မေ အွန်လိုင်းလောကထဲကို စရောက်ခါစက ning ဆိုဒ်လောကဆိုတဲ့ အတော်လေးကို စည်ကားတဲ့ အရပ်ဒေသလေးပေါ့။ စာရေးသူတွေလဲ ပေါများလှသလို စာဖတ်သူတွေကလဲ သူနှင့်ငါအပြိုင်။
ထိုသို့ စာရေးသူနှင့် စာဖတ်သူ ၊သူနှင့်ငါ အပြိုင် တက်ကြွနေသည့် ထိုအချိန်တွင် စာရေးသူအနေနှင့်လဲ မိမိရေးလိုက်သည့် ပို့စ်တစ်ပုဒ်အပေါ် တာဝန်အပြည့်ယူပြီး ရေးသားခဲ့ကြသည်။ စာရေးသူတစ်ယောက်ရေးလိုက်သည့် ပို့စ်တစ်ပုဒ်တွင် သူသိထားသည့် အသိပညာ ၊ ဗဟုသုတ၊ စေတနာအပြည့် ထည့်ဝင်ကာ အားသွန်ခွန်စိုက် ရေးထားသည်ကို တွေ့ရပါသည်။
စာတစ်ပုဒ်ကို ဖတ်လိုက်သည်နှင့် ထိုစာပုဒ်ကို ဖတ်ရန် ပေးလိုက်ရသည့် အချိန် ပမာဏနှင့် တန်အောင် အကျိုးရှိသည့် စာပေမျိုးတွေ ဖြစ်နေသည်က များပါသည်။ အိမ်နှင့်ဝေးသည့် မေတို့အတွက် အွန်လိုင်းဆိုသည့် အရပ်ဒေသကို ပျော်ရွှင်အောင် ဖန်တီးပေးခဲ့ခြင်းမှာ ထိုစဉ်ချိန်ခါက ဖတ်ရှု့ခဲ့ရသည့် ထိုသို့သော တန်ဖိုးရှိ စာပေများ၊ မိမိလက်လှမ်းမမှီနိုင်သည့် အရပ်ဒေသမှ ဗဟုသုတများကို ရှာဖွေဖတ်ရှုခွင့်ရခြင်း၊ ဘာသာရေး ဗဟုသုတများကို ဖတ်ရှု့ခွင့်ရခြင်းကြောင့်ဟု ဆိုလျှင် မှားနိုင်မည်မထင်ပါ။ ထို ning ဆိုဒ်များသည် ဗဟုသုတ ဟင်းလျာအိုးကြီး ကဲ့သို့ပင် စုံလင်လှပါသည်။
ထိုခေတ်အခါက အားပြိုင်ရေးသားခဲ့ကြသည့် ဘလော့ဂါများ၏ သူနှင့်ငါအပြိုင် ကြိုးစားအားထုတ်မှုများကို ပရင့်မီဒီယာ( print media ) သမားများကပင် အရေးတယူစောင့်ကြည့်ရကာ အွန်လိုင်းမီဒီယာသမားများ ကျော်တက်သွားမည့်အရေး မျက်ခုံးလှုပ်ခဲ့ရသည် အထိပင်။
သို့သော် အွန်လိုင်းမီဒီယာသမားများ ကွာလတီကို ရေရှည် မထိမ်းသိမ်းနိုင်ကြသည်လား ၊ အသက်မွေးဝမ်းကြောင်း အခြေအနေအရ ဝါသနာကိုသာ အရင်းခံရပြီး ငွေကြေးမရသည့် အွန်လိုင်းစာပေဖန်တီးသူဘဝကို စွန့်လွတ်လိုက်ရသည်လား ။ ထင်ကြေး ၊မြင်ကြေးကို ကို ပေးတင်ဝေဖန်နိုင်သည့် ဝေဖန်မှုအပေါ် အပြုသဘောထက် အပျက်သဘောဆောင်သည့် ငြင်းခုန်ခြင်းများကြောင့် စိတ်နှလုံး နွမ်းလာ၍လား မဆိုနိုင် ဟောဒီ ning ဆိုဒ် လောကတွင် စာပေးများရေးသားလာကြသည့် စာရေးသူများ တဖြည်းဖြည်း ပျောက်ကွယ်သွားကြကုန်လေသည်။
အများစုမှာ ကိုယ်ပိုင်ဘလော့များ ဖန်တီး၍ မိမိနှင့်ဝါသနာတူ ၊ စာရေးသူ ဘလော့ဂါများထံမှ စာပေများကို လိုက်လံဖတ်ရှုခြင်း ၊ စာပေရေးသားခြင်း မှတ်ကျောက်တိုင် မိမိရေးသားလိုက်သည့် စာပေများကို စာအုပ်လေးများအဖြစ် ထုတ်ဝေရန် ကြိုးပမ်းနေမှုများကြောင့် တစ်ချိန်က မြေစမ်း ၊ခရမ်းပျိုးခဲ့ကြသည့် ning ဆိုဒ်လောကကြီးကို ကျောခိုင်းသွားကြလေပြီ။ ကျန်ရစ်သူအချို့မှာလဲ ning ဆိုဒ်လောကသည် ငြီးငွေ့ဖွယ် အရပ်ဒေသ တစ်ခု ဖြစ်နေခဲ့ပြီဟု စိတ်တွင် တွေးထင်ခဲ့ကြလေပြီ။
မကြာသေးမှီက မိတ်ဆွေဟောင်း ဘလော့ဂါ တစ်ဦးနှင့် စကားစပ်မြည်းပြောဖြစ်သေးသည်။ ထိုသူထံမှ မချင့်မရဲ ညီးတွားသံက
“ning ဆိုဒ်တွေလဲ အရင်လို မစည်ကားတော့ဘူးနော်” တဲ့
“အေးလေ..တစ်နေ့ တစ်နေ့ ဖတ်စရာ အသစ်တွေဆိုတာကလဲ မရှိ ။ ကော်ပီစာတွေသာ အထပ်တစ်ရာ ပြန်ပြန်လည်နေကြတာ။ အသစ်ရေးလာပြန်တော့လဲ အကျိုးရှိစာပေတွေထက် ၊ တစ်နေ့ တစ်နေ့ အချစ်ကဗျာ၊ အချစ်စာတွေကသာ များနေတာလေ ။ အွန်လိုင်းပေါ်ရောက်လာကြတဲ့ လူငယ်အတော်များများကလဲ ဘယ်လိုစာပေမျိုးက မိမိအတွက်အကျိုးရှိမလဲ၊ ဘယ်လိုစာပေမျိုးကို ရွေးဖတ်သင့်သလဲ မတွေးဘူး။ အချစ် အချစ်နဲ့ ထပ်နေတဲ့ ဒီဘလော့သံသရာမှာပဲ ထပ်တလဲလဲ ဝဲနေကြတာ ဘယ်အချိန်မှများ ရင့်ကျက်ကြမှာလဲ မသိတော့ဘူး။
ning ဆိုဒ်ထဲ ရောက်လာကြတဲ့ လူငယ်တော်တော်များများက chat box ထဲမှာ စကားပြောကြမယ် ၊ စာဖတ်ရသည်ကို ပျော်ပါသည် ဆိုသည့် သူများက အချစ်ကဗျာအချို့ကို ဖတ်ကြမယ် စသည်ဖြစ်ပဲ အချိန်တွေကို ကုန်ဆုံးစေခဲ့ကြပါသည်။ မိမိ ဘဝ တိုးတက်ရန် ရှေ့ဆက်ဖို့ ၊ စိတ်ဓာတ်ခွန်အားမြင့်တင်ရန် ဖတ်ရမည့် စာပေများ ၊ မိမိ၏ စိတ်၊ ဦးနှောက်၊ ဥာဏ် ရင်သန်စေရန် လေ့လာသင့်သည့် စာပေများကို ဖတ်ရှုရန် မေ့လျော့နေကြပေပြီ။
ရေးသူအများစုမှာလဲ ရည်းစားစာသာသာ အချစ် ..အချစ်..ဖတ်သူအများစုမှာလဲ အချစ်ကဗျာ ၊အချစ်စာတွေမှာသာ ယစ်မူးပြီး အချစ်မှိုင်းတွေ မိနေကြပေပြီ။ အနာဂတ်လူငယ်တွေ တစ်နေ့ တစ်နေ့ အသုံးချနေသည့် အချိန်တွေကို နှမျောတသ ဖြစ်နေမိသည်။
အွန်လိုင်းဆိုသည့် ဟောဒီနေရာလေးကို အသုံးပြုနေသည့် လူငယ်များအား ကိုယ်ကိုယ်တိုင်လဲ မဖန်တီး ၊ အခြားသူ ဖန်တီးထားသည်ကိုလဲ အားမပေးသည့် အခြေအနေမှသည် အရည်းအချင်းရှိသူကိုလဲ ကူညီအားပေး ၊ ကိုယ်တိုင်လဲ သုတ ၊ပညာ စသည့် အရည်အချင်းရှိသူများအဖြစ် မိမိ၏ ရှေ့ဆက်ရမည့် မနက်ဖြန်များကို ရှေ့ဆက်စေလိုသည်မှာ မေ့ဆန္ဒပင်ဖြစ်သည်။
တစ်ဦးချင်းစီ တိုးတက်မှ တိုင်းပြည်ကြီးတိုးတက်ပါမည်။ မိမိ၏ ဥာဏ်မျက်စေ့ကို ဖွင့်လှစ်၍ အမြင်သစ်များနှင့် ယနေ့ မိမိကျင်လည်ရာ အရပ်ဒေသမှ အစချီ တိုးတက်ကောင်းမွန်ပြည့်စုံသော ခရီးအဖြစ် ရှေ့ဆက်ကြပါစို့လား ယနေ့လူငယ်များ။
.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်