ကျောက်စာဟောင်းတစ်ချပ်ကို ဖတ်ရှုကြည်ညိုကြည့်ခြင်း
သျှင်ဒိသာပါမောက် (သို့) ကျောက်စာဟောင်းတစ်ချပ်ကို ဖတ်ရှုကြည်ညိုကြည့်ခြင်း
by Yoma Light Missionary on Thursday, January 24, 2013 at 10:43pm ·
သျှင်ဒိသာပါမောက္ခသည် မြန်မာ့သမိုင်း၊ ပုဂံခေတ်တွင် အရေးပါအရာရောက်ခဲ့သော မထေရ်တစ်ပါး ဖြစ်ခဲ့သည်။ ပုဂံခေတ်နှောင်းပိုင်းတွင် မြန်မာဘုရင် နရသီဟပတေ့ ( တရုတ်ပြေးမင်း ) သည် ထိုအချိန်က တရုတ်မွန်ဂိုစစ်ဘုရင်ဖြစ်သော ကူဗလိုင်ခန်၏ နယ်ချဲ့ကျူးကျော်တပ်များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့ရသည်။ မြန်မာ များဘက်မှ ငဆောင်းချမ်းတိုက်ပွဲတွင် အရေးနိမ့်ပြီး ပြည်မြို့အနီးရှိ၊ လှည်းကျအရပ်တွင် စစ်ရှောင်နေရချိန် ဖြစ်သည်။ မြန်မာ့အုပ်ချုပ်ရေးနယ်မြေများဖြစ်သော ကောင်းစင်နှင့် တကောင်းနယ်များအထိ ကျူးကျော်သူများ က သိမ်းပိုက်ထားပြီးဖြစ်သည်။ ထိုကဲ့သို့သော အကြပ်အတည်းကာလတွင် စစ်ပြေငြိမ်းရေးအတွက် မြန်မာ ဘက်မှငြိမ်းချမ်းရေးသံတမန် ကိုယ်စားလှယ်တစ်ဖွဲ့ကို စေလွှတ်ခဲ့ရာ ထိုအဖွဲ့တွင် သျှင်ဒိသာပါမောက်လည်း ပါဝင်ခဲ့လေသည်။
မထေရ်သည် တိုင်းပြည်ချောက်ထဲကျကာစ အန္တရယ်ကို လက်နက်ကိုင်လမ်းစဉ်ဖြင့်မလိုက်၊ ဗုဒ္ဓ၏သား တော်ပီပီ ငြိမ်းချမ်းရေးလမ်းစဉ်ကိုလိုက်ပြီး ယုံယုံကြည်ကြည်ဖြင့် သွားရောက်အရေးဆို ဆွေးနွှေးခဲ့လေသည်။ တနည်းအားဖြင့် ပုဂံ၏ကံကြမ္မာကိုပန်းချီကို ကြမ်းတမ်းသော စစ်လက်နက်များဖြင့် ပုံမဖော်၊ ငြိမ်းချမ်းသော မေတ္တာလက်နက်ဖြင့် ယုံယုံကြည်ကြည်ပုံဖော်ခဲ့သည်ဟု ဆိုနိုင်ပါသည်။ သွားရောက်ခဲ့ရာ လမ်းတစ်လျှောက် သည် မထေရ်မြတ်အတွက် ပန်းခင်းသောလမ်းမဟုတ်၊ ခရီးကြမ်းသည်၊ ရာသီဥတုကြမ်းသည်၊ ယဉ်ကျေးမှုနှင့် အစားအသောက်အခက်အခဲများမှအစ မထေရ်မြတ်အတွက် အစစအရာရာ ခက်ခဲကြမ်းတမ်းနေမည်မှာ မလွဲ ပေ။ သွားရမည့်နေရာက ယခုခေတ်ကဲ့သို့ အချိန်မရွေး ကောက်ကာငင်ကာ သွားလို့ရသော အခြေအနေ မဟုတ်။
ထို့အပြင် မိမိရင်ဆိုင်အရေးဆိုဆွေးနွှေးရမည့်သူက တရုတ်ပြည်ကြီးအပါအ၀င် နယ်မြေအသီးသီးကို သိမ်းပိုက်ထားသည့် မွန်ဂိုအင်ပါယာ၏စစ်လိုလားသူ ကူဗလိုင်ခန်ဧကရာဇ်၊ အမိပုဂံကဲ့သို့သော တိုင်းပြည် ကလေး မျိုးအတွက် ကိုယ်တိုင်လာရောက် တိုက်ခိုက်သိမ်းပိုက်နေရသော နိုင်ငံရေးသြဇာနှင့် စစ်အင်အား ခပ်ညံ့ညံ့ဘုရင်မျိုးလည်း မဟုတ်ပေ။ နောက်ပြီး မိမိ၏ ဘုရင်ဘက်က စစ်ရေးမလှသည့်အပြင်၊ သူ့သံတမန် အဖွဲ့ကိုလည်းကွပ်မြစ်ခဲ့သည်ဟု ဆိုသဖြင့် ကွဲအက်စဆည်တမန်အက်ကြောင်းကြီးကို လက်နှင့် အတင်းပိတ် နေရတာနှင့်ပင် တူနေသေးတော့သည်။ စစ်ပြေငြိမ်းဖို့နေနေသာသာ မိမိအသက်ပင် ပုဂံသို့ပြန်ပါလာရေးအတွက် မည်သည့်အာမခံချက်မှ လည်းမရှိသည့် ကျားသနားမှ နွားချမ်းသာမည့် ထိလွယ်ချလွယ် အခြေအနေလည်း ဖြစ်သည်။
ထိုကဲ့သို့ မိမိဘက်မှ နိုင်ငံရေးနှင့် စစ်ရေးမျက်နှာစာတွင် အစစအရာရာ အနုတ်လက္ခဏာပြနေသည့် အခြေအနေတွင် မထေရ်မြတ်အတွက် စိတ်ရှိလို့သာသွားရသည်၊ အပြုသဘောဆောင်ပြီးတက်ကြွလွပ်လပ် ပွင့်လင်းသော ခရီးစဉ်မဟုတ်တာတော့ အသေအချာပင်။ ထိုကဲ့သို့သော အထွေထွေရှုပ်ထွေးမှုများကြားမှသွား ရောက်ရခြင်းဖြစ်သည့်အတွက် မထေရ်မြတ်၏စိတ်တွင်လည်း အနည်းငယ်တော့ ရင်လေးနေမည်မှာ မလွဲပေ။
သို့သော် မထေရ်ကား စိတ်ဓာတ်မကျ၊ အမိပုဂံအတွက် ဘာမှသေသေချာချာ မျှော်လင့်မယုံကြည်ရဲ သော်လည်း မိမိဘက်ကသေချာတာတစ်ခုကတော့ ' ငြိမ်းချမ်းရေးလမ်းစဉ်ကို ယုံကြည်ခဲ့ခြင်း ' ဖြစ်ပုံရသည်။ ပီကင်းနေပြည်တော်အရောက် ကူဗလိုင်ခန်ဧကရာဇ်နှင့် တွေ့ခွင့်ရသောအခါ သတင်းပါးလိုက်သော ရှေ့တန်း ရောက် တရုတ်စစ်သည်များ၏ အစားအသောက်အခက်အခဲပြဿနာအချို့ကို အကြမ်းဖျင်းတင်ပြပြောဆိုပြီး အမိ ပုဂံပြည်သာယာဝပြောရေးအတွက် ဟိုဟိုဒီဒီလျှောက်ပြောပြီး အသနားခံ တောင်းခံနေသည်မဟုတ်၊ အပြု သဘောဆောင်ရန်ခက်ခဲမည့် သူ့စည်းကိုယ့်စည်းစသည့် ရှုပ်ထွေးပွေလီသည့် နိုင်ငံရေးဆက်ထုံးများကို အချိန်ကုန်ခံငြင်းခုန်ပြီး ဖြေရှင်းမနေ။ ပေစ္စက္ခပုဂံအခြေအနေအရှိတရားအတွက် ဘာသာရေးရိပ်မှခိုပြီး ငြိမ်းချမ်းရေးကို အောက်ပါအတိုင်း ခပ်ရှင်းရှင်းပင် တောင်းဆိုခဲ့သည်။
'' ငါလည်း သာသနာပြုပုဂ္ဂိုလ်ဖြစ်သည်..မင်းကြီးလည်း ဘုရားဆုပန်မဟုတ်လော..အဖဂေါတမသာ သနာကို မပျက်စီးစေပါနှင့်..မင်းကြီးနိုင်လာခဲ့သောပြည်ကား များလည်းများလှပါပြီ၊ ကြီးလည်းကြီးလှပါသည်၊ တမ္ပဒီပပြည်သည်ကား ငယ်လှပါသည်..သာသနာရှိသောကြောင့်လည်း ဘုရားအလောင်းတို့အတွက် ပြည်မြတ် ဖြစ်နေ၏...သင့်စစ်သည်သူရဲတို့ကို မ၀င်ပါစေနှင့်..ငါတို့လည်း ကောက်ပဲစိုက်ပါအုံးမည်..ကောက် ပဲစိုက်ပြီးလျှင် ၀င်လိုက၀င်ပါ..'' ။
ထိုကဲ့သို့ ဘာသာရေးရိပ်မှခိုလှုံပြီး တိုင်းပြည်၏ လတ်တလောငြိမ်းချမ်းရေးကို အထက်ပါအတိုင်း ရိုးရှင်းလိမ္မာစွာ တောင်းဆိုလိုက်သောအခါ ကူဗလိုင်ခန်လည်း လက်ခံလိုက်ရလေတော့သည်။ အမိပုဂံပြည် အတွက် ငြိမ်းချမ်းရေး ရေချမ်းများ ပက်ဖြန်းနိုင်ဖို့အတွက် ကြမ်းတမ်းသောစစ်ရေး၊ နိုင်ငံရေးအကြပ်အတည်းကို ဘာသာရေးလမ်းကြောင်းမှတဆင့် ဖွင့်ယူသွယ်တန်းနိုင်ခဲ့ခြင်းသည် မထေရ်၏ ငြိမ်းချမ်းရေး လမ်းစဉ်အပေါ် ယုံကြည်ချက်များကြောင့်သာ ဖြစ်သည်ဆိုနိုင်ပါသည်။
မထေရ်၏ ငြိမ်းချမ်းရေးလစ်းစဉ်အပေါ် ယုံယုံကြည်ကြည် လျှောက်လှမ်းနိုင်ခြင်း၏ အင်အားသည် တိုင်းပြည်၏ အင်အားဖြစ်ခဲ့သည်။ မထေရ်၏ ယုံကြည်ချက်အင်အားကြောင့် ဆက်လက်ဖြစ်ပေါ်လာမည့် သွေးထွက်သံယိုဖြစ်မှုများ၊ စစ်ဘေးဒုက္ခများနှင့် အထွေထွေအကြပ်အတည်းများကို ညင်ညင်သာသာပင် ရှောင်ရှားနိုင်ခဲ့သည်။ တနည်းအားဖြင့် မထေရ်သည် တိုင်းပြည်၏ကံကြမ္မာကို စစ်ခုံရုံးဖြင့် ဖြေရှင်းရမည့်အစား၊ ဓမ္မခုံရုံးမှတဆင့် အောင်မြင်စွာ အဆုံးအဖြတ် ပေးနိုင်ခဲ့သည်ဟု ဆိုနိုင်ပါသည်။ အကျိုးဆက်အနေဖြင့် ရှင်ဘုရင်နှင့်တကွ ပြည်သူ၊ ပြည်သားများ အေးအေးချမ်းချမ်းဖြင့် အမိပုဂံသို့ ပြန်လာပြီး ဘုရားတည်၊ ကျောင်း ဆောက်ကာ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာဖြင့် ပုဂံ၏ပုံမှန်လည်ပတ်မှုများကို ပြန်လည်အသက်သွင်းနိုင်ခဲ့သည်။ မထေရ်သည်ကား ပင်ပန်းရကျိုးနပ်ခဲ့သည်။
မထေရ်သည် ကူဗလိုင်ခန်မင်းနှင့် စေ့စပ်ညှိနှိုင်းရာအောင်မြင်ခဲ့သဖြင့် မြန်မာဘုရင်က ဟန်လင်းအရပ် တွင် လယ်မြေများ၊ လယ်လုပ်ရန်ကျွန်များ၊ နွားများကိုပါ လှူဒါန်းဂုဏ်ပြုခြင်းခံရသည်။ သို့သော် မထေရ်မြတ် ကာား အဆိုပါ လှူဖွယ်အရပ်ရပ်တို့ကို ကိုယ်ကျိုးအတွက် မသုံးစွဲဘဲ ပုဂံတောင်ဘက် ပန်းပွတ်အရပ် မင်္ဂလာ စေတီတော်တွင် ရတနာသုံးပါးအတွက် ပြန်လည်လှူဒါန်းခဲ့သည်။ အဆိုပါ မထေရ်၏ ရတနာသုံးပါးအတွက် ပြန်လည် လှူဒါန်းရန် ဆုံးဖြတ်မှုကို ထောက်ဆကြည့်ပါက မထေရ်သည် အလိုနည်းပါးခြင်းဂုဏ်၊ ရောင့်ရဲတတ် ခြင်းဂုဏ်တို့နှင့် ပြည့်စုံကြောာင်း သိရှိကြည်ညိုရသည်။ မိမိ၏ပုဂ္ဂလိကပိုင်ဆိုင်မှုကို တစ်ပါးတည်းသုံးဆောင် ခံစားနိုင်သော်လည်း မထေရ်မြတ်ကား ထိုကဲ့သို့မတွေး၊ အများအကျိုးရှိမည့်အရေးကိုသာ ဦးစားပေးသဖြင့် အတ္တဟိတစိတ်ဓာတ်ထက် ပရဟိတစိတ်ဓာတ်များ လွှမ်းမိုးနေသည်ကိုလည်း တွေ့ရှိရသည်။
အမှန်အားဖြင့် ငြိမ်းချမ်းရေးခရီးစဉ် အောင်မြင်ခဲ့ခြင်းသည် မိမိ၏အောင်ပွဲမဟုတ်၊ ပုဂံသားတို့၏ အောင်ပွဲသာဖြစ်ကြောင်း မိမိကဂုဏ်ပြုခံခြင်းသည် ပုဂံသူ၊ သားတို့ကို ဥပေက္ခာပြုရာရောက်ကြောင်း နှလုံးပိုက် ထားပုံရသည်။ ထို့ကြောင့် မိမိတစ်ဦးတည်း ဂုဏ်ပြုခံရခြင်းထက် ပြည်သူလူထုပါ ဂုဏ်ယူရမည့် ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို ပူဇော်ရခြင်းက ပိုမိုသင့်လျော်သည်ဟုလည်း စဉ်းစားခဲ့ဟန်ရှိသည်။ တနည်းအားဖြင့် မထေရ်သည် သာသနာ့ဘောင်မှ ဗုဒ္ဓ၏ သားတော်တစ်ပါးဖြစ်သော်လည်း ပြည်သူတို့၏ နှလုံးသားများနှင့် တသားတည်းရှိနေခဲ့သည်ဟု ဆိုနိုင်ပါသည်။
ထို့အပြင် မထေရ်သည် မိမိလာဘ်လာဘဖြင့် အမိပုဂံပြည်သူ၊ ပြည်သားတို့၏ ပညာရေးအသက်သွေး ကျောဖြစ်သော စာသင်တိုက်တစ်တိုက်ကိုလည်း ဆောက်လုပ်တည်ထောင်လှူဒါန်းပြန်သည်။ စာသင်တိုက် ကြီးကို ဆောက်လုပ်လှူဒါန်းသောမထေရ်၏ သဒ္ဓါအင်အားကား သေချာစဉ်းစားကြည်ညိုကြည့်လျှင် တစိမ့် စိမ့်ထွက်သော ကျောက်စစ်ရေပမာ အနက်ရှိုင်းဆုံးနှလုံးသားမှတဆင့် ပျော်ဝင်စိမ့်ဆင်းလာသည်ကို တွေ့ရပါ မည်။
လတ်တလော အမိပုဂံပြည်၏စစ်ရေးနှင့် နိုင်ငံရေးအပြောင်းအလဲများ၊ ငြိမ်းချမ်းရေးခရီးစဉ်မှရခဲ့သော အတွေ့ အကြုံများ၊ မိမိတိုင်းပြည်ထက် ယဉ်ကျေးမှုများ၊ ပညာရေးများ၊ စစ်အင်အားနှင့်နိုင်ငံရေးအင်အားများ စသဖြင့် အစစအရာရာ သာလွန်သော တရုတ်ပြည်၏ ပုံရိပ်များသည်လည်း မထေရ်၏ ၀ံသာနုစိတ်ဓာတ်နှင့် နူးညံ့သော နှလုံးသားအာရုံကို ရိုက်ခတ်ငြိစွဲခဲ့မည်မှာ မလွဲပေ။ ထိုဝံသာနုစိတ်ဓာတ်နှင့်အပြောင်းအလဲ ဗဟုသုတ အတွေ့အကြုံများက '' တိုင်းပြည်အတွက် အထွေထွေအရင်းအမြစ်များ၏ အင်အားကို ပညာရေးမှတဆင့် မွေးယူမှ ရရှိနိုင်မည်ဖြစ်ကြောင်း '' ကောင်းကောင်း သုံးသပ်မိသွားပုံပေါ်သည်။ ထို့ကြောင့် ဘာသာရေးအတွက် စီမံလှူဒါန်းပြီးသောအခါ စာသင်တိုက်ကို တည်ထောင်သည်။
ထိုခေတ်အခါက တိုင်းပြည်၏ပညာရေးသည် ဘာသာရေးနှင့် တွဲဖက်ထားသောကြောင့် မထေရ်၏ ပညာရေးလုပ်ငန်းသည်လည်း အတိုင်းအထက်အလွန် မွန်မြတ်အောင်မြင်ခဲ့မည်မှာ မလွဲပေ။ တရုတ်ပြည်ပီကင်း ငြိမ်းရေးခရီးစဉ်မှအပြန် တည်ထောင်သော စာသင်တိုက်ဖြစ်သောကြောင့် အခြားစာသင်တိုက်များထက်လည်း အစစအရာရာ သာလွန်သော စံပြကျောင်းတစ်ကျောင်း ဖြစ်ခဲ့မည်မှာလည်း မလွဲပေ။
ဘာသာရေးနှင့်တွဲဖက်သော ပညာရေးဖြစ်ခြင်း၊ ငြိမ်းချမ်းရေးသံတမန်မထေရ်၏ ကျောင်းဖြစ်ခြင်းတို့ ကြောင့် တိုင်းပြည်၏ ပညာရေးသာမက လူငယ်လူရွယ်တို့၏ ကိုယ့်ကျင့်တရားများ၊ ဘာသာသာသနာနှင့် အမျိုး စောင့်ဝံသာနုစိတ်ဓာတ်များသည်လည်း ပြင်းထန်တောက်ပြောင်တက်ကြွနေခဲ့မည်မှာလည်း မလွဲပေ။ တိုင်း ပြည်နှင့် လူမျိုး၏ သမိုင်းကောင်းများကို မျိုးဆက်သစ်တို့၏ လက်အတွင်းသို့ စိတ်ချလက်ချလွှဲနိုင်ရေးကိစ္စသည် စာသင်ကျောင်းများကို အားကိုးရသည်။ စာသင်ကျောင်းကောင်းလျှင် ပညာရေးစိတ်ချရသည်။ ပညာရေး ကောင်းလျှင် တိုင်းပြည်နှင့် လူမျိုးအတွက် စိတ်ချရသည်။ ထိုသဘောတရားများကို အခြေခံကာ တည်ဆောက်ထားသော မထေရ်မြတ်၏ ရည်ရွယ်ချက်ကား ပြီးပြည့်စုံပြီး သမိုင်းတာဝန်ကျေခဲ့သည်ဟု ဆိုနိုင်ပါသည်။
မြန်မာ့သမိုင်းတွင် ပုဂံကား ခိုင်ခန့်ခဲ့၏၊ ပုဂံကား ထည်ဝါခဲ့၏၊ ပုဂံကား ပုံပြင်မဟုတ်၊ ထို့အပြင် ဒဏ္ဍာရီယုံတမ်းလည်း မဟုတ်ခဲ့ပေ။ ပုဂံ၏၀င့်ကြွားမှုများကို ယနေ့အချိန်အထိ မျက်ဝါးထင်ထင် တွေ့မြင်နိုင် သေးသည်။ ပုဂံသမိုင်းကို တစ်ဦးတစ်ယောက်တည်းက ရေးခဲ့သည်မဟုတ်၊ အနော်ရထာရေးခဲ့သည်၊ ကျန်စစ် သားရေးခဲ့သည်၊ အလောင်းစည်သူရေးခဲ့သည်၊ ကျစွာရေးခဲ့သည်၊ ရှင်အရဟံရေးခဲ့သည်၊ သျှင်ဒိသာပါမောက် ရေးခဲ့သည်၊ စသဖြင့်...စသဖြင့်....။
သျှင်ဒိသာပါမောက်၏ သဒ္ဓါအင်အားကြောင့်ရရှိခဲ့သော အကျိုးရင်းနှင့် အကျိုးဆက်များသည် အမိပုဂံ အတွက် အုတ်တစ်ချပ်ပဲပြောပြော၊ သဲတစ်ပွင့်ပဲဆိုဆို ရေတစ်ပေါက်ကြောင့် မြက်တစ်ပင်နုသွားခဲ့သည် ဆိုတာ ကတော့ သမိုင်းအက္ခရာ၊ မှတ်တမ်းညီညာသည်ဟု ဆိုနိုင်မည် ထင်ပါသည်။ ။
(ဘိက္ခု သကျလောကပဏ္ဍိတ)