“ သားသမီးတွေက အိမ်ပြန်လာတိုင်း ကျုပ် ဧည့်ခန်းထဲမှာ ထိုင်နေတယ်။ သူ့အမေကိုမမြင်တော့ အမေရော လို့မေးကြတယ်။ သူ့အမေငုတ်တုတ်ထိုင်နေတဲ့ အခါကျတော့ “အဖေရော”လို့ မမေးကြတော့ဘူး။ ကျုပ်ခံစားရတယ်ဗျာ။ ” “ မတွေးမိကြလို့ပါ။ သားသမီးတွေကျောင်းလိုက်ပို့တဲ့ သူတို့အမေကို ကျတော့ ချစ်လိုက်ကြတာ။ ကျုပ်ကကျောင်းလိုက်မပို့ပေးနိုင်ဖူး။ ဒီတော့...... ကျုပ်ကသူတို့ကို မချစ်ဖူးလို့ ထင်ကြရော။ ကျုပ်ကလည်း အလုပ်ကို အစောကြီး သွားရတယ်လေ။ ဘယ်လိုလုပ်ပြီး ပို့ချိန်ရမှာလဲ။ ဒီတော့.... ကျုပ်ကပြောချင်တယ်။ ဒီမယ်..... သားတို့၊ သမီးတို့ မင်းတို့ ကျောင်းသွားဖို့ စီးနေတဲ့ စက်ဘီးက ဒီကောင်ကြီး ၀ယ်ပေးထားတာပါ။ ခက်တယ်ဗျာ။ မကြည့်တတ်၊ မမြင်တတ်တဲ့ သူတွေကို ကြည့်တတ် မြင်တတ်အောင် ပြောရ တာကိုယ်ရည်သွေးသလို ဖြစ်ဖြစ်နေတယ်။ သူတို့ကို မပြောချင်ပါဘူးဗျာ။ ” “ ဒီမယ်.... သေချာစဉ်းစားကြည့်ကြစမ်းပါ။ သားသမီးတွေရဲ့ ပါးစပ်ထဲကို ထမင်းခွံ့ကျွေးတဲ့ အမေ။ ထမင်းပန်ကန်ထဲကို ထမင်းခူးပေးတဲ့ အမေ။ မီးဖိုချောင်ထဲက တကုပ်ကုပ်နဲ့ အလုပ်ရှုပ်နေတဲ့အမေ။ သူတို့အမေကိုတော့ ချစ်လိုက်ကြတာ။ ချစ်ကြမှာပေါ့။ သူတို့အမေအလုပ်လုပ်နေတာကို မြင်ရတာ ကိုး။ အဲ့ထမင်းတွေဖြစ်လာဖို့ ကျုပ်ဘယ်လောက်အထိ သူတို့ကွယ်ရာမှာ အလုပ်လုပ်နေရတယ်ဆိုတာ သူတို့က မတွေးမိဘူးဗျာ။ ကျူပ်တို့ ဖခင်တွေ ဟာယောကျာ်းသားတွေပါ။ မာနရှိတယ်။ သတ္တိရှိတယ်။ မဟုတ်ရင် ငုံ့မခံဘူး။ ဒါပေမဲ့ဗျာ...... သားကျွေးမှု၊ မယားကျွေးမှု အတွက် ကျုပ်တို့ အလုပ်ရှင်က ကျုပ်တို့ အပေါ်မှာ ဘယ်လိုဘဲဆက်ဆံဆက်ဆံ၊ ဘယ်လိုဘဲ ဗိုလ်ကျ ဗိုလ်ကျ သားသမီးလေးတွေရဲ့ မျက်နှာကိုငဲ့ပြီး ယောကျာ်းမာနကို ချိုးနှိမ်ခဲ့ရတယ်။ ယောကျာ်းသတ္တိကိုမျိုချခဲ့ရတယ်။ ကျုပ်လည်း ကျုပ်သားသမီးတွေကို ချစ်တာပေါ့ သူတို့ အမေချစ်တာထက်မလျော့ဖူး။ ပိုရင်သာပိုမယ်။ ဒါပေမယ့်...... ကျုပ်တို့လို ဖခင်တွေရဲ့ အချစ်ကို ဘယ်သားသမီးကမှ မခံစားတတ်ပါဘူးဗျာ။ ” “ သားသမီးဆိုတာ ရေချိုးပေးတဲ့အမေ့ကိုသာ ချစ်တတ်ကြတာပါဗျာ။ စဥ့်အိုး ထဲကိုရေအပြည့် ထမ်းထည့်ပေးတဲ့ ကျုပ်တို့ ဖခင်တွေကိုတော့ ချစ်ရကောင်း မှန်းမသိကြပါဘူး။ သူတို့ အမေကလည်းသင်မပေးဖူးလေ။ ” “ ဒီလိုပဲ သရက်သီးခူးကျွေးတဲ့ သူတို့ အမေကိုတော့ ကျေးဇူးတင်လိုက်ကြ တာ။ ချစ်လိုက်ကြတာ။ မိုးထဲရေထဲ ရွံ့ ဗွက်ထဲမှာ အအေးမိခံပြီး စိုက်ပျိုးပေးခဲ့တဲ့ ကျုပ်တို့လို ဖခင်တွေရဲ့ နှလုံးသားကိုတော့ နားမလည်ကြဖူး၊ မမြင်ကြဖူး၊ မြင်တတ်အောင် အမေတွေက မပြောကြဖူး။ ” “ သားသမီးဆိုတာ သူတို့ အမေရဲ့ နို့ဖိုးကိုသာမြင်လွယ်တတ်ကြတာပါဗျာ။ ကျုပ်တို့လိုဖခင်တွေရဲ့ ချွေးဖိုးကိုတော့ တန်ဖိုးထားရကောင်းမှန်းမသိကြဖူး။ တသက်လုံးစို့နေတဲ့ ချွေးကို နို့ဖိုးလောက် မချိုမြိန်ဖူးလို့ ထင်တတ်ကြတယ်။ ” “ ထီးမိုးပေးတဲ့ အမေ့ရဲ့ မေတ္တာကိုတော့ ချက်ချင်းသိတတ်လိုက်ကြတာ။ လုံခြုံနွေးထွေးတဲ့ ဘ၀တွေကို ဖန်တီးပေးနေတဲ့ ဖခင်တယောက်ရဲ့ ချစ်ခြင်းနဲ့ မေတ္တာကို မသိကြဖူး၊ မမြင်ကြဖူး။ ၀မ်းနည်းတယ်ဗျာ။ ” “ သားသမီးတွေက ခက်တယ်ဗျာ။ သောက်ရေအိုးထဲက ရေအေးအေးကို ခပ်တိုက်တဲ့ အမေ့ကိုတော့ ချစ်တတ်ကြတယ်။ သောက်ရေအိုးထဲ ရေဖြည့် ပေးထားတာ ကျုပ်တို့ အဖေတွေပါဗျာ။ ဒီလိုပြောရမှာ ရှက်တယ်ဗျာ။ ဘယ်သားသမီးကိုမှ ကျုပ်တို့ အဖေတွေက ဒီလိုကြီးမပြောချင်ဘူး။ ” “ ပန်းပန်ပေးတဲ့ မိခင်ရဲ့ အချစ်ကိုသာ ခံစားတတ်ကြတာပါ။ ပန်းပင်ကိုပျိုးပြီး ပန်းကလေးတွေပွင့်လာအောင် ရေလောင်း ပေါင်းသင်ပေးနေတဲ့ ကျုပ်တို့လို အဖေတွေရဲ့ အချစ်ကိုတော့ သူတို့လေးတွေ မခံစားတတ်ကြပါဘူး။ သိစေချင်တယ်ဗျာ။ ” “ ဘီယာတခွက်၊ အရက်တပတ်နဲ့ ကျုပ်ရဲ့ မေတ္တာကို တန်ဖိုးမဲ့သွားအောင် ကျုပ်မိန်းမက သားသမီးတွေကို သွေးထိုးပေးတတ်ကြတယ်ဗျာ။ ကျုပ်မှာ လည်းအပေါင်းနဲ့ အသင်နဲ့။ တခါတလေ အလိုက်အထိုက်ဆိုတာရှိတာပေါ့။ ကျုပ်ဘာဘဲလုပ်လုပ် ကျုပ်သားသမီးနဲ့ ကျုပ်မိန်းမ အတွက်စဉ်းစားခဲ့တာ ချည်းဘဲ။ သူတို့တွေဒါကို ထည့်ပြီးမတွက်ကြပါဘူး။ အိမ်ရှင်မတွေက သူတို့ ပြောချင်တဲ့စကားကို တိုက်ရိုက်မပြောဖူး။ သားသမီးတွေကိုသွေးထိုး ပေးတယ်။ သားသမီးတွေက တဆင့်ပြောခိုင်းတယ်။ ဒီလိုနဲ့ သားသမီးတွေက ကျုပ်ကို မုန်းသွားကြရော။ မုန်းအောင်သင်ပေးနေတာတော့ မဟုတ်ဖူး။ မချစ်တတ်အောင် သင်ပေးသလိုဖြစ်နေတယ်။” “ မိကောင်းဖခင် ဆိုတဲ့စကားကို အိမ်က မိန်းမတွေ သဘောပေါက်သင့်တယ်။ မြန်မာစကားက ဖွင့်ဆိုပုံလေးနက်တယ်ဗျာ့။ မိကောင်းဖခင် ဆိုတာ အမိကောင်းမှ အဖကိုခင်တယ် လို့ ဆိုလိုတာ။ အဖကို မခင်တွယ်တဲ့ သားသမီးဖြစ်နေရင် အဲ့သားသမီးရဲ့ မိခင် မကောင်းလို့ ဘဲ။ အခု ကျုပ်သားနဲ့ သမီးက ကျုပ်ကို ချစ်ရကောင်းမှန်းမသိ ကြဘူး။ အမိမကောင်းတော့ အဖကို မခင်ဘူး။ မချစ်ဖူးပေါ့ဗျာ။ ကျုပ်လည်း ကျုပ်သားသမီးတွေရဲ့ အချစ်ကို ခံချင်တာပါဘဲဗျာ။ ”
↧