နိုင်ငံကြီးသား ဆိုတဲ့စကားလုံးကိုလူတိုင်းကြားဖူးကြမှာပါ။ ဒီစကားလုံးကိုကြားရင် တစ်ချို့က နိုင်ငံအကြီးကြီးမှာနေတာမှ မဟုတ်တာလို့ ပြက်ရယ်ပြုကြမှာပါ။ နိုင်ငံကြီးသားဟူသည် နိုင်ငံသားကောင်းတစ်ယောက် ဟူ၍ဆိုလိုရင်းပဲဖြစ်ပါတယ်။
မိမိနိုင်ငံတိုးတက်ဖို့ဆိုတာ မိမိတာဝန်ပဲဖြစ်ပါတယ်။ နိုင်ငံကြီးသားတစ်ယောက်ဖြစ်ဖို့ မိမိကိုယ် ကို အရင်ဆုံးပြုပြင်ရမှာဖြစ်ပါတယ်။ လူတစ်ယောက်က မိမိကို မိမိ နိုင်ငံကြီးသားတစ်ယောက်လို့ခံယူရင်ထိုသူဟာ နိုင်ငံကြီးသားပါပဲ။ ဒါပေမဲ့နိုင်ငံကြီးသားတစ်ယောက် ပီသဖို့ဆိုတာတော့ ခက်ပါတယ်။ နိုင်ငံကြီးသားတစ်ယောက်ရဲ့ တာဝန်တွေကိုကျေပွန်ရပါမယ်။ ဒီတော့နိုင်ငံကြီးသား တစ်ယောက်ရဲ့ တာဝန်တွေကဘာတွေလဲဆိုတဲ့မေးခွန်းတစ်ခုရှိလာပါတယ်။
နိုင်ငံကြီးသားတွေသာနေထိုင်တဲ့နိုင်ငံ တစ်နိုင်ငံဟာ အချိန်တစ်ခဏလေးအတွင်းမှာပဲ တိုးတက်ဖွံ့ဖြိုးယုံတင်မက သာယာလှပလာမယ် ဆိုတာ ဗေဒင်မေးစရာမလိုတဲ့မှန်ကန်ချက်ပါ။
ဒီတော့နိုင်ငံကြီးသားတစ်ယောက်ရဲ့တာဝန်ဆိုတာထက် နိုင်ငံကြီးသားပီသတဲ့ပြည်သူများနှင့် ဖွဲ့စည်းထားတဲ့နိုင်ငံတစ်နိုင်ငံရဲ့ အင်္ဂါရပ်တွေကို ပြောပြချင်ပါတယ်။ ဒီအချက်တွေမှာ လိုအပ်တာလေးတွေရှိရင်လည်း ခွင့်လွှတ်ပေးဖို့ကြိုတင်တောင်းပန်ပါရစေ။ ဒီအချက်တွေကတော့
(၁) အဂတိ လိုက်စားမှုကင်းရှင်းသော နိုင်ငံဝန်ထမ်းများဖြင့်ဖွဲ့ စည်းထားသော အစိုးရ မှအုပ်ချုပ်ခြင်း။
(၂) နိုင်ငံ့ ၀န်ထမ်းတိုင်းမှ မိမိတို့တာဝန်များကို ကြေပွန်စွာထမ်းဆောင်ခြင်း။
(၃) အစိုးရမှထုတ်ပြန်ထားသော တရားဥပဒေ ကိုနိုင်ငံသားတိုင်းမှ တိကျမှန်ကန်စွာ လိုက်နာခြင်း။
(၄) နေရာတိုင်းတွင်စည်းကမ်းစောင့် ထိမ်းလိုက်နာခြင်း။
(၅) ရေသာခိုအချောင်လိုက်တက်သော စိတ်ဓာတ်များကို နိုင်ငံသားတိုင်းမှ ဆန့်ကျင်ခြင်း။
(၆) နိုင်ငံသားအားလုံးသည် မိမိတို့၏ ကိုယ်ပိုင်အရည်အချင်း များတိုးတက်အောင် အမြဲကြိုးစားအားထုတ်ခြင်း။
(၇) အများပြည်သူပိုင် အဆောက်အအုံ နှင့် ပစ္စည်းများ အား တန်ဖိုးထားထိမ်းသိမ်းခြင်း။
(၈) နိုင်ငံသားအားလုံးသည် သမာအာဇီဝ ဖြင့် အသက်မွေးဝမ်းကျောင်းပြုကြခြင်း။
စတဲ့ အချက်တွေပဲဖြစ်ပါတယ်။
မိမိနိုင်ငံ တိုးတက်စေရန် မိမိကပဲစပြီး ပြုပြင်ရပါမယ်။ မိမိကိုယ်တိုင်က မှမပြုပြင် နိုင်ရင် မိမိနိုင်ငံတိုးတက်ဖို့ဆိုတာ အိမ်မက်ထဲမှာတောင်မက်ဖို့မစဉ်းစားပါနဲ့။ ဖြစ်လာမှာမဟုတ်ပါဘူး။
အစိုးရကောင်းတိုင်းလည်း ဖြစ်လာမှာမဟုတ်ပါဘူး။ အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေပါလိမ့်မယ်။ အစိုးရရဲ့ ဦးဆောင်မှုကို တသွေမတမ်း လိုက်နာကြရမှာပါ။
အစိုးရ ကပြုပြင်ပြောင်းလဲ မှု တွေလုပ်နေတယ်ဆိုပြီး နိုင်ငံသားတစ်ယောက်အနေနဲ့ ၀မ်းသာပါတယ် လို့ တွေးနေယုံနဲ့ မပြီးပါဘူး။ ဒီပြုပြင်ပြောင်းလဲတွေကို ထိမ်းသိမ်းဖို့က ဒီနိုင်ငံသားတွေရဲ့တာဝန်ပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် ဒီနိုင်ငံဟာ ဒီအစိုးရ တစ်ဦးတည်း ပိုင်တဲ့နိုင်ငံမဟုတ်ပါဘူး အစိုးရအပါအ၀င် နိုင်ငံသား အားလုံး ပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်လို့ပါပဲ။
မကြာသေးမှီက ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးပွဲတွေ အနယ်နယ် ရပ်ရပ်မှာ ကျင်းပကြပါတယ်။ ဒီပွဲတွေက မိမိရပ်ကွပ် တိုးတက်အောင် ဆောင်ရွက်မယ့် ခေါင်းဆောင်ကို မိမိတို့ ကိုယ်တိုင်ရွေးချယ်နိုင်အောင် အစိုးရက ချမှတ်ပေးလိုက်တဲ့လမ်းစဉ်ပါ။ အစိုးရကတော့ ဒီလိုရည်ရွယ်ချက်နဲ့ ချက်မှတ်ပေးလိုက်တာပါပဲ။
ပြဿနာက ရွေးကောက်ပွကို မဲထည့်ရမယ့် ဆန္ဒရှင် ရပ်ကွက်သူ ရပ်ကွက်သား များတက်ရောက်ခြင်းမပြုကြတာပါပဲ။ ဒီအဖြစ်ကကျွန်တော်တို့မြို့မှာပါ။ ကျွန်တော့်ဖခင်က အိမ်ထောင်ဦးစီး ဆိုတော့ ရွေးကောက်ပွဲသွားပြီး ပြန်အလာမှာပြောတာပါ။ လာတဲ့သူသုံးလေး ယောက်ကပဲ မဲပေးချင်တဲ့သူကို ခန့်လိုက်တာပါပဲတဲ့။ ဆယ်အိမ်စုတစ်ခုဆိုရင် ရွေးကောက်ပွဲကို တစ်ယောက်ပဲလာတယ်တဲ့ ဒီတော့ လာတဲ့သူက မိမိကိုယ်တိုင်မဲပေးလိုက်တာ သူပဲဆယ်အိမ်စုမှူး ဖြစ်သွား ပါသတဲ့။
ဒီလိုဆိုတော့ အစိုးရ ရဲ့ စရိတ်စက အကုန်ခံ ချမှတ်ပေးလိုက်တဲ့လမ်းစဉ်ကနေ ပြည်သူတွေဘာရလိုက် ပါသလဲလို့မေးလိုက်ချင်ပါတယ်။ ဘာမှမရပါဘူးနော် ဘယ်သူတွေကြောင့်လည်းဆိုရင် ဒီပြည်သူတွေ ကိုယ်တိုင်ကြောင့်ပါပဲ။
မိမိတို့နိုင်ငံတိုးတက်ဖို့ အရေးဟာ မိမိတို့ကိုယ်တိုင် အားကြိုးမန်တက် ပါဝင်ရမှာဖြစ်ပါတယ်။ ဒီလိုမပါဝင်ကြဘူးဆိုတော့နိုင်ငံတော်အဆင့် အစဉ်းအဝေးကြီးတွေ၊ ဆွေးနွေးဆုံးဖြတ်ချက်တွေ၊ ငွေကုန်ခံဆောင်ရွက်ရ တဲ့ နှစ်ရှည် နှစ်လက် နှစ်တို စီမံကိန်းတွေ ဟာ အားလုံးသဲထဲရေသွန်သလိုဖြစ်ကုန် ပါတော့မယ်။
ကျွန်တော်တို့လူမျိုးတွေရဲ့အားနည်းချက်က မိမိတို့ဝင်ငွေ မထိခိုက်တဲ့ကိစ္စဆိုရင် ယောင်လို့တောင် စိတ်မ၀င်စားပါဘူး။ လူနည်းစုကလည်း စနှစ် ဟောင်းရဲ့အကျင့်တွေကို မိမိတို့ အကျိုးစီးပွားအတွက် မပြင်နိုင်ကြသေးပါဘူး။ သူတပါးမတရား လုပ်ရင်သာ မနာလိုစိတ်နဲ့ အပြစ်ပြောတက်ကြပေ မဲ့ မိမိ အိပ်ကပ်ဖောင်း ရင်တော့ မသိသလိုအသာကလေး ငြိမ်နေတက်ကြတာပါပဲ။ ဒီအကျင့်တွေဟာ နိုင်ငံတိုး တက်ဖို့လမ်းကြောင်းမှာ အင်မတန် အနှောက် အယှက်ဖြစ်စေပါတယ်။
နိုင်ငံသားတိုင်း နိုင်ငံရေးအသိစိတ်မှန်ကန်နိုးကြားပြီး နိုင်ငံကြီးသားပီသနိုင်ကြ ပါစေဗျာ။