မင်္ဂလာပါမမရေ
အင်တာဗျူးအစီအစဉ်လေးကို ဖြေကြားပေးလို့ ရွှေမြို့တော်မိသားစုမှ ကျေးဇူးတင်ပါတယ်ရှင်
ပထမဆုံးမမရဲ့နာမည်လေးကို မိတ်ဆက်ပေးပါဦးနော်
မမ နာမည်က ခင်သူဇာပါ။
မမရဲ့အသက်ကရော...
မမရဲ့အသက် ၃၀ ပြည့်ပါတော့မယ်။
မမမွေးဖွားရာဇာတိချက်မြှုပ်နဲ့ လိပ်စာလေးကို ပြောပြပေးပါလား
ပြည်လမ်း ၊ စမ်းချောင်း ၊ ရန်ကုန်မြို့မှာမွေးဖွားနေထိုင်ပါတယ်။
ခုလက်ရှိ မမနေတဲ့လိပ်စာနဲ့ အလုပ်အကိုင်လေးသိချင်ပါတယ်ရှင်..
အခုရောက်နေတဲ့နိုင်ငံက USA မှာပါ။
လက်ရှိအလုပ်အကိုင်ကတော့ ကျောင်းသူပါ။
မမရဲ့ကလောင်နာမည်လေးက ဆန်းတယ်နော်။ ဘယ်လိုစိတ်ကူးမျိုးနဲ့ ဒီနာမည်လေးကို ပေးခဲ့တာလဲရှင်
ငယ်ငယ်လေးထဲက တစ်နေ့ဝါသနာအရ စာရေးရင် ဒီနာမည်လေးမှည့်မယ် စိတ်ကူးထားတာပါ.။ မိုးမခတွေများလို့
ပုံလေးကို နှင်းဆီအ၀ါလေးနဲ့ ခွဲခြားသတ်မှတ်ပေးထားတာပါ။
ရွှေမြို့တော်ကို မမဘယ်ချိန်က မန်ဘာဝင်ဖြစ်တာလဲ။ မည်သူရဲ့ဖိတ်ခေါ်မှုကြောင့်လဲ
၂၂.၉.၂၀၁၁ မှာစတင်ပြီး ၀င်ဖြစ်ပါတယ်။ မောင်လေးတစ်ဦးက ဖိတ်ခေါ်လို့ပါ။
မမပြည်ပမှာကျောင်းတက်တယ်လို့သိရပါတယ်ရှင်
ပြည်ပမှာကျောင်းတက်နေတဲ့ကျောင်းသူတစ်ယောက်အနေနဲ့ ဘယ်လိုစိတ်ခေါ်မှုမျိုးတွေကို ရင်ဆိုင်ခဲရပါလဲ
ပြည်ပမှာကျောင်းတက်မယ်ဆိုရင် အဓိကအချက်သုံးချက်ပြည့်စုံဖို့ အရေးကြီးပါတယ်။ U.S.A မှာက ပိုပြီးစိတ်ဓာတ်
ကြံ့ခိုင်မှသာ စိန်ခေါ်မှုတွေခံနိုင်ရည်ရှိမှာပါ။နံပါတ် ၁ကကျန်းမာရေးပါ။နံပါတ်၂က မိမိကိုယ်တိုင်ပညာသင်ချင်စိတ်
ကြိုးစာချင်စိတ် ဖြတ်ထိုးညဏ် ၀ိရီယရှိရပါတယ်။ မိမိကိုယ်ကို အားကိုးပြီး ကိုယ်ထူကိုယ်ထစနစ်ကျင့်သုံးရပါတယ်။
လှိုက်လှိုက်လှဲလှဲကူညီမဲ့သူ ရှားပါးတယ်။နံပါတ်၃က ပညာသင်ထောက်ပံ့ကြေးရတယ်ဆိုပေမဲ့ ထိုထိုထွာထွာစရိတ်တွေကို
မိဘတွေက ပညာသင်ပြီးဆုံးတဲ့အထိ ထောက်ပံ့နိုင်တဲ့အင်အားရှိမှ ဖြစ်မှာပါ။မိဘပံ့ပိုးမှုအားမရှိရင် ရပ်တည်ဖို့သိပ်ခက်ခဲပြီး
ငွေရေးကြေးရေးအခက်အခဲဖြစ်နိုင်ပါတယ်။ အရေးကြီးဆုံးကတော့ U.S.A မှာပညာသင်ပြီး ဘွဲ့ရရင်အလုပ်လုပ်ဖို့
နေထိုင်ခွင့်ရဖို့ ခက်ခဲပါတယ်။ဒါကြောင့် ဘွဲ့ရပြီးရင်အခြားနိုင်ငံသွားမလား။ မြန်မာပြည်ပြန်မလား။U.S.A နိုင်ငံသားနဲ့
လက်ထပ်မလား။U.S.A နိုင်ငံသားခံယူထားတဲ့ မြန်မာတွေနဲ့ လက်ထပ်မလား။ စီမံမှနေထိုင်ခွင့်ရမှာမို့ တစ်ခုခု
စဉ်းစားထားဖို့ မိဘရော ကျောင်းတတ်မဲ့သူရော ကြိုတွေးထားသင့်ပါတယ်။ နို့မဟုတ်ရင် Stay မရရင် O ဖြစ်သွားပါ
လိမ့်မယ်။ ဒါကိုသေချာသဘောပေါက်သင့်ပါတယ်။
မမရေးတဲ့စာတွေမှာ ဆောင်းပါးလေးတွေ များတယ်နော်။ အထူးသဖြင့် ပညာပေးဆောင်းပါးတွေပေါ့ ။
ဘယ်လိုရည်ရွယ်ချက်ကြောင့် ပညာရေးဆောင်းပါးတွေအရေးများခဲ့တာလည်း..
လူငယ်တိုင်းကို ဖူးပွင့်ဝေဆာလှပစေချင်လို့ ပညာပေးစာတွေကို အရေးများတာပါ ။ မမရဲ့စာပေကြောင့်
တစ်စုံတစ်ယောက် အတွေးတစ်ခု အမြင်ရစေချင်တဲ့ စေတနာနဲ့ပါ။
မမရေ အချစ်အကြောင်းလေးနည်းနည်းစပ်စုကြည့်မယ်နော်...:P
အချစ်နဲ့ပတ်သတ်ပြီး ဘယ်လိုခံယူထားပါလဲရှင်
အချစ်နဲ့ပတ်သတ်ပြီး မမရဲ့အမြင်ကတော့ ပူလောင်ခြင်းနဲ့ အေးမြခြင်းကို ပေါင်းစပ်ထားတဲ့ ထိလွယ်ရှလွယ်
အမှားမခံနိုင်တဲ့ အရာတစ်ခုလို့မြင်ပါတယ်။ သူချစ်စေ ကိုယ်ချစ်စေ ပေးဆပ်ခြင်းဖြစ်စေ ရယူခြင်းဖြစ်စေ
သေတပန်သက်တစ်ဆုံး ပေါင်းသင်းသွားနိုင်မဲ့အချစ်သည်သာ တန်ဖိုးအရှိဆုံးလို့ မြင်ပါတယ်။
ဘ၀နဲ့ ပတ်သတ်လို့ရော...
ဘ၀နဲ့ပတ်သတ်ရင် မမရဲ့ခံယူချက်က ကိုယ်နဲ့ဆက်စပ်တဲ့လူသားတိုင်းကို ကူညီနိုင်မဲ့ကိစ္စမှန်သမျှ အတတ်နိုင်ဆုံး
ကူညီပါတယ်။ကိုယ်တတ်နိုင်တဲ့ဝန်ထမ်းပြီး ကိုယ်လုပ်နိုင်တာကိုယ်လုပ်ပေးချင်တဲ့ ခံယူချက်ရှိပါတယ်။
ဘာသာရေးနဲ့ပတ်သတ်ပြီး ယုံကြည်မှုအမြင်လေးပြောပြပေးပါဦးရှင်
မမဟာ ဗုဒ္ဓဘာသာဖြစ်ပါတယ်။ ကိုယ်ကောင်းတာလုပ်ရင် ကောင်းကျိုးခံစားရမယ် ၊ ကိုယ်ဆိုးတာလုပ်ရင်
ဆိုးတာခံစားရမယ်။ဝဋ်လည်တယ်ဆိုတာ တကယ်မသေခင် ခံစားရပါတယ်။နောက်ပြီး ဗုဒ္ဓဘာသာဝင်တိုင်း ကံငါးပါးထိန်းပါ။
ခင်ပွန်းကြီး(၁၀)ပါးမပြစ်မှားဘူးဆိုရင် အားလုံးအဆင်ပြေမယ်လို့ ယုံကြည်ထင်မြင်ပါတယ်။
မမအနေနဲ့ လက်ကိုင်ထားတဲ့ ဆောင်ပုဒ်ရှိခဲ့ရင် ပြောပြပါဦး..
မမလက်ကိုင်ထားတဲ့ ဆောင်ပုဒ်ကတော့ ဘယ်နေရာရောက်ရောက် ပစ်တိုင်းထောင်နေတဲ့
ပစ်တိုင်းထောင်လို စိတ်ဓာတ်မွေးပြီး အခက်အခဲရှိရင် စိတ်ဓာတ်မကျပါနဲ့လို့ မှာပါရစေ။
မမဘ၀မှာ အလေးစားရဆုံးပုဂ္ဂိုလ်တွေကို ပြောပြပေးပါလား။
ဘာအကြောင်းကြောင့် လေးစားအားကျရလဲ။ အကြောင်းရင်းလေးရောပေါ့နော်။
မမအလေးစားဆုံးပုဂ္ဂိုလ်ကတော့ မမရဲ့မိဘနှစ်ပါးပါတည်း။ ဖေဖေက မမတို့ဘ၀ ပြည့်စုံဖို့အတွက် သမာအာဇီဝ
ကောင်းသောအသက်မွေးခြင်းဖြင့် ငွေရှာ၍ပျိုးထောင်ပေးပါတယ်။အဖေဂုဏ်နဲ့ညီအောင် ရိုးရိုးသားသား ကြိုးစားနေ၍
ဖြစ်ပါတယ်။အမေကတော့ကျန်းမာရေး၊ပညာရေး၊အလှအပထိန်းသိမ်းရေး၊ မိန်းမတို့တတ်သင့်တဲ့ပညာကို
ယခုချိန်ထိ ဂရုတစိုက်စောင့်ရှောက်လမ်းညွှန်ပြသထားပါတယ်။ဘွဲ့တွေတစ်ခုပြီးတစ်ခုရအောင်အားပေးတာအမေ၊
ပညာအမွေကိုသာ ပေးချင်တဲ့အမေကို လေးစားချစ်ကြောက်ရိုသေရပါတယ်။မိဘဂုဏ်ညီအောင်ကျင့်ကြံတဲ့
မိဘများကို လေးစားသလို အတုလည်းယူမိပါတယ်။
စာရေးဆရာ ဆရာမတွေထဲမှာ မမနှစ်သက်လေးစားရတဲ့သူတွေက..
စာရေးဆရာတွေထဲမှာ မိုးမိုး(အင်းလျား)၊မစန္ဒာ၊ ဂျူး ၊ လူထုစိန်ဝင်း ၊ ချစ်စံဝင်း ၊ ချစ်ဦးညို ၊ ဂျာနယ်ကျော်မမလေး ၊
တက္ကသိုလ်ဘုန်းနိုင် ၊ အဘမင်းသိင်္ခ စတဲ့ဆရာများကို ပို၍ ကြိုက်နှစ်သက်ပါတယ်။
ရွှေမြို့တော်နဲ့ ပတ်သတ်ပြီး အမှတ်တရရှိခဲ့တာရှိလား
ရွှေမြို့တော်နဲ့ပတ်သတ်ပြီး အမှတ်တရအနေနဲ့ အထူးမန်ဘာဆုကိုပေးလို့ ထာဝရအမှတ်ရနေမှာပါ။ ဆုကမြင့်နေလို့
ကိုယ့်အနေနဲ့ အံ့သြ၀မ်းသာရပါတယ် ၊ မန်ဘာသိန်းချီတဲ့ကြားက ၁၀ဦးသာ ရွေးတာဆိုတော့ အကယ်ဒမီရသလို
ဝမ်းသာဂုဏ်ယူမိပါတယ.်။
ရွှေမြို့တော်မှာ အခင်ဆုံးသူကရော..
ရွှေမြို့တော်မှာ စ၀င်တဲ့အချိန်ထဲက နေ့စဉ်မပြတ်အရိပ်လို ကြည့်နေတဲ့ ညီမလေးရာရာ(ရွှေမြို့သူ)နဲ့ သိတဲ့ခင်တဲ့သူ
အပေါင်းကိုအားလုံးခင်ပါတယ်။ လေးစားပါတယ်၊ နာမည်တွေရေးရရင် များလွန်းလို့ ရေးမဆုံးပါဘူး။
ရွှေမြို့တော်မှာ လေးစားအားကျရတဲ့ဘလော့ဂါမောင်နှမတွေက..
ရွှေမြို့တော်မှာ လေးစားအားကျရတဲ့ စာရေးသူအနေနဲ့ ပြောမယ်ဆိုရင် သူ့အရည်အချင်းနဲ့သူ တော်ကြပါတယ်။
အားကျစရာလူတွေများပါတယ်။ အတွေးစွမ်းသလို အရေးလည်းဆန်းပါတယ်။ ကိုရင်ကျော်၊ ဂျူးလိယက်၊
သဇင်လေး၊ ကိုရွှေချောတို့အရေးအသားတွေမဖတ်ရ၍ နှမျောမိပါတယ်။
ရွှေမြို့တော်အက်မင်များကို ဘာများအကြံပြုပြောဆိုချင်ပါသလဲ
ရွှေမြို့တော်ကို အကြံပြုဝေဖန် စရာမရှိပါဘူး ၊ အားလုံးအဆင်ပြေပါတယ်။ ဆိုဒ်ဦးဆောင်သူ ကိုငြိမ်းကိုလည်း ကျေးဇူး
တင်ပါတယ် ။စိတ်ရှည်ရှည် အပင်ပန်းခံ၍ဖြစ်ပါတယ်။ ၂၄နာရီတာဝန်ယူ တဲ့စက်ပိုင်းဆိုင်ရာ သူငယ်ချင်းများကိုလည်း
မမြင်ဘူးပေမဲ့ ကျေးဇူးတင်ပါတယ်။
ရွှေမြို့တော်မန်ဘာမောင်နှမများအတွက် အမှတ်တရ စကားလေးလက်ဆောင်ပါးပေးခဲ့ပါအုန်းနော်
အမှတ်တရစကားလက်ဆောင်ပေးရရင်ဖြင့် မိမိဘာသာစာပေကိုဘယ်နေရာရောက်ရောက် များများဖတ်ပေးပါ။
မိမိနိုင်ငံမိမိလူမျိုး၊မိမိဘာသာကို ချစ်မြတ်နိုးပါ။ မြန်မာလို့ပြောရမှာမရှက်ပါနဲ့၊ မြန်မာမကောင်းကြောင်း မပြောပါနဲ့၊
ရောက်ရှိနေတဲ့နေရာနဲ့ ဥပဒေကို လေ့လာလေးစားလိုက်နာပါ။ ရောက်ရှိနေတဲ့ နေရာရဲ့ကျေးဇူးတရားကို ရှာကြံပြီး
နားလည်ပါ။ လူ့ဘဝဟာ တိုတိုလေးမို့ ချစ်စရှည်စေ၊ မုန်းစတိုစေပြီး တစ်ဦးနဲ့တစ်ဦး ခွင့်လွှတ်နားလည်မှု
သဘောထားကြီးစွာထားပြီး ခင်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။
မအားတဲ့ကြားက မမကိုခုလို ဗျူးပေးတဲ့ ချစ်ညီမလေးရာရာကိုလည်း မမေ့တစ်သက် ဆယ်ကမ္ဘာပါရှင်။
ညီမလေးရာရာ ဘ၀တစ်လျှောက်ပန်းလိုမွှေး၍ရေလိုအေးပါစေ။ ညီမလေးရာရာရဲ့တန်ဖိုးကို နားလည်သောဘ၀ပါရမီ
ဖြည့်ဖက်နဲ့ ဆုံတွေ့ပါစေလို့ မမကချစ်သောစိတ်နဲ့ ဆုချွေလိုက်ပါတယ်။
ညီမလေးကိုဆုတောင်းပေးလို့ ကျေးဇူးပါမမရေ။ ပေးတဲ့ဆုနဲ့ ပြည့်ချင်ပါတယ်နော်။ မမလည်း ကျန်းမာ
ပျော်ရွှင်ပြီး မိဘကိုကျေးဇူးဆပ်နိုင်ပါစေ။ ဘ၀လက်တွဲဖော်နဲ့လည်း တစ်သက်လုံး မခွဲအတူ
လက်တွဲပေါင်းဖက်နိုင်ပါစေနော်။
ကျေးဇူးတင်လွှာ
အင်တာဗျူးအစီအစဉ်ကို ဖြေကြားပေးပါသော မမမိုးမခ
အင်တာဗျူးအတွက်ပုံလုပ်ပေးသော အက်မင်တတိုင်းမွှေးနှင့်
ပါဝင်ကူညီပေးကြသောအက်မင်မန်ဘာ မောင်နှမအားလုံးကို
ရွှေမြို့သူလေးမှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း။။
အင်တာဗျူးအစီအစဉ်လေးပြီးဆုံးပါပြီရှင်။
သူငယ်ချင်းမောင်နှမအားလုံးကို ခင်မင်လေးစားလျက်
ရွှေမြို့သူ