မဖောက် မပြန် မှန်ကန် တည့်မတ် မြတ်သောသဘောဖြစ်သောကြောင့် စိတ် စေတသိက် ရုပ် နိဗ္ဗာန်ကို ပရမတ္ထဟု ခေါ်ဝေါ်ပြောဆိုကြပါတယ်။
စေတသိက်က ၅၂-ပါးရှိပါတယ်။ အဲဒီ စေတသိက် ၅၂-ပါးထဲမှာ လောဘလဲ အပါအ၀င် ဖြစ်နေပါတယ်။ တပ်မက်တတ်တယ်။ လိုချင်တတ်တယ်။ တပ်မက်ကြောင်း လိုချင်ကြောင်း ဖြစ်တယ်။ တပ်မက်ခြင်း လိုချင်ခြင်း ဖြစ်တယ်။ ဒါဟာ လောဘရဲ့သဘောတရားပါပဲ။
ဘယ်လိုလူမျိုး ဘယ်လိုဘာသာ ဘယ်လိုယောက်ျား ဘယ်လိုမိန်းမ ဘယ်လိုမင်း ဘယ်လိုသူဌေး ဘယ်လိုဆင်းရဲသား ဘယ်လိုအရွယ်မျိုး မဆို တပ်မက်တတ်တယ်၊ လိုချင်တတ်တယ်-ဆိုရင် အဲဒါဟာ လောဘ ဖြစ်နေတာပါပဲ။ ဒါကြောင့် လောဘရဲ့ သဘောတရားဟာ မျက်နှာလိုက်ပြီးတော့ ဟိုပုဂ္ဂိုလ်တော့ တစ်မျိုး၊ ဒီပုဂ္ဂိုလ်တော့တစ်မျိုးလို့ ဖြစ်မသွားပါဘူး။ လောဘရဲ့သဘောတရားဟာ ပုဂ္ဂိုလ်အမျိုးမျိုးအပေါ်မှာ မူတည်ပြီး ပြောင်းလဲ မသွားပါဘူး။ ဒီပုဂ္ဂိုလ် လိုချင်တပ်မက်နေရင်လဲ လောဘပါပဲ။ ဟိုပုဂ္ဂိုလ် လိုချင်တပ်မက်နေရင်လဲ လောဘပါပဲ။ ဒါကြောင့် ဘယ်ပုဂ္ဂိုလ်မှာပဲဖြစ်ဖြစ် လိုချင် တပ်မက်ခြင်း သဘောတရားကတော့ မဖောက် မပြန် မှန်ကန် တည့်မတ် မြတ်သောသဘောဖြစ်လို့ နေပါတော့တယ်။ ဒီအတွက်ကြာင့်လဲ လောဘကို ပရမတ္ထလို့ ခေါ်ဝေါ်ရတာပါပဲ။
ဘယ်ပုဂ္ဂိုလ်မျိုးမဆို သူများထက် ပိုပြီးလိုချင်လာပြီဆိုရင်တော့ သူတစ်ပါး မပေးတဲ့ ပစ္စည်းတွေကို ခိုးယူလာတတ်ကြတယ်။ သူတစ်ပါး သားမယားတွေကို ပြစ်မှား ကျူးလွန်တတ်ကြတယ်။ မဟုတ်မှန်တဲ့ မုသားစကားတွေကိုလည်း ပြောရဲဆိုရဲ လာတတ်ကြတယ်။ ကိုယ်သာ မတရားနည်းနဲ့ ရမယ်ဆိုရင် တစ်ယောက်နှင့် တစ်ယောက်ကို မတည့်အောင် ကုန်းချော ကုန်းတိုက် တတ်ကြတယ်။ ဘာမှ အကျိုးမရှိတဲ့စကားကိုလည်း ပြောရဲ ဆိုရဲတတ်ကြတယ်။ စိတ်ထဲမှာလည်း သူတစ်ပါး အကျိုးမဲ့လုပ်ငန်းတွေကိုသာ ကြံစည်နေလေ့ ရှိတတ်ကြတယ်။ အလွန်ရချင်လွန်းတာကြောင့် ဘာသာခြားက ငွေနဲ့ ပေးပြီး မြှားခေါ်တဲ့ အခါမှာတော့ သိသိကြီးနဲ့ ကောက်ကောက်ပါအောင် ခြေစုံပစ်ပြီး တစ်ခြားဘာသာသို့ ၀င်သွားတတ်ကြတယ်။
ဒါနဲ့ပတ်သက်လို့ နည်းနည်းလေး ပြောချင်ပါသေးတယ်။ လွန်ခဲ့တဲ့ ၇၇-နှစ်ခန့်လောက်က ပြည်ခရိုင် ၀က်ထီးကန်ရွာမှာ ဖြစ်ခဲ့ဘူးတဲ့ တကယ့်အဖြစ်ပျက် တစ်ခုကို ပြောချင်တာပါ။ အင်္ဂလိပ်လက်ထက်က ဖြစ်ခဲ့ဘူးတာပါ။ ဘာသာနှစ်ခု အငြင်း အခုံဖြစ်ပြီး ယှဉ်ပြိုင်ခဲ့ဘူးတဲ့ သာဓကတစ်ခု ထင်ရှားရှိခဲ့ဘူးပါတယ်။ ခေါင်းဆောင်နှစ်ဦး ဟောကြ ပြောကြမယ်။ စည်းကမ်း ဆွဲပြီး သတ်မှတ်ထားတဲ့အတိုင်း ပြောကြမယ်။ အဲဒီ ဟောပြောမှုကို ကြည့်ရှု နားထောင်ပြီး အိမ်ထောင်စုတွေက သူတို့ကြိုက်နှစ်သက်တဲ့ ဘာသာထဲဝင်သွားခဲ့ရင် ၀င်သွားခံရတဲ့ဘာသာဟာ အနိုင်ရကြမယ်လို့ ကတိက၀တ် ပြုထားကြပါတယ်။ ဒီတော့ တစ်ခြားဘာသာမှာ ဟောပြောမဲ့ ခေါင်းဆောင်ကြီးတွေက ဘယ်သူတွေများ မှတ်ကြပါသလဲ။ ဗုဒ္ဓဘာသာဝင်ဖြစ်ခဲ့စဉ်တုန်းက တကယ့်ကို စာတတ်ပေတတ်ကြီးတွေ ဖြစ်ခဲ့ ကြတဲ့ ပထမကျော် ဓမ္မာစရိယ လူထွက်တွေ ဖြစ်ခဲ့ကြတဲ့ ဦးသာဒင် စ-တဲ့ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြပါသတဲ့။ သူတို့ကတော့ ဗုဒ္ဓဘာသာဝင်ကနေ ကူးပြောင်းထားကြတဲ့သူတွေ ဖြစ်လေတော့ ဗုဒ္ဓဘာသာရဲ့အားနည်း ချက်လို့ သူတို့ယူဆထားကြတဲ့ နေရာတွေကို တိုက်ခိုက် ဟောပြောကြတော့တာပါပဲ။ ဗုဒ္ဓသာသာရဲ့ ခေါင်းဆောင်ကတော့ တောင်တွင်းကြီး နတ်မှီတောရ ဆရာတော် အရှင်ဥက္ကဋ္ဌပဲဖြစ်ပါတယ်။ အရှင်ဥက္ကဋ္ဌကတော့ သူတို့ တင်ထားတဲ့ အချက်တွေကို မိနစ် အနည်းငယ်အတွင်းမှာပဲ တစ်ချက်ထဲနဲ့ ချေပ ပြောဆိုလိုက်ပါတယ်။ အရှင်ဥက္ကဋ္ဌရဲ့ ချေပနည်း အကျဉ်းချုပ်ကတော့ ဖြစ်စဉ်နှင့် ကျင့်စဉ်ကို အနှစ်ချုပ်ပြောသွားတဲ့ သဘောပါပဲ။
ယခုလည်း အတိလောဘကြောင့် ဘာသာခြားသို့ပြောင်းပြီး ညာစား ညာဝါး ညာတီးနေတဲ့ ပုဂ္ဂိလ်ကြီးတွေ ရှိနေကြတာပါပဲ။ ထို့အတူ တစ်ခြားဘာသာမှလည်း မိမိဘာသာသို့ ပြောင်းရွှေ့ပြီး ညာစား ညာဝါး ညာတီးနေတဲ့ ပုဂ္ဂိလ်ကြီးတွေ ရှိနေကြတာပါပဲ။
ကဲ အခုဆိုလိုတာက ပထမကျော်လူထွက် ပဂေးကြီးတွေဟာ``လောဘဟူက၊ မပြည့်ဝ၊ ကြီးလှ ပါပေသည်´´ဆိုတဲ့ အတိုင်း လောဘကြီးလွန်းတဲ့အတွက်ကြောင့် အယူလွဲကာ ဘာသာခြားသို့ ပြောင်းရွှေ့သွားကြတာကို ဆိုလိုတဲ့ သဘောပါပဲ။
ဒါကြောင့် လောဘဆိုတဲ့ သဘောတရားဟာ ဘယ်ဘာသာထဲမှာပဲ ရောက်သွားသွား ဘယ်လူမျိုးထဲမှာပဲ ဖြစ်နေ ဖြစ်နေပါစေ လိုချင်ခြင်း တပ်မက်ခြင်း ဆိုတဲ့ သဘောတရားကနေ ပြောင်းလဲ မသွားပါဘူး။ မဖောက် မပြန် မှန်ကန် တည့်မတ် မြတ်သောသဘောဖြစ်လို့ နေပါတယ်။ လောဘဆိုတာ ပြည့်ဝတယ်တော့ မရှိလှပါဘူး။ အလွန်လောဘကြီးလွန်းရင်ဖြင့် ရရှိလာမဲ့ မကောင်းကျိုး အဆက်ဆက်ကတော့ ဘ၀သံသရာလည်ပတ်နေသမျှ ``အပါယ်စခန်း သွားမြဲလမ်းက လက်ကမ်းလို့သာ´´ထာဝရ ကြိုဆိုနေမှာ ဖြစ်ပါကြောင်းကို စေတနာ မေတ္တာဖြင့် တင်ပြလိုက်ရပါတော့တယ်။
(၁၂-၁-၂၀၁၃) စနေနေ့ ည ၈-နာရီ ၄၅-မိနစ်
သုခီ ဒီဃာယုကော ဘ၀။ (ဆရာဗန်)