လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က ဆရာနီကိုရဲ ရဲ့ စာအုပ်လေးတစ်အုပ်(နှလုံးသားနဲ့ကန်တဲ့ဘောလုံး)ဖတ်ဖူးတယ် …အဲဒီစာအုပ်ထဲက စိတ်ထဲမှာ မှတ်မိနေတဲ့ အကြောင်းအရာလေးတစ်ခုကို သဘောကျလို့ ပြန်ရေးလိုက်ပါတယ်…..ကြာလဲကြာပြီဆိုတော့ အတိအကျ မဖြစ်ရင်လဲ ခွင့်လွှတ်ပါလို့….
တစ်ခါက ကောင်လေးတစ်ယောက်ဟာ ကောင်မလေးတစ်ယောက်ကို အသဲအသန် ချစ်ရှာပါတယ်တဲ့...ကောင်မလေးကတော့ သူ့မှာ ရည်းစားရှိတယ်..ပြန်မကြိုက်နိုင်ဘူးလို့ ပြောပေမယ့်..ကောင်လေးကတော့ စွဲစွဲလန်းလန်းဖြစ်နေရှာတယ်…ကောင်မလေးနောက်ကို တစ်ကောက်ကောက်လိုက်ပြီး…ချစ်တယ် ချစ်တယ်လို့ ပြောနေရတယ်…ဒါပေမဲ့ သူ့ကို ကောင်မလေးက စိတ်ထဲမှာ မသနားတဲ့အပြင်…အနှောင့်အယှက်ဆိုပြီး ပြောလွှတ်လိုက်တာပဲ…. အဲလိုနဲ့ နောက်ကျတော့ ကောင်မလေးက စကားနဲ့မပြောတော့ဘဲ လက်ထဲပါလာတဲ့ ထီး၊ ချိုင့် စတာတွေနဲ့ ထုရိုက်တဲ့အထိဖြစ်လာတာပေါ့….ကောင်လေးက ချစ်ရတဲ့သူဆိုတော့ ဘာမှပြန်မလုပ်ပဲ ခေါင်းငုံ့ပြီးငြိမ်ခံနေရတယ်…ဒါပေမဲ့လဲ မရပါဘူး….လိုက်မြဲလိုက် ချစ်မြဲချစ်နေဆဲပဲတဲ့…
အဲဒီနောက် ကောင်မလေးက သူသွားရာမှာ သူ့ချစ်သူကို ခေါ်သွားတယ်လေ…ဟိုကောင်လေး နောက်ဆုတ်သွားအောင်လို့ပေါ့..ဒါပေမဲ့ ကောင်လေးကပိုတောင်ချစ်လာသလိုပါဘဲ….ကောင်မလေးက ဒီတခါမှာတော့ သူဘာမှမပြောတော့ပါဘူး…ဘာမှလဲ မလုပ်တော့ဘူး…သူမလုပ်ပေမဲ့ သူ့ချစ်သူက ကောင်လေးကို ထုလိုက် နှက်လိုက်တာ ဆေးရုံရောက်သွားတဲ့အထိပါဘဲ…ဆေးရုံရောက်တော့ သတိလစ်သွားတာပေါ့…..
ညဖက်လဲရောက်ရော သူထပြီးတော့ ဆေးထိုးပိုက်တွေဖြုတ်ပြီး တိတ်တိတ်လေး ဆေးရုံကဆင်းလာခဲ့တယ်…သူ့လက်ထဲမှာတော့ ဓါးတစ်ချောင်းပါလာတယ်..သူ့ခြေလှမ်းတွေက ကောင်မလေးရှိရာဆီကိုပါ…
ကောင်မလေးရဲ့အိမ်ကို ခိုးဝင်ပြီးတော့ ကောင်မလေးအိပ်ခန်းကို သွားတယ်..မျက်နှာမှာ ဘာအသွေးအရောင်မခြယ်ထားပဲ ကပိုကရိုလေး လှနေတဲ့ ကောင်မလေးကိုကြည့်ပြီး…သူ အသက်တောင်မရှုမိပါဘူး…ဒါပေမဲ့ သူ့မျက်စိထဲမှာ သူ့ကို ဟိုအကောင်က ထုနေရိုက်နေတာတောင် သနားစိတ်မ၀င်မိတဲ့ ကောင်မလေးကို သူစိတ်နာတယ်…သူ့လက်ထဲက ဒါးကိုမြဲမြဲကိုင်ပြီး ကောင်မလေးရဲ့ရင်ဝကိုခွဲပြီး နှလုံးသားကိုယူလိုက်ပါတယ်…
ကောင်မလေးကတော့ အိပ်မောကျနေတုန်းပါ…
အဲဒီနှလုံးသားကို အသင့်ပါလာတဲ့ အ၀တ်လေးပတ်ပြီး ယူလာတော့ နှလုံးသားဟာ တဒိတ်ဒိတ်ခုန်နေတာပေါ့….(ဆက်ပါဦးမည်)