ဘုရင့်မိဖုရားကို တောင်းရဲတဲ့..မွန်သူရဲကောင်း လဂွန်းအိမ် အကြောင်း ကျွန်တော်ရေးခဲ့ဘူးပါတယ်..
လဂွန်းအိမ်အကြောင်း တွေးမိတာလေးရှိနေသေးလို့ ထပ်ပြီးပြောပြချင်ပါသေးတယ်။
သူရဲကောင်း လဂွန်းအိမ် ဆိုသူကြီးရဲ့လုပ်ရပ်တွေဟာ..ဂွတော့ခပ်ကျကျ..
သူ့စိတ်ထဲ သူထင်တာဇွတ်ကြီးလုပ်ချတတ်သူ ထင်ပါရဲ့..။
မွန်မြန်မာ နှစ်လေးဆယ်ပြည်တွင်းစစ်ရဲ့ တစ်ခုသောကာလ.
အင်းဝဘုရင်မင်းခေါင်က..ဟံသာဝတီဘုရင် ရာဇာဓိရာဇ်ကို စစ်ခင်းလာပြန်ပါတယ်..
မင်းနှစ်ပါးကလည်း စစ်သာခင်းနေကြတာ..တစ်ဦးကိုတစ်ဦးလွန်စွာလေးစားကြတာပါ..
မင်းခေါင်က..ရာဇာဓိရာဇ်ကို နောင်တော်လို့ လေးလေးစားစားခေါ်ပါတယ်..
ရာဇာဓိရာဇ်ကလည်း ညီတော်လို့ ခေါ်ပါတယ်..
သူ့သမီး ကိုယ့်သမီး..သူ့ပြည် ကိုယ့်ပြည်မှာ..ရောက်နေကြတာပါ။
အင်းဝဘုရင် မင်းခေါင် ရိက္ခာပြတ်တော့ အင်းဝကိုပြန်ဆုတ်ချင်ပါတယ်..
ဒါပေမဲ့..ဘုရင်အချင်းချင်းမို့..သိက္ခာဆယ်ထင်ပါရဲ့..မွန်မင်းထံစာလွှာပါးပါတယ်..
သစ္စာပြု စစ်ရပ်ဆဲကြရအောင်ပေါ့..
( ဒီနေရာ ကြားဖြတ်ပြောရလျှင်..တစ်ချိန်ကလည်း..သူတို့မင်းနှစ်ပါး သစ္စာဆို
စစ်ပြေငြိမ်းခဲ့ကြပါသေးတယ်..
နောက် များမကြာခင်မှာ..သစ္စာမစောင့်ပဲ..စစ်ပြန်ဖြစ်ခဲ့တာပါ။)
အင်းဝဘုရင်မင်းခေါင်ရဲ့စာလွှာမှာ…
“ နောင်တော်ကျွန် အမှူးအမတ်နှင့် ညီတော်ကျွန် အမှူးအမတ် သစ္စာဆိုကြစေ၊
အမြဲအချက်ဆိုပြီးလျှင်..ငါပြန်တော့မည်၊ အင်းဝရွှေနန်းသို့ရောက်လျှင်
ညီတော်ကတစ်ဖန်စေလွှတ်မည့် သမီးတော် တလမည်ကျော်ကို
ပို့လာစေသော်လည်း ပို့လာစေမည်။ ”
သံခင်းတမန်ခင်းနဲ့..စာလွှာကို မွန်မင်း..ရာဇာဓိရာဇ်က လက်ခံရရှိတော့..
မှူးမတ်များကို ခေါ်ယူတိုင်ပင်ပါတယ်..ယုံသင့်မယုံသင်ပေါ့။
မွန်မှူးမတ်များက..အင်းဝ သစ္စာမယုံသင့်ကြောင်း..
တစ်ချိန်ကလည်း..ဖေါက်ခဲ့ဘူးကြောင်းလျှောက်ထားပါတယ်..
သစ္စာဆိုတဲ့နေ့မှာမွန်တို့က..ချောင်းအဆင်းသဲမြေမှာ..ဓါးများကိုမြှပ်ထားကြပါတယ်..
ဒီလိုနဲ့ သစ္စာဆိုမဲ့နေ့ရောက်တော့..မြန်မာ အမတ်သုံးကျိတ်..မွန်အမတ်သုံးကျိတ်
ဘေးချင်းယှဉ် အတွဲလိုက်လျောက်ကြပါတယ်..လက်နက်များ..မြှပ်ထားရာနေရာရောက်လျှင်..
မွန်တို့က..မြန်မာများကို..လုပ်ကြံဖို့ပါ။
သစ္စာဆိုမဲ့ ပန်းကျော်ချောင်းကို ဆင်းကြတော့..
မြန်မာအမတ် မြင်စိုင်းစည်သူ နဲ့ မွန်အမတ်ဗိုလ်မင်းဗြတ်ဇ ကတစ်တွဲ..
မြန်မာအမတ် သတိုး နဲ့ မွန်အမတ်ငယ် လဂွန်းအိမ်တို့က တစ်တွဲ..
(မြန်မာစစ်သူကြီး သတိုးက ပေါင်ခွင်သူပါ..မွန်စစ်သူကြီး လဂွန်းအိမ်က လက်ခွင်သူပါ)
အမတ်သုံးကျိတ်စီ ပန်းကျော်ချောင်းသို့ဆင်းကြပါတယ်။
လမ်းခရီးမှာ..မြန်မာအမတ် သတိုးက လဂွန်းအိမ်ကို.
“ ဟယ် သွေးသောက်မမတ်သူရဲ.. ယခုပြုမည့်သစ္စာ မှန်သလော..” လို့မေးပါတယ်။
လဂွန်းအိမ်က..ပြန်ပြီး
“ မြန်မာရူး..စစ်တွင်းကို နင်ငါ့အား မေးတွက်ရှိသလော၊ ငါနင့်ကိုရလည်းသတ်မည်၊
ငါ့ကိုနင်ရလည်း သတ်မည်။ စစ်တွင်းကိုသစ္စာမှန်ဘူးသလော “ လို့ဖြေပါတယ်။
ဒီစကားကြားတော့..မြန်မာများ..အလျင်အမြန် ပြန်ဆုတ်ခဲ့လို့..
မွန်တို့အကြံအစီ အထမမြှောက်ပါခဲ့ပါဘူး..။
မွန်ဘုရင် ရာဇာဓိရာဇ်ရှေ့တော်မှောက်ရောက်ရှိလို့ သစ္စာဆိုပွဲ
အကြံအစီပျက်ခဲ့ရခြင်းကိုစစ်မေးတော့..
စစ်သူကြီး လဂွန်းအိမ်က..မြန်မာအမတ် သတိုးကို အမှန်တိုင်းဖွင့်ပြောလို့ဆိုတာသိသွားပါတယ်၊
မွန်ဘုရင်စိတ်ဆိုးလွန်းလို့..လဂွန်းအိမ်ကို..အဲမွန်ဒယာလက်အပ်ပြီး..ခြေလက်ဖြတ်လို့သတ်စေပါတယ်..
သတ်မဲ့အရပ်ရောက်တော့..အဲမွန်ဒယာကလည်း..နောက်ထပ် ပြင်ဆင်မိန့်ကိုစောင့်နေပါတယ်.
စစ်သူရဲကောင်း သေဖေါ်သေဖက်ချင်း..ဘယ်သတ်ချင်ပါ့မလဲ..
လဂွန်းအိမ်ကတော့..ရတနာသုံးပါး နှလုံးသွင်းနေပါတယ်..
မွန်အမတ်ကြီးများ အလျှောက်အထားကောင်းလို့ သတ်စေမိန့်က လွှတ်ခဲ့ရပါတယ်..
တိုင်းပြည်နဲ့လူမျိုးပေါ်..တစ်ဖက်ရန်သူက..တစ်သက်လုံး..သစ္စာမဲ့တဲ့ လူမျိုးလို့
အပြောခံရမှာကြောက်လို့မိမိ အသက်ကိုတောင်..ပဓာန မထားပဲ..လုပ်ဝန့်သူ..လဂွန်းအိမ်ကိုတော့..
အတုယူစရာပါ..။
မကြာခင်လေးက..လွှတ်တော်မှာ သမ္မတကြီးဦးသိန်းစိန်က..ကချင်ကိုထိုးစစ်မဆင်တော့ပါဘူး..
မိမိစခန်းတွေကို လာပစ်မှသာ ခုခံပါတော့မယ်သတဲ့ဗျာ..ဒါပေမဲ့..သို့သော်လည်း..အဲ….
ဆက်မပြောဝန့်တော့ပါဘူးဗျာ..။
ဒီစာလေးကို..ရေးဖြစ်တာကတော့..
(၁) လဂွန်းအိမ်ကို စိတ်ထဲနှလုံးထဲမှာကို ချစ်လို့ရယ်….
(၂) လဂွန်းအိမ်ရဲ့..ဂွကျကျ..သူရသတ္တိလေးကို..သက်ဆိုင်သူတွေသိစေချင်တာရယ်..
(၃) မြန်မာနိုင်ငံတော်သစ်ကြီးမှာ..အစိုးရအဖွဲ့နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ အထူးသဖြင်
ကချင်အဖွဲ့စည်းနဲ့သစ္စာဆိုနေကြတဲ့ကာလ..လဂွန်းအိမ်လိုသူရဲကောင်းကိုတမ်းတမိလို့ပါ..။