´ဒီလောက်ကတော့ ငါတို့လည်းတွက်တတ်သားပဲ´
အတန်းထဲမှာ ကျောင်းသားများ တီးတိုးပြောနေကြတာပါ။
ဆရာက ကျောက်သင်ပုန်းပေါ်တွင် မေးခွန်းရေး၍ ကျောင်းသားများကို ပုစ္ဆာတစ်ပုဒ်တွက်ခိုင်းခဲ့သည်။ ကျောင်းသားများက အတန်းရှေ့ထွက်၍ သင်ပုန်းပေါ်တွင် တွက်ပြရမည်ဖြစ်သည်။ ကျောင်းသားများ မလှုပ်ကြ။ ကျောင်းသားတစ်ယောက်ထွက်လာပြီး ပုစ္ဆာကို တွက်ပြသွားခဲ့သည်။ ဆရာက ထိုကျောင်းသားအား တော်ကြောင်းချီးမွမ်းပြီုးဆုအဖြစ် ဖောင်တိန်တစ်ချောင်းပေးခဲ့သည်။ ကျန်သည့်ကျောင်းသားများက သူတို့လည်း တွက်တတ်ကြောင်းတီးတိုးပြောနေကြသည်ကိုဆရာက ကြားသည်။
`ကဲ အားလုံးနားထောင်ကြ ၊ စောစောက ဆရာကြားလိုက်တယ်။ အဲဒီလောက်ကတော့ မင်းတို့လည်း တွက်တတ်တယ်လို့ ပြောနေကြတယ်မဟုတ်လား´
ဟုဆရာက ပြောသည်။ ဆရာကဆက်ပြောခဲ့သည်။
´ဖြစ်နိုင်ပါတယ် မင်းတို့လည်း တွက်နိုင်ကြမှာပါ ဒါပေမယ့် မင်းတို့ အတန်းရှေ့ထွက်ပြီး မတွက်ခဲ့ဘူး မဟုတ်လား´
ဆရာပြောပြမယ်။ တစ်ခါက ကိုလံဘတ်စ်ကို သူ့ရဲ့စွန့်စားခရီးစဉ်နဲ့ သူ့ရဲ့နယ်မြေသစ် တွေ့ရှိမှုတွေအတွက် ဂုဏ်ပြုညစာပွဲနဲ့ဧည့်ခံတယ်။ အဲဒီမှာ ကိုလံဘတ်စ်ရဲ့အောင်မြင်မှုတွေကို မနာဖြစ်နေတဲ့လူတွေက ´ဒီလောက်များ ငါတို့လည်း လုပ်တတ်သားပဲလို့´ ပြောနေကြတယ်။ ဒါပေမယ့် ကိုလံဘတ်စ်က ဘာမှမပြောဘူး။သူက ကြက်ဥတစ်လုံးကို ယူလိုက်တယ်။ ပြီးတော့ သူ့ကိုကဲ့ရဲ့နေတဲ့ လူဆီကိုသွားပြီး ဒီကြက်ဥကို ခုံပေါ်မှာ ထောင်ပြနိုင်မလားလို့မေးတယ်။ အဲဒီအခါကျတော့သူတို့မလုပ်နိုင်ဘူး။ ကိုလံဘတ်စ်က ကြက်ဥကို ခုံနဲ့ ခပ်ဆတ်ဆတ် ရိုက်လိုက်တော့ ကြက်ဥအခြေက ချိုင့်သွားပြီး ထောင်ထားလို့ရသွားတယ်။ အဲဒီအတိုင်း
ကိုလံဘတ်စ်က ကြက်ဥကို ထောင်ပြခဲ့တယ်။ အဲဒီအခါလည်း ဟိုလူတွေက
`ဒီလောက်တော့ ငါတို့လည်း လုပ်တတ်သားပဲလို့ ပြောတာပဲ`ဟု ဆရာကပြောပြသည်။
ဆရာက `မင်းတို့ကို ဆရာပြောချင်တာက မင်းတို့မှာလည်း အစွမ်းအစတွေရှိတယ်။ လူတိုင်းမှာ အစွမ်းအစတွေရှိကြတယ်။ ဒါပေမယ့် လူတိုင်းက အရာရာတိုင်းကိုမလုပ်နိုင်ကြဘူး။ ကိုယ်လုပ်နိုင်တာကို လုပ်ရမယ်။ အကောင်းဆုံးဖြစ်အောင်ကြိုးစားရမယ်။ ကိုယ်မလုပ်နိုင်တာကို လုပ်ဆောင်သွားတဲ့လူတွေကိုတော့ ချီးမွမ်းရမှာပဲ။
လက်ခုပ်တီးပြီး အားပေးရမှာပဲမဟုတ်လား။ ကိုယ်တတ်နိုင်တဲ့အရာတွေမှာ သူတတ်နိုင်ချင်မှတတ်နိုင်မယ်။ အဲဒီလိုပဲ သူတတ်နိုင်တဲ့ အရာတွေမှာ ကိုယ်တတ်နိုင်ချင်မှတတ်နိုင်ပါလိမ့်မယ့်။ အလကားသက်သက် အချိန်ကုန်ခံပြီး ကဲ့ရဲ့မနေကြနဲ့ ဒါမှမဟုတ် ကဲ့ရဲ့မှုတွေကို အာရုံစိုက်မနေကြနဲ့´ဟုဆရာက ဆုံးမသည်။
ဆရာက ဆက်ပြောသေးသည်။ ´အဲဒီလိုပဲ မင်းတို့တစ်ခုခုမှာ အောင်မြင်တဲ့အခါ လူတစ်ချို့က ပြောကြဦးမှာပဲ *ဒီလောက်တော့ ငါတို့လည်း လုပ်နိုင်သားပဲ*လို့ပြောကြလိမ့်မယ်။´
သူရိန်သော်တာ
www.facebook.com/thureinthawtah