- ခလုတ်တိုက်လဲခြင်းသည် ကျဆုံးခြင်း မဟုတ်။
(ပေါ်တူဂီစကားပုံ)
လောက၌ ဘယ်သူမှ အမှားအယွင်း မကင်းနိုင်။ အမှား လုံးဝကင်းချင်လျှင် ဘာမှမလုပ်ဘဲနေဖို့သာ ရှိသည်။ သို့သော် လူ့ဘ၀ရောက်လာပြီး ဘာမှလုပ်မသွားဘူးဆိုလျှင် အဲဒါသည်ပင် လူတကာထက်မှားသည့် အကြီးဆုံးအမှားကြီး ဖြစ်သွားလိမ့်မည်။ ထို့ကြောင့် အလုပ်လုပ်ရလိမ့်မည်။ လမ်းလျှောက်သောသူ ခလုတ်တိုက်သလို အလုပ်လုပ်သောသူသည်လည်း တစ်ခါတစ်ရံ အမှားအယွင်းကြုံရမည်။ အမှား၏ဒဏ်တွေလည်း ခံရမည်သာ ဖြစ်သည်။ သည့်အတွက် စိုးရိမ်စရာမလိုပါ။ ဒါသည် လောက၏ဓမ္မတာတစ်ခုသာ ဖြစ်သည်။ ရာသီဥတု ဟူသည် အမြဲတမ်း မသာယာ။ ဆိုးသည့်အခါ ဆိုးသလို ဘ၀မှာလည်း မုန်တိုင်းထန်သည့်အခါတွေ ရှိပေဦးမည်။ သို့သော် ဒီလေဒဏ်၊ မိုးဒဏ်၊ မုန်တိုင်းဒဏ်တွေကို ကြံ့ကြံ့ခံရင်းပင် လူက ရင့်ကျက်ဖွံ့ဖြိုးရသောသဘော ရှိသည်။ မီးဒဏ်၊ တူဒဏ်ကို နာနာခံပြီးမှ အသားကောင်းသောဓားတစ်ချောင်း ဖြစ်လာသည်။ လှိုင်းကြမ်းလေကြမ်းကို အကြိမ်ကြိမ် ဖြတ်သန်းပြီးမှ ကြံ့ခိုင်ကျွမ်းကျင်သော သင်္ဘောသားကောင်း ဖြစ်လာသည်။ အခက်အခဲ အကျပ်အတည်းတွေသည် အတွေ့အကြုံနုနယ်သူ လုလင်ငယ်တစ်ဦးအား ရင့်ကျက်ထက်မြက်သော ယောက်ျားကောင်းတစ်ဦးအဖြစ်သို့ ပြောင်းလဲပေးနိုင်သော စွမ်းအား ရှိကြ၏။ သို့သော် အခက်အခဲတွေအပေါ် ထားရှိသည့် တစ်ဦးချင်း၏သဘောကတော့ အရေးကြီးသည်။ မတော်တဆ ခြေချော်ကျသည်ကို ငါကျဆုံးပြီ မြင်၍မရ။ ခလုတ်တိုက်လဲသည့်နေရာမှာ ဆက်လှဲနေမှ တကယ်ကျဆုံးခြင်း ဖြစ်သည်။ ထို့ကြောင့် “လူ၏စွမ်းရည်ကို ခလုတ်တိုက်လဲခြင်း၊ မလဲခြင်းနှင့် ဆုံးဖြတ်၍မရ။ ခလုတ်တိုက်လဲပြီး ပြန်ထ၊ မထ ဟူသောအချက်ဖြင့်သာ ဆုံးဖြတ်၍ရနိုင်သည်” ဟု ဆိုကြခြင်း ဖြစ်သည်။ နောင်တစ်နေ့တွင် စတိုးဆိုင်တွဲလုပ်ငန်းရှင်သူဌေးကြီးဖြစ်လာမည့် ဖရန့်ဝူး(လ်)၀ပ် (Frank Woolworth) ကုန်စုံဆိုင် စ,ဖွင့်တော့ (၅) ဆိုင်တွင် (၃) ဆိုင်က အရှုံးပေါ်သည်။ သို့သော် ဒီလုပ်ငန်း ကိုက်မှာမဟုတ်ဘူး ဟူ၍ သူ နောက်ဆုတ်မသွား။ နည်းနာတွေပြုပြင်ကာ ဆိုင်အလုပ်ကို ဆက်လုပ်သည်။ ဒိနောက်တော့ သူ့ဆိုင်တွေ ထင်ရှားအောင်မြင်လာပြီး အမေရိကန်ပြည်အနှံ့မှာ ဆိုင်ခွဲတွေ မှိုလိုပေါက်သည်အထိ ဖြန့်ကြက်နိုင်ခဲ့သည်။ သည်လူတွေက အနှောင့်အယှက် အဟန့်အတားကို ပမာမထား။ ကိုယ့်ခရီး ကိုယ်ဆက်နိုင်အောင်သာ အားထုတ်ကြိုးပမ်းတတ်သူမျိုး ဖြစ်သည်။ သူတို့ကို မအောင်မြင်အောင် တားဆီးထား၍ မရ။ သူတို့ရှေ့မှာ ခလုတ်ကန်သင်းတွေ၊ သစ်တုံး ကျောက်ခဲတွေ မည်မျှချထားထား သူတို့ စိတ်ပျက်မသွား။ ဒါတွေကိုပင် လှေကားထစ်များပမာ နင်းတက်သွားဦးမည် ဖြစ်သည်။ အခက်အခဲကြောင့် နောက်တွန့်မသွားကြသူတွေမှာ အဓိကအားက ရည်မှန်းချက်ခိုင်မာခြင်း ဖြစ်သည်။ ပန်းတိုင်ကို သူတို့အာရုံထံတွင် ရှင်းလင်းစွာ မြင်ထားပြီး ယင်းပန်းတိုင်သို့ ချီတက်ရန် လမ်းကြောင်းများ၊ လုပ်ငန်းအစီအစဉ်များလည်း တိတိကျကျချထားပြီးဖြစ်ရာ အတွန်းအထိုး၊ အတိုက်အခိုက်တွေကြောင့် လဲတာပြိုတာ ရှိချင်ရှိမည်ဖြစ်သော်လည်း ဘေးဘီသို့ကား တိမ်းချော်ကွေ့ကောက်သွားခြင်း မရှိ။ တွေ့သမျှ အတားအဆီးကို ကျော်တန်ကျော်၊ ဖောက်တန်ဖောက်ထွင်းကာ အဖြောင့်အတိုင်း ချီတက်မြဲ ချီတက်ဖြစ်လေသည်။ စွန် ဆိုသည်မှာ လေစုန်တွင် မတက်၊ လေကို ဆန်၍သာ တက်စမြဲ ဟူသောစကားရှိရာ ရည်မှန်းချက်စွဲမြဲခိုင်မာသူတို့မှာလည်း စွန်များနည်းတူ အခက်အခဲတွေများလေ ယင်းတို့ကို ထိုးဖောက်ကျော်လွှားကာ ပို၍မြင့်မားသော အောင်မြင်မှုဆုလာဘ်တွေ ရရှိလေ ဖြစ်ချေသည်။
ကိုးကား-----အားပြင်းတဲ့မြားတစ်စင်း (ဖေမြင့်)