ရင်ထဲ မချိလှသည့် သတင်းတစ်ပုဒ်ကို Facebook ပေါ်မှ တဆင့် ကြားသိလိုက်ရသည် ..။ သတင်းအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည် …။
NLD ပညာဒါန သင်တန်းကျောင်းတွင် ကျောင်းသူကို အဓမ္မပြုကျင့်
..................................................................................
ရန်ကုန်၊ ဇန်နဝါရီ ၅
ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ် NLD ရုံးခန်းရှိ ပညာဒါန ကျောင်းတွင် ဇန်နဝါရီ ၃ ရက်နေ့က ၁၅ နှစ်အရွယ် ဒဿမတန်း ကျောင်းသူ တစ်ဦးကို NLD ပညာဒါန ကျောင်း တာဝန်ရှိသူ တစ်ဦးက အဓမ္မပြုကျင့် ခဲ့ကြောင်း မြို့ နယ် ရဲစခန်းသို့ တိုင်ကြားချက်ကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးသို့ ပေးပို့ချက် အရ သိရသည်။
အဓမ္မပြုကျင့် ခံရသော ကျောင်းသူမှာ အ.ထ.က (၁) ပန်းဘဲတန်းတွင် ပညာသင်ကြား နေသူဖြစ်ပြီး ယင်းနေ့ နံနက် ၈ နာရီ ခန့် တွင် NLD ပညာ ဒါန သင်တန်းကျောင်းရှိ ကျပန်းစကားပြော ပြိုင်ပွဲသို့ သွားရောက်ရာ ပြိုင်ပွဲပြီး ချိန် တွင် အဆိုပါ ကျူရှင်ကျောင်း ၇ လွာရှိ အမဖြစ်သူ၏ သူငယ်ချင်း အခန်းသို့ အမဖြစ်သူ ရှိ၊မရှိ သွားရောက် ကြည့်ရှုကာ မတွေ့၍ ပြန်လည် ဆင်းလာချိန်တွင် ကျောင်းတာဝန်ခံ ခင်မောင်ထူး (ခ) သားကြီး (ခ) ဆိုဖီရင်း အသက် ၂၂ နှစ် က ကိုကာကိုလာ အချိုရည် ဘူးတွင် မူးမေ့ စေတတ် သည့် ဆေးထည့်ကာ တိုက်ခဲ့ပြီး ပြစ်မှု ကျူးလွန်ခဲ့ကြောင်း ကျောင်းသူ၏ အမ ပြောကြားချက် အရ သိရသည်။
ယင်းအချိုရည်ကို သောက်ပြီး မူးမေ့ သွားခဲ့ရာ သတိ ပြန်ရချိန်တွင် သူမ ဝတ်ထားသော အပေါ် အင်္ကျီ နှင့် အနက်ရောင် ဘောင်းဘီရှည်မှာ ကျွတ်လျက် အနေ အထားဖြင့် အနားတွင် ခင်မောင်ထူးကို တွေ့ရပြီး သတိလစ် နေခိုက် ခင်မောင်ထူးက ၄င်းကို အဓမ္မ ပြုကျင့် နေသည်ကို သတိ ထားမိကြောင်း ယင်း အဖြစ်အပျက်ကို မည်သူ့ကိုမျှ ပြန်မပြောရန် ခင်မောင်ထူးက ပြောဆို ခဲ့ပြီး အဆိုပါ ကျောင်းသူ တိုက်ပေါ်က ဆင်းလာစဉ် သမီးဖြစ်သူ အိမ်ပြန် နောက်ကျ၍ အပူတပြင်း ရှာဖွေနေသည့် မိခင်နှင့် တိုက်အောက် တွင် တွေ့ခဲ့ပြီး မိခင်ဖြစ်သူကို အသိပေး ခဲ့ရာမှ ပန်းဘဲတန်း ရဲစခန်းသို့ သွားရောက် တိုင်ကြား ခဲ့ပြီး ရဲစခန်းက (ပ) ၈ / ၂၀၁၃၊ ပုဒ်မ - ၃၇၆ ဖြင့် အမှုဖွင့် စုံစမ်း စစ်ဆေးလျက် ရှိကြောင်း အဓမ္မ ကျူးလွန် ခံရသူ၏ ဦးလေး ဖြစ်သူ၏ ပြောကြားချက်နှင့် ရဲစခန်းသို့ တိုင်ကြားချက်များ အရ သိရသည်။
အဆိုပါ ကိစ္စနှင့် ပက်သက်၍ The Voice Weekly က NLD ဗဟို အလုပ် အမှုဆောင် တစ်ဦး ဖြစ်သူ ဦးအုန်းကြိုင်ကို ဆက်သွယ် မေမြန်းခဲ့ရာ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်း မေးမြန်း နေဆဲဖြစ် ကြောင်း ပြစ်မှု ကျူးလွန်သူဟု ယူဆ ရသူကို အင်းစိန် အကျဉ်းထောင်သို့ ပို့ဆောင် သွားသည် ကိုသာ သိရှိ သေးကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
NLD ပါတီ သတင်း ပြန်ကြားရေး ဌာန ဦးကြည်တိုး ထံသို့ ဆက်သွယ် မေးမြန်း ရာ ပြစ်မှု ကျူးလွန်သူဟု စွပ်စွဲ ခံရသူမှာ သင်တန်းဆရာ မဟုတ်ဘဲ ရပ်ကျေး အဖွဲ့ဝင် တစ်ဦးသာ ဖြစ်ကြောင်း ယင်းအမှုနှင့် ပက်သက် ၍ ရဲအရာ ရှိများက လုပ်ထုံးလုပ်နည်း အတိုင်း ဆောင်ရွက်သည်ကို ဝင်ရောက် စွက်ဖက်မည် မဟုတ်ဘဲ အမှန်အတိုင်း ဖြစ်ရန် သာ ဆောင်ရွက် မည် ဖြစ်ကြောင်း The Voice Weekly သို့ ဖြေကြားသည်။
Credit : The Voice Weekly (https://www.facebook.com/thevoiceweekly/posts/514652861888311)
*** *** ***
အထက်ပါသတင်း နှင့်ပတ်သက်ပြီး … ကျွန်တော့် အစ်ကို တစ်ယောက်ကလည်း Facebook ပေါ်မှာ သည်လို ကြိမ်းဝါး ထားပါသေးတယ် ……။
*
အချိုရေထဲ ရည်ရွယ်ချက်ရှိရှိ ဆေး ထည့်တိုက်၍ ကြံစည်ခြင်းသည် ၊ သမီးရည်း စားမပြောနှင့် လင်မယားသည်ပင်လျှင် အလိုမတူပါက မုဒိန်းမှုမြောက်ပေသည်။
တာဝန်ရှိလူကြီးမင်းများ အချိုရည်ဘူးထဲ ထည့်သောဆေးအား ဓါတုဗေဒစစ်ဆေးပြီးနောက် တားမြစ်ဆေးဝါးဖြစ်ပါက တည်ဆဲဥပဒေအရ ထပ်မံတရားစွဲဆိုရမည်။
ပိုက်ဆံယူပြီးပြန်လွှတ်လျှင် ခင်ဗျားတို့အားလုံးကို ကျွန်တော်တရားစွဲမည်။ သတ္တိရှိလျှင် လွှတ်ကြည့်လိုက်ပါ။ ။
ကိုဂျွန်
( ၆-၁-၂၀၁၃ )
*
ဒီသတင်း နဲ့ ပတ်သက်ပြီး ကျွန်တော့်ကို ဘာပြောချင်သလဲ လို့ မေးလာမယ်ဆိုရင် …. ပြောစရာတွေကတော့ အများကြီးပါ …။
ပထမဦးဆုံး … ကျူရှင် တွေနဲ့ ပတ်သက်လို့ပေါ့ ….။
ငွေကြေးအခက်အခဲကြောင့် အချို့အချို့သော ကျောင်းသူကလေးတွေဟာ ကျူရှင်မတက်နိုင်ပဲ ပညာဒါနကိုပဲ အားကိုးနေရပါတယ် ..... ဒီလို ပညာဒါန တွေ ရှိလာတဲ့ အတွက်ကြောင့်လည်း ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ …။ သို့သော်လည်း စည်းကမ်း သတ်မှတ်ချက်နှင့် ပညာရေးဆိုင်ရာ ဥပဒေအရ အရေးယူဆောင်ရွက်ရန် မသင့်သော ဤ အကျိုးပြုလုပ်ငန်းတွင် ယခုကဲ့သို့ မုဒိန်းကောင်များ ပါဝင်နေခြင်းသည် .... ကဲ … ဘယ်လို အဓိပ္ပာယ်မျိုး သက်ရောက်သွား နိုင်မလဲ … ။ ဒီကိစ္စကြီးဟာ … ဒီပညာဒါန ကို တည်ထောင်ပေးထားတဲ့ အဖွဲ့အစည်းကို ပြင်းထန်စွာ ဂယက်ရိုက်သွားစေ မှာ အမှန် …။ ဘယ်လို ထိန်းကျောင်းကွပ်ကဲမှု ချို့တဲ့နေလို့ ဒီလို အဖြစ်မျိုးကြီးဖြစ်လာရတာလဲ … နောက်ထပ် ကော ဘယ်လို အဖြစ်ဆိုးမျိုးတွေ ရှိလာဦးမှာလဲ … ပြည်သူတွေ ထပ်ပြီး စိတ်ပျက်ရမယ့် အဖြစ်မျိုးတွေ ရှိလာဦးမှာလား …
ဒီနေရာမှာ ကျွန်တော့် ဦးဦး ကွန်ဆူးမား ရဲ့ ဝေဖန်သုံးသပ်ချက် အချို့ကို တင်ပြပါရစေ …
အတိုက်အခံပါတီ NLD........
(၁) ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်ဖြင့် ကာကွယ်ဖုံးအုပ်ထားသည်။
(၂) စနစ်တကျလေ့ကျင့် တတ်မြောက်ခဲ့သူမရှိ။ စိတ်ကူးယဉ်နိုင်ငံရေး သမားများနှင့် အသွင်ပြောင်း နိုင်ငံရေးသမားများ၊ အပယ်ခံ နိုင်ငံရေး သမားများသာ ကြီးစိုးထားသည်။
(၃) ပါတီတွင်း လူ့အခွင့်အရေးကို အသေအကျေ ဆုပ်ကိုင်ထားသည်။
(၄) ပါတီဝင်တိုင်း ဆန့်ကျင်ရေး စိတ်ထားရှိသည်။
(၅) လက်ရှိ NLD အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်မှလွဲ၍ စီမံခန့်ခွဲနိုင်သော အဆင့်တွင် ရောက်ရှိနေခြင်းမရှိ။
(၆) ရှေးရိုးစွဲများ(ကွန်မြူနစ် စိတ်ထားရှိသူများ) ရောယှက်နေသည်။
(၇) နိုင်ငံတကာမှ ဒေါ်အောင်ဆန်းစုကြည်ကိုသာ ထောက်ခံပြီး ပါတီကို ချီးမွမ်းထောက်ခံခြင်းမရှိ။
(၉) ဒုတိယ မျိုးဆက် ပြဿနာ ကြီးထွားသည်။
(၁၀) တာဝန်ခံဆောင်ရွက်ရခြင်း မရှိသဖြင့် အော်ချင်ရာ အော်နိုင်နေသည် အမေ့အိမ်ပညာရေးကဲ့သို့ လုပ်ချင်ရာလုပ်နေနိုင်သည်၊ (ဤသည်ပင် ထောက်ခံမှုအတွက် အားဖြစ်နေသည်)
NLD အတွက်.....
(၁) ပါတီတွင်းပုဂ္ဂိုလ်များကို စိစစ်၍ စိတ်ထားပြောင်းလဲပေးရန်လိုသည်။
(၂) စီမံခန့်ခွဲမှုအတတ်ပညာများ သင်ကြားပေးသင့်သည်။
(၃) တရားဥပဒေကို လေးစားတတ်သော အခြေခံနိုင်ငံသားစိတ်ဓါတ် မွေးမြူလေ့ကျင့်ပေးသင့်သည်။
(၄) အောက်ခြေပါတီဝင်များအား နိုင်ငံကြီးသားများ၏ အမူအကျင့်များ သွတ်သွင်းပေးသင့်သည်။
(၅) လူ့အခွင့်အရေးထက် အရည်အချင်းနှင့်ဦးဆောင်မှုနောက်သို့ လိုက်ပါ နိုင်သော နောက်လိုက်ကောင်းများ ဖြစ်ရန် သင်ကြားပေးသင့်သည်။
(၆) တာဝန်ယူနိုင်ရေး အားထုတ်သင့်သည်။
အနည်းငယ်ထုတ်နှုတ်တင်ပြချက်ပါ … အသေးစိတ်ကိုတော့ 2016 ကို မျှော်ကြည့်ခြင်း ဆိုတဲ့ပို့စ်မှာ အသေးစိတ် ကြည့်ရှုလေ့လာနိုင်ပါတယ် …။
ပုံရိပ်ကြီးမားတဲ့ ဦးဆောင်သူ ရဲ့ လက်နဲ့ ရေးခဲ့တာတွေကို အဖွဲ့အစည်း က နောက်ကနေ ခြေနဲ့ ဖျက်သလို အပြုအမူတွေ မြင်နေရတာ စိတ်မကောင်းပါ …။ ဘ၀င်လည်း မကျပါ …။ အဖွဲ့အစည်း မှာ ခေါင်းဆောင်ကောင်း တစ်ယောက်တည်းဖြင့် ရှေ့ဆက် မရနိုင်ကြောင်း ဂရုပြုရပေလိမ့်မည် …။ နောက်လိုက် ကောင်းပါမှ အလိုရှိသမျှ တို့ကို ဖြစ်ဖြစ်မြောက်မြောက်ရှိအောင် ဆောင်ရွက်နိုင်မည် …။ ပြည်သူတွေကို စိတ်ပျက်အောင် လုပ်မနေသင့်တော့ပါ …။ ထားရှိဖို့ ကြံရွယ်နေသည့် မျှော်လင့်ချက်တို့ ယိုင်လဲအောင် မလုပ်သင့်တော့ပါ …။
အခု ပညာဒါနစီမံကိန်းမှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ကကော …
ဒါကတော့လူပုဂ္ဂိုလ် တစ်ဦးချင်းရဲ့ အကျင့်စာရိတ္တပျက်ပြားမှု နဲ့လည်း သက်ဆိုင်သလို … ဦးစီးတည်ထောင်သူတို့ရဲ့ စီမံကွပ်ကဲမှု ချို့ယွင်းချက် နဲ့လည်း ဆိုင်နေပေလိမ့်မည် …။
မည်သို့ပင်ဆိုစေ … ပြစ်မှု နံပါတ် ပုဒ်မ - ၃၇၆ ဖြစ်သည် …။ အဆိုပါ ပုဒ်မ အတွက် ချမှတ်ထားသော ထိုက်သင့်သည့် အပြစ်ဒဏ်ကိုသာ ကျခံစေရမည်သာဖြစ်သည် …။
မည်သူမဆို ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတယ်ဆိုရင် ဥပဒေအရ သတ်မှတ်ထားသလို အရေးယူ အပြစ်ပေးခံရမှာပါ ။ ဘယ်ဘာသာဝင်မို့လို့ ဒီပြစ်မှု အတွက် ဒီပြစ်ဒဏ် ၊ ဘယ်ပါတီဝင်မို့လို့ ဒီပြစ်မှုအတွက် ဒီပြစ်ဒဏ် ၊ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမို့လို့ ဒီပြစ်မှုအတွက် ဒီပြစ်ဒဏ် ဆိုပြီး တရားဥပဒေမှာ ခွဲခြားပြီး ပြစ်ဒဏ်ပြဌာန်းထားချက် မရှိ …။ မည်သည့် လူမျိုး … မည်သည့် ဘာသာဝင် မည်သည့် ပါတီဝင် မည်သည့် လက်နက်ကိုင်အဖွဲ့အစည်း ကပဲ ဖြစ်နေပါစေ … ဒီပြစ်မှု ကျူးလွန်ခဲ့ရင် ဒီအပြစ်ဒဏ်ကျခံ ရမည် လို့ မျှတစွာ ပြဌာန်းထားပြီးသားပါ … ဒီလူအတွက် သီးသန့် ရယ်လို့ တံဆိပ်ကပ်နေစရာမလိုပါ …။ ထို့ကြောင့် မျှတသော တရားစီရင်မှု ဖြစ်လာဖို့ပဲ မျှော်လင့်နေမိသည် ….။
အနာဂတ်နိုင်ငံတော်ကြီး သာယာလှပစေဖို့ တောင်းဆုပြုလျှက်
လေးစားစွာဖြင့်
MgKaung