ချစ်ခြင်း မုန်းခြင်းတွေ ရော ပြွန်းယှက် ဖောက်ထားတဲ့ ဒီနှစ်ဆောင်းရာသီက မြောက်ပြန်လေရဲ့ အုံမှိုင်းမှိုင်းရနံ့တွေနဲ့ ငါ့ဆီသယ်လာပြန်ပြီ။ ဒီဇင်ဘာရဲ့ အေးစက်စက်အရသာကိုမှ ချဉ်ခြင်းတပ် မိတဲ့ငါ နှင်းစက်တွေ ခေါင်းမိုးပေါ် လွင့်ပျံနေတဲ့ အသံသစ်ကိုလွမ်းမိပါရဲ့ ။ ချစ်ခြင်းတရားကို နတ်ဘုရားတစ်ပါးလို ကိုးကွယ်တဲ့ သူရဲကောင်းတွေကို အားမကျပေမယ့် မင်းအတွက်တော့ ငါအရှက်မဲ့တယ်။ မင်းရဲ့ ဆံနွယ်ရှည်နဲ့ ခိုးခိုးခစ်ခစ်ရယ်သံတွေ ငါ့သမိုင်းမှာ ရှာလို့မတွေ့ ခဲ့ဘူး ။ အရာအားလုံးနဲ့ ငါကင်းလွတ်နေရင်တောင် လင်းပွင့်မှုရဲ့ သီးသန့်နယ်နမိတ်မှာ ငါ့အချစ်ကိုခွင့်ပြုသင့်တယ်။ ဒီသဲမြေပုံပုံပေါ် မင်းနာမည်ကိုမှုန်နေအောင်ရေးမယ်လို့ ငါအားတင်းထားသမျှ အရာရာဟာအလကားပဲ။ အချိန်တန်တော့လည်း ပတ်ဝန်းကျင်မှာ ပေါက်ကွဲလွင့်စင်နေတဲ့ ဒီဇင်ဘာနဲ့ အလွမ်းတွေကိုပဲ ထမ်းပိုးပြီ ပြန်လာခဲ့ရတယ်။ မင်းနဲ့ပတ်သတ်ရင် အရာရာရှူံးခဲ့တဲ့ဘဝမှာ အိပ်မက်ကလွဲရင်ဘာမှအပိုင်မရခဲ့ပါဘူး။ ဆံနွယ်ရှည်ရှည်နဲ့ ငါချစ်တဲ့ကောင်မလေးရေ ရိုးရိုးလေးလှတဲ့နင့်ကိုတိုးတိုးလေးကပ်ပြောခဲ့တယ် ငါ့ရင်ခုန်သံကိုနင်ကြားနိုင်မယ်ဆိုရင်ပေါ့။ မရည်ရွယ်ပဲနဲ့ ဆယ်စုနှစ်နီးပါး နင့်ဝင်္ကပါမှာ ငါလမ်းပျောက်နေခဲ့တယ် ငါဘယ်လိုကောင်လဲဆိုတာ ငါ့ကိုယ်ငါသေချာမသိသလိုမျိုး။ ကျန်ရစ်သူနဲ့ ချန်ခဲ့သူ ဘယ်သူကမှ မမှားခဲ့ကြပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီနှစ်ဆောင်းက မန္တလာမှာ နှင်းသိပ်မကျပေမယ့် ဟိုးအရင်ကလိုပဲအေးစိမ့်နေတယ်။
↧