``ဓားကိုဖျက်တော့ ၀ါးမျက်´´ ``လူကိုဖျက်တော့ အရက်´´ ``ရှင်ကိုဖျက်တော့ ဓဇဂ်``လို့ ဆိုရိုးစကားရှိသည် မဟုတ်ပါလား?
ဝါးပင်မှာ ပါရှိတဲ့ ၀ါးမျက်ကို ဓားနှင့် ခုတ်လိုက်မိပြီဆိုရင်တော့ မာကျောလှတဲ့အတွက် ဓားဟာ ပဲ့လို့သွားပါတော့တယ်။ ဒါကြောင့် ဓားကို ဖျက်ဆီးလိုက်တာက ၀ါးမျက်လို့ ဆိုကြတာပေါ့။
လူတွေမှာ ဆိုရင်လည်း တစ်ချို့က အရက်ကို အတော် စွဲစွဲလန်းလန်း သောက်တတ်ကြလေ့ရှိပါတယ်။ အဲဒီလို အရက်ကို စွဲသွားတဲ့ ပုဂ္ဂိုလ်တွေဟာ မိသားစုအရေးတွေ၊ စီးပွါးရေးတွေ၊ ကြီးပွါးရေးတွေကို အကုန်လုံး စွန့်လွှတ် မေ့ကုန်တော့တာပါပဲ။ သောက်တဲ့ အာရုံတစ်ခုလောက်ကိုသာ စိတ်ထဲမှာ ထားကြတော့တယ်။ သောက်တဲ့အချိန်ကာလ ကြာမြင့်လာတာနှင့်အမျှ ကိုယ့်ဘ၀ကို ကိုယ်ကိုတိုင် ဖျက်ဆီးပြစ်လိုက်ကြတော့တာပါပဲ။ ဒါကြောင့် လူကို ဖျက်တော့ အရက်လို့ ဆိုကြတာပေါ့။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀-ကျော်ကနေ ရှေ့ကို ပြန်ပြီး မှန်းဆ ကြည့်လိုက်ပါ။ တောအရပ် တောဒေသတွေမှာ ရှိကြတဲ့ ဘုန်းကြီးကျောင်းတိုင်း လိုလိုပါပဲ ရှင်သာမဏေတွေ များပြားစွာ ရှိနေခဲ့ကြတာကို တွေ့ရှိကြပါလိမ့်မယ်။ ကျောင်းထိုင်ဆရာတော်ကြီးများကလည်း အနာဂတ်သာသနာအတွက် မျှော်မှန်းချက်နဲ့ ရှင်သာမဏေများကို လိင်ဆယ်ပါး ဒဏ်ဆယ်ပါး ပေစ္စဝေက္ခဏာ သေခိယ ပရိတ်ကြီး သဒ္ဒါ သဂြိုဟ် စတဲ့ အခြခံစာပေများကို သင်ကြားပို့ချပေးခဲ့ကြတာကို တွေ့ရှိကြပါလိမ့်မယ်။ အဲဒီ အခြေခံစာပေတွေ ပြည့်စုံမှသာလျှင် မြို့မှာရှိကြတဲ့ အထက်တန်းစာပေတွေ သင်ကြားပို့ချပေးကြတဲ့ ပရိယတ္တိစာသင်တိုက်ကြီးတွေကို စေလွှတ်ပေးလေ့ ရှိကြတာကို တွေ့ရှိကြပါလိမ့်မယ်။ ဆရာဗန် ငယ်စဉ်အချိန်အခါက အပါအ၀င်ပေါ့။ အခြေခံစာပေတွေ သင်ကြားတဲ့အခါ ပရိတ်ကြီး ၁၁-သုတ်ရောက်လို့ ဓဇဂ္ဂသုတ် ကျက်မှတ်တဲ့အခါမှာ အလွန်ခက်ခဲတာကို တွေ့ရပါတယ်။ ခက်ခဲတဲ့အတွက်ကြောင့်လည်း ရှင်သာမဏေများဟာ လူထွက်သွားတတ်ကြပါတယ်။ အဲဒီ အထဲမှာတော့ ဆရာဗန် မပါဝင်ခဲ့ပါဘူး။ ကျော်လွန်ခဲ့တယ်လေ။ ဒါကြောင့် ရှင်ကို ဖျက်တော့ ဓဇဂ်လို့ ဆိုကြတာပေါ့။ ကလေးဘ၀တုန်းကတော့ ကျက်ဆိုတော့ ကျက်လိုက်တာပါပဲ။ အဓိပ္ပါယ်ကတော့ ဘာမှ မသိရဘူးပေါ့။ အရွယ်ရောက်လာလို့ အနက်အဓိပ္ပါယ်တွေ နားလည်လာတဲ့အခါကျမှ ဓဇဂ္ဂသုတ်ရဲ့ တန်ဖိုးကို သိရှိရပါတော့တယ်။
ဟို တချိန်တုန်းက တာဝတိံသာနတ်တွေနှင့် အသုရာတို့ စစ်ဖြစ်ခဲ့ဘူးကြတယ်။ တာဝတိံသာနတ်တို့ကို အစိုးရတာက သိကြားမင်းဖြစ်တယ်။ ထိုသိကြားမင်းနှင့် အပွင့်တူ အဆင့်တူ ထားတာက ပဇာပတိ ၀ရုဏ ဤသာန နတ်မင်းကြီးများ ဖြစ်ကြတယ်။ တာဝတိံသာ နတ်တို့ရဲ့ ခေါင်းဆောင်ကြီးတွေပေါ့။ စစ်မြေပြင် ရောက်လို့ စစ်တိုက်တဲ့အခါ ကြောက်ခြင်း ကြက်သီးမွှေးညှင်းထခြင်း နှလုံးတုန်ခြင်း ရင်ခုံခြင်းများ ဖြစ်ခဲ့မယ်ဆိုရင် ခေါင်းဆောင်ကြီးတွေရဲ့ အလံဖျားကိုသာ လှမ်းကြည့်လိုက်ကြပါ။ အဲဒီလို ကြည့်လိုက်မယ်ဆိုရင် ကြောက်ခြင်း ကြက်သီးမွှေးညှင်းထခြင်း နှလုံးတုန်ခြင်း ရင်ခုံခြင်းများဟာ ပျောက်သွားကြပါလိမ့်မယ်တဲ့။
ဘုရားကတော့ တောနက်ကြီးထဲမှာပဲ ဖြစ်ဖြစ်၊ သစ်ပင်ရင်းမှာပဲ ဖြစ်ဖြစ်၊ ဆိတ်ငြိမ်ရာ အရပ်မှာပဲ ဖြစ်ဖြစ် နေတဲ့အခါမှာ ကြောက်ခြင်း ကြက်သီးမွှေးညှင်းထခြင်း နှလုံးတုန်ခြင်း ရင်ခုံခြင်းများ ဖြစ်ခဲ့မယ်ဆိုရင် ရတနာသုံးပါးရဲ့ ဂုဏ်တော်တွေကိုသာ အောက်မေ့နေလိုက်ပါတဲ့။ အဲဒီလို နေလိုက်မယ်ဆိုရင် ကြောက်ခြင်း ကြက်သီးမွှေးညှင်းထခြင်း နှလုံးတုန်ခြင်း ရင်ခုံခြင်းများဟာ ပျောက်သွားကြပါလိမ့်မယ်တဲ့။
ဒီတော့ နတ်မင်းကြီးတွေရဲ့ အလံတံခွန်နှင့် ရတနာသုံးပါးဟာ ဘယ်ဟာက အစွမ်းသတ္တိ ရှိပါသလဲ?
နှိုင်းယှဉ် ကြည့်ကြပါဦးစို့ -နတ်မင်းကြီးတွေဟာ ရာဂ ဒေါသ မောဟ မကင်းကြသူများသာ ဖြစ်ကြပါတယ်။ ရာဂ ဒေါသ မောဟ မကင်းကြသည့် အလျှောက် သူတို့ ကိုယ်တိုင်ကလည်း ကြောက်တတ်တယ်။ လန့်တတ်တယ်။ ဘေးရန်တွေနဲ့ကြုံလာရင် ထွက်ပြေးတတ်ကြတယ်။
ဘုရားရှင်ကတော့ ရာဂ ဒေါသ မောဟ ကင်းပြီးသားပါ။ တရားတော်ကလည်း ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ-ဆိုတဲ့အတိုင်း ချမ်းသာ အဆင့်ဆင့်ကို ပေးစွမ်းနိုင်တဲ့ သတ္တိရှိတယ်။ အရိယာသံဃာတော်တွေကလည်း ရာဂ ဒေါသ မောဟ ကင်းပြီးသားပါ။ ပုထုဇဉ်သံဃာများကတော့ ရာဂ ဒေါသ မောဟကင်းအောင် ကျင့်ကြံနေကြတယ်။ ရာဂ ဒေါသ မောဟများ မရှိတဲ့အတွက်ကြောင့် မကြောက်တတ်ဘူး။ မလန့်တတ်ဘူး။ ထွက်ပြေးတယ်ဆိုတာလည်း မရှိဘူး။
ဒီတော့ ရတနာသုံးပါးဟာ ကိုယ်ကိုတိုင်လည်း အစွမ်းသတ္တိရှိတယ်။ သူတစ်ပါးတွေကိုလည်း အစွမ်းသတ္တိကို ဖြစ်စေတယ်။ ကိုယ့်မှာ ရွှေငွေတွေရှိရင် ကိုယ်ကိုတိုင်လည်း သုံးစွဲလို့ ရသလို သူတစ်ပါးတွေကိုလည်း ပေးကမ်းစွန့်ကြဲလို့ ရတာမျိုးပေါ့။ နတ်မင်းကြီးတွေကတော့ ရတနာသုံးပါးနှင့် ပြောင်းပြန်ပါပဲ။ ဆန့်ကျင်ဘက်ပါပဲ။ မိုးနဲ့ မြေပါပဲ။ အရှေ့နဲ့ အနောက်။ တောင်နဲ့ မြောက်ပါပဲ။
အဲဒါကြောင့် ကလျာဏမိတ်အပေါင်း သူတော်ကောင်းတို့ ဘာအလုပ်ပဲ လုပ်လုပ်။ ဘယ်နေရာပဲ သွားသွား။ ဘယ်အရပ်ပဲ ရောက်နေနေ။ အကြောင်း တစ်ခုခုကြောင့် ပုထုဇဉ်များဖြစ်သည့်အလျှောက် ကြောက်ခြင်း ကြက်သီးမွှေးညှင်းထခြင်း နှလုံးတုန်ခြင်း ရင်ခုံခြင်းများ ဖြစ်ခဲ့မယ်ဆိုရင်တော့ ဓဇဂ္ဂသုတ်လာအတိုင်း ရတနာသုံးပါး ဂုဏ်တော်များကိုသာ အဖန်ဖန် အောက်မေ့ ပွါးများကာ နေလိုက်ကြပါလို့ စေတနာ မေတ္တာဖြင့် တင်ပြလိုက်ရပါတော့တယ်။
(၂၅-၁-၂၀၁၃) သောကြာနေ့ ညနေ ၅-နာရီ ၄၅ မိနစ်
သုခီ ဒီဃာယုကော ဘ၀။ (ဆရာဗန်)