုး လိမ္မာအောင် ဆိုတာတွေ အထိ အစီအစဉ်တွေလုပ်ထားတာပဲနော် ...။ သား အရမ်းကြည်နူးတာပဲ မေမေ ...။
မေမေရေ ...
မေမေ့ ကို သား အရမ်းချစ်တာပဲ ...။ သားကို မမြင်ရခင်ကတည်းက အဆုံးမရှိမေတ္တာတွေ ပေးနေတဲ့ မေမေ့ မျက်နှာကိုလည်း သားအရမ်း တွေ့ချင်နေပြီ ....။
ဟော ....
မေမေ ရေ ....
သား လူ့လောကထဲကို တိုးထွက်ဖို့ အချိန်ရောက်ပြီနဲ့တူတယ် ...။ သား လူ့လောက ကို ရောက်လာဖို့ အတွက် မေမေ က မရဏ မင်းနဲ့ တိုက်ပွဲဝင်ရတော့မယ် ...။ တစ်လောကလုံး မှာ တစ်ခါမှ မခံစားဖူးရနိုင်တဲ့ နာကျင်မှုတွေကို မေမေ ရင်ဆိုင်ရတော့မယ် ...။ မေမေ ကြောက်မှာ မဟုတ်ဘူး ဆိုတာ သား သိပါတယ် မေမေ ...။ သား လည်း အတက်နိုင်ဆုံး ပါဝင်မှာပေါ့ မေမေ ရယ် မေမေ အတွက် သက်သာနိုင်အောင်လို့ ... အခုအချိန်မှာ မေမေ့ စိတ်ထဲမှာ ဖြစ်လာမယ့် နာကျင်မှုအပေါ် အာရုံရှိနေမှာ မဟုတ်လောက်ပါဘူး ..။ မွေးလာမယ့် သား အတွက် ကိုယ်လက်အင်္ဂါအပြည့်အစုံပါ မပါ စိတ်ပူနေမယ် ... ကျန်းကျန်းမာမာ သန်သန် စွမ်းစွမ်း ဖြစ်ဖို့ မေမေ စိတ်ပူနေမယ် ...ပြီးတော့ ဖ၀ါးလက်နှလုံး ပုခုံးလက်နှစ်သစ် အရွယ်လေး သားကို ကြည်နူးမှုနဲ့ စောင့်ရှောက်ပြုစုဖို့ တွေးနေမယ် ..။ သား အနာဂတ် အတွက်ရည်မှန်းချက်တွေ ချနေမယ် ...
မေမေ ရေ...
သား လူ့လောကထဲကို မြန်မြန် ရောက်ချင်လာပြီဗျာ ... မေမေ့ရဲ့ မေတ္တာကိုလည်း ခံယူချင်တယ် ... မေမေ ရဲ့ ရည်မှန်းချက် အတိုင်းလည်း သားလိမ္မာတစ်ယောက်ဖြစ်အောင် လုပ်ပြချင်တယ် ... အခုလို မေမေ ၀မ်းထဲမှာ ရှိနေတုံးကလို မေမေ့ ဆီက ကောင်းတာ မှန်သမျှ အကုန်ယူပြီး မေမေ့ ၀မ်းထဲကို သားထဲက မကောင်းတဲ့ ပစ္စည်းတွေ ပြန်ပေးတာမျိုး မဖြစ်ချင်ဘူး ... မေမေ့ အတွက် အားကိုးရမယ့် သား တစ်ယောက်ဖြစ်အောင် ကြိုးစားပြချင်တယ် ... မေမေ့ကို သား ရဲ့ အကောင်းဆုံး ဆိုတာတွေ ပြန်ပေးချင်တယ် ... မေမေ့ ဆီက မေမေ့ ရဲ့ ဒုက္ခတွေ ပြသနာတွေကို သားကူညီဖြေရှင်း ချင်တယ် ...။ မေမေ့ အတွက် အား ဖြစ်စေမယ့် သား ကောင်း တစ်ယောက် ဖြစ်အောင် သားကြိုးစားချင်တယ် ... သားရဲ့ ပုခုံးတွေက မေမေ့ အတွက် အားကိုးနားခိုလို့ ရမယ့် နေရာတွေဖြစ်အောင်ကြိုးစားချင်တယ် ... မိသားစုအတွက် ကျားတစ်ကောင်လို့ ဂြိုဟ် ဆိုး မဖြစ်ချင်ဘူး ... သားဆိုး အမေ တပေပေ ဆိုတဲ့ ဆိုရိုးက မေမေ နဲ့ လုံးဝ မသက်ဆိုင်စေရဘူး မေမေ ... သား ကတိပေးချင်တယ် ...
မေမေ ရေ ... မေမေ့ကို တွေ့ဖို့ ... လောကကြီးကိုရင်ဆိုင်ဖို့ သား လာနေပြီ မေမေ .......
လောကမှ မိခင်အားလုံးကို ဦးညွှတ်လျှက် .....
ကျွန်တော့် ရဲ့ အစ်မတော် မမရှား အတွက် အထူးရည်ရွယ်ပါသည်..။
MgKaung