ဆရာတော်ကြီး တစ်ပါးရဲ့ `အတ္တဒီပါ အတ္တသရဏာ= မိမိကိုယ်ကို ဆီမီးတိုင်ကဲ့သို့ ထွန်းညှိပါ၊ မိမိကိုယ်ကို ကိုးကွယ်ပါ´ ဆိုတဲ့ စာသားလေးကို မှတ်သားခဲ့ဖူးပါတယ် ။
ပါဠိတော်မြန်မာပြန်မှာတော့ --
အတ္တာ ဟိ အတ္တနော နာထော၊
ကော ဟိ နာထော ပရော သိယာ။
( ဓမ္မပဒ၊ ဂါထာ- ၁၆၀ )
မိမိသည်သာ မိမိ၏ ကိုးစားရာ ဖြစ်၏။ သူတစ်ပါးသည် မိမိ၏ ကိုးစားရာ အဘယ်မှာ ဖြစ်နိုင်အံ့နည်း- ဆိုပြီး ဘာသာပြန်ထားပါတယ်။
ဂါထာနံပါတ် ( ၃၈၀ ) မှာတော့ ( ကိုးစားရာအစား ) ကိုးကွယ်ရာ ဆိုပြီး ဘာသာပြန်ထားသည်ကို တွေ့ရပြန်ပါတယ်။
" ကောင်းတာ လုပ်ရင် ကောင်းတာဖြစ်မည် ။ မကောင်းတာပြုမိလျှင် မကောင်းသော အကျိုးဆက်ကိုသာ ခံစားရပေမည် " ။
လူ့ဘ၀အချိန်ကာလဟာ အင်မတန်မှ တိုတောင်းလွန်းလှပါတယ်။
လူဖြစ်ချိန်ခဏလေးမှာ အကျိုးရှိရှိ တန်ဖိုးရှိစွာ နေတတ် သေတတ်ဖို့ အလွန်အရေးကြီးလှပါပေတယ် ။
ဒီနေ့ facebook စာမျက်နှာမှာ ဆရာတော် အရှင်ရဝေနွယ် ( အင်းမ ) ရေးသားတဲ့ စကားစုလေး တစ်ခုကို မှတ်သားလိုက်ရပါတယ် ။
သူတစ်ပါး မကောင်းတာကို ဝေဖန်နေရမယ့် အချိန်မဟုတ်တော့ဘူး ။
ကိုယ်ကောင်းအောင်ပဲ နေရမယ့် အချိန်ဖြစ်နေပါပြီ ။
ဘာဖြစ်လို့လဲ ဆိုတော့ သေဖို့က တဖြေးဖြေး နီးလာပြီလေ ။
ဒီစကားစုလေးက ဆရာတော်ရေးသားထားတဲ့ ဆုံးမစာ စကားစုလေးပါ ။
" အချိန်သည် လူကိုမစောင့်။ "
" အချိန်သည် မနားတမ်း တရွေ့ရွေ့ ကုန်ဆုံး၍နေပေသည်။ "
" စက္ကန့် တွေ တိုးလာသည်နှင့် သေဖို့ရက်ကလည်း တစ်စက္ကန့်ချင်း နီးလာနေပါသည် ။ "
ကျွန်မတို့ ပတ်ဝန်းကျင်မှာ ရှိနေကြတဲ့ လူတော်တော်များများ သူတစ်ပါး အားနည်းချက် အမှားတွေကိုသာ လက်ညှိုးထိုးဝေဖန်ဖို့ စောင့်ဆိုင်းနေတတ်ကြပါတယ် ။
အတင်းပြောခြင်းဆိုသော အလုပ်ကို ယောကျာင်္းလေးလည်း ယောကျာင်္းလေး အလျှောက်ပြောဆိုတတ်ကြပါတယ် ။
အမှန်တကယ်တွေးကြည့်မယ်ဆို ကျွန်မတို့အတွက် အချိန်တွေဟာ နည်းလွန်းလှပါတယ် ။
သူတပါးအကြောင်းအရာတွေနဲ့ ခေါင်းရှုတ်အချိန်ကုန်ခံနေမယ့်
မိမိမှာ ရှိနေတဲ့ မကောင်းတဲ့ အကြောင်းအရာတွေကို ပြုပြင်ပြောင်းလဲပြီး၊ မိမိမှာ မရှိသေးတဲ့ ပညာရပ်တွေ အတတ်ပညာတွေကို လေ့လာဆည်းပူးခြင်း ဆိုတဲ့၊
အကျိုးရှိတဲ့ လုပ်ရပ်တွေကို လုပ်ဆောင်ခြင်းနဲ့ အချိန်တွေကို တန်ဖိုးရှိစွာ အသုံးချသင့်ပါတယ် ။
မိမိစိတ်ထဲမှာ သူတစ်ပါးအပေါ် မနာလိုစိတ်၊ မုန်းတီးစိတ်တွေသာ ပြည့်နှက်နေမယ်ဆိုရင်၊ သိပ်ကို ပူလောင် ပင်ပန်းလွန်းနေမှာ သေချာပါတယ်။
မိမိတို့ ဒုက္ခဘုံကို မိမိတို့ကိုယ်တိုင် ဖန်တီးနေခြင်းနဲ့ အတူတူပါပဲ။
သူတစ်ပါးအကြောင်းကို လိုအပ်တာထက် ပိုမို စိတ်ဝင်စားခြင်းအမှုကို ရှောင်ရှား ဖယ်ခွင်းနိုင်ကြပါစေ ။
ဘယ်သူက ကူညီရင်တော့ ဖြစ်မှာပဲ၊ ဘယ်ဝါဆီက အကူညီတော့ သေချာပေါက် ရမှာဆိုတဲ့ သူတစ်ပါးကို အားကိုးချင်တဲ့ စိတ်ဓာတ်တွေကို မိမိကိုယ်ထဲကနေ၊ လွှင့်ပစ်လိုက်သင့်ပါပြီ ။
ကျွန်မတို့ တက္ကသိုလ်တက်စဉ်အချိန်ကာလတွေ စာမေးပွဲဖြေတော့မယ်ဆိုရင်၊ ခုံနံပတ်နီးသူ သူငယ်ချင်းတွေက ကျက်စရာတွေကို ခွဲကျက်တာကို မြင်တွေ့ခဲ့ဖူးပါတယ် ။
နင်ကတော့ ဘယ်အခန်းတွေကိုကျက် ။ ငါက ဘယ်အခန်းတွေ ကျက်မယ် ။
နင်ကျက်တာကို ဖြေပြီးရင် ငါကျက်ထားတာကို နင့်ကို လှမ်းပြမယ် ။
အစရှိတဲ့ သူတစ်ပါး အားကိုးစိတ်တွေကို ကျွန်မ ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးပါတယ်။
တကယ်တမ်း စာမေးပွဲခန်းထဲကို ရောက်တဲ့အခါမှာတော့၊ တစ်ယောက်နဲ့ တစ်ယောက်ပြဖို့ကလည်း အခွင့်မသာ ။
တကယ်လို့ အခွင့်သာပြန်တော့လည်း ကိုယ့်ဆီကသာ ကူးပြီး ကိုယ့်အလှည့်ကျ ပြန်မပြတော့၊
စာမေးပွဲခန်းထဲက ထွက်တဲ့ အချိန်မှာ ငိုပွဲ ဆင်နွှဲရတဲ့ သူငယ်ချင်းတွေကို မကြာခဏဆိုသလို မြင်တွေ့ခဲ့ရဖူးပါတယ် ။
ဒါပေမယ့် အမှတ်မရှိစွာနဲ့ပဲ နောက်နေ့တွေမှာလည်း ဒီနည်းလမ်းကိုပဲ ကျင့်သုံးကြပြန်တယ် ။
သူတို့တွေကို ကြည့်ပြီး ရင်သပ်ရှုမော ဖြစ်ခဲ့ရဖူးပါတယ် ။
အဆုံးသတ်တော့ အောင်စာရင်းမှာ သူတို့နာမည်တွေ ပါမလာခြင်းက ဖြစ်သင့်တဲ့ ရလာဒ်တစ်ခုပါပဲ ။
ဘယ်လို အကြောင်းအရာမဆို၊ ဘယ်လို ကိစ္စတိုင်းကိုမဆို မိမိကိုယ်တိုင် ကြိုးစားအားထုတ်ခြင်းက ရေရာသေချာမှု ရှိဖို့ ကြိမ်းသေစေပါတယ် ။
သူတစ်ပါးကို အားကိုးခြင်းထက် ကိုယ်တိုင် လေ့လာဆည်းပူးခြင်းကိုသာ ပိုမို ပြုကျင့်သင့်ပါတယ် ။
မိမိ လေးစား အားကျရတဲ့ သူတွေဆီက ကောင်းမွန်တဲ့ အချက်လက်တွေ၊ ကြိုးစားအားထုတ်ခြင်းတွေကို လေ့လာ အတုယူပါ ။
မိမိဆီကို ကောင်းမွန်တဲ့ အချက်တွေ ကူးစက်လာအောင် မိမိကိုယ်တိုင် ကြိုးစားအားထုတ်လေ့ကျင့်ပါ။
လူ့ဘောင်ဘ၀မှာဘဲဖြစ်ဖြစ် သံသရာမှ ထွက်မြောက်အောင်ပဲဖြစ်ဖြစ် မည်သူမျှ မည်သူ့ကို မကယ်တင်နိုင်ပါ ။
မိမိကိုယ် မိမိသာ အားကိုး ရပေမည် ။
" သေးငယ်သောမီးပွားသည် ကြီးကျယ်သော မီးတောက်မီးလျှံကြီးများကို ဖြစ်စေနိုင်၏။
ထို့အတူ သေးငယ်သော အကျင့်ဆိုးသည်လည်း ယုတ်မာသော အကျင့်ဆိုးကြီးများကို ဖြစ်စေနိုင်၍ နုစဉ်ကပင် ပယ်ဖြတ်သင့်၏။ "
(လောကဓမ္မဘဝ နီတိပဒေသာစာအုပ်မှ ကောက်နှုတ် ဖော်ပြပါသည်။)
သူတစ်ပါးကို အားကိုးတတ်တဲ့ အကျင့်ဆိုးတွေကို ကုစားဖို့ အတွက် နည်းလေးတွေ ရှိပါတယ် ။
၁။ မိမိမှာ ပြည့်စုံတဲ့ အရည်ချင်းတွေရှိလာအောင် လေ့ကျင့်ပါ ။
၂။ မည်သည့်အရာကို မဆို ငါလုပ်ကို လုပ်နိုင်ရမယ်ဆိုတဲ့ စိတ်ဓာတ်ကို မွေးမြူပါ။
၃။ လေ့လာဆည်းပူးသင့်သော ပညာရပ်များ ၊ ဆရာသမားများထံတွင် ရိုးကျိုးစွာလေ့လာဆည်းပူးပါ။
၎။ အားကိုးခြင်းနဲ့ သင်ယူခြင်းကို ခွဲခြားသိမြင်တတ်ပါ။
၅။ ကျူးလွန်မိတဲ့ မကောင်းမှုတွေကို ကြိုးစားပြီး မေ့လိုက်ပြီး၊ မကျူးလွန်ရသေးတဲ့ မကောင်းမှုကို မကျူးလွန်မိအောင် ကြိုးစားပါ။
၆။ ကိုယ်ရည်ရွယ်ချက်ပန်းတိုင်ကို ကိုယ်တိုင်သေချာ ရွေးချယ်ပါ ။
၇။ အလုပ်တစ်ခုကို စွဲစွဲမြဲမြဲ လုပ်ဆောင်တတ်သော အလေ့ကျင့်ကို မွေးမြူပါ။
၈။ စာအုပ် စာပေကောင်းတွေဟာ တိုးတက်နေသူတွေ ရဲ့ အရင်းနှီးလက်နက်ကောင်း တစ်ခုဆိုတာကို အသိစိတ်ထဲမှာ မှတ်သားပြီး စာဖတ်တဲ့ အလေ့ကျင့် မွေးမြူပါ။
၉။မိမိကိုယ်ကို လေးစားနိုင်မှုကို တည်ဆောက်နိုင်အောင်ကြိုးစားပါ။
မိမိကိုယ်ကို ကိုးကွယ်တတ်ဖို့ဆိုတာ သူတစ်ပါးဆီက အတင်းတောင်းလို့မရသလို၊ ငွေနဲ့ ၀ယ်ယူလို့လည်းမရနိုင်ပါဘူး ။
ကြိုးစားအားထုတ်မှုတွေနဲ့ ကျင့်ကြံနေထိုင်မယ်ဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ တိုးပွားလာမယ်ဆိုတာ ဧကန်မုချပါပဲ ။
သူတစ်ပါးကို အကူညီတောင်းချင်စိတ်တွေ သူတစ်ပါးအပေါ် အားကိုးချင်စိတ်တွေ ကိုးကွယ်လိုတဲ့ စိတ်ဆန္ဒတွေ ဖြစ်လာပြီဆိုတာနဲ့၊
မိမိကိုယ်သာ ကိုးကွယ်ရာဆိုတဲ့ အသိလေးကို ချက်ချင်းပြန်ခေါ်ပါ ။
ပါးစပ်ကနေပါ ထုတ်ရွတ်ဆိုခြင်းဖြင့် စိတ်ဓာတ်တွေကို ပြန်လည်မြှင့်တင်ပေးပါ ။
ယုံကြည်ချက် ခိုင်မာမယ် ၊ ဇွဲလုံ့လရှိမယ်ဆိုရင် မဖြစ်ဘူးဆိုတာ မရှိသလောက်ရှားပါတယ် ။
ဘ၀ရှိရင် ဒုက္ခဆိုတာလည်း ရှိနေဦးမှာပါပဲ။
ဒုက္ခဆိုတာကို ထိုင်တွေးငိုင်ဆွေး မနေဘဲ သတ္တိရှိရှိ ရင်ဆိုင်ဖြေရှင်းခြင်းဟာ အကောင်းဆုံး နည်းလမ်းတစ်ခုပါပဲ။
အခက်ခဲတွေကို ဖြေရှင်းအောင်မြင်နိုင်လေလေ၊ မိမိကိုယ်ကို ယုံကြည်မှုတွေ တိုးလေလေပါပဲ။
မကောင်းခြင်းတွေ မကောင်းတဲ့ အကျင့်တွေ သံသရာ မရှည်စေဖို့ ယခုချိန်ကစပြီး ကောင်းတဲ့ အကျင့်ခံယူချက်လေးတွေကို ပြောင်းလဲ ပြင်ဆင်လိုက်ပါ။
" သံသရာမှ ထွက်မြောက်အောင် မည်သူမျှ မည်သူ့ကို မကယ်နိုင်ပါ "ဆိုတဲ့ အချက်ကို သတိမူ မှတ်သားဆင်ခြင်ကာ၊
“ယခင်ကောင်းလို့ ယခု ကောင်းပါသည်၊ ယခုကောင်းလို့ နောင် ကောင်းပါလိမ့်မည်။”
ဆိုသည့် ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး၏ အဆုံးအမအတိုင်း၊
ကိုယ့်ရင်ထဲမှာ ကိုယ့်နှလုံးသားထဲမှာ ကိုယ့်အသိဥာဏ်ထဲမှာ စွဲမြဲစွာ မှတ်သားပြီး၊
ရခဲလှတဲ့ လူ့ဘ၀မှာ မိမိကိုယ်ကို အားကိုးသူတွေ အဖြစ် ကြိုးစားနေထိုင်သွားကြပါစို့ရှင် ။
ခိုင်လေး (ရွှေတောင်)