ပေတံ အမျိုးအစားကိုလိုက်ကာ တန်ဖိုးဖြတ်ပုံဖြတ်နည်းတို့သည်လည်း ကွဲပြားမည်။ငွေကို တန်ဖိုးထားသူတို့က လူတစ်ယောက်တန်ဖိုးကို ငွေဖြင့်၊ပညာတန်ဖိုးထားသူတို့က ပညာဖြင့်တိုင်းမည်။ရိုးသားမှုဖြင့်တိုင်းသလို လည်သလိုကြည့်လုပ်တတ်ခြင်းဖြင့်လည်း တိုင်းကောင်းတိုင်းမည်။လူအမျိုးမျိုး၊တိုင်းနည်းအဖုံဖုံ၊ပေတံအထွေထွေ။
အချို့သူတို့သည် ပေတံကို မကြာခဏပြောင်းသည်။ဟိုခေတ်တွင် ဟိုပေတံ၊သည်ခေတ်တွင် သည်ပေတံနှင့်။အသက်အရွယ်အရ၊အတွေ့အကြုံအရ၊ဗဟုသုတအရ ပေတံများပြောင်းလဲနိုင်သည် ဖြစ်သော်လည်း မကြာခဏပြောင်းလဲနေသည်မှာ စိတ်ဓာတ်မခိုင်မာသည့်သဘော၊ရောယိမ်းလိုက် ဘသားယိမ်းလိုက်သဘောကို ဖော်ပြသည်။ထိုသူများသည် ကိုယ့်ကိုယ်နှင့် သူများပေတံဖြစ်သည့်အတိုင်း စိတ်ချမ်းသာရန် ခဲယဉ်းသည်။
လက်ခုပ်သံဆိုသည်မှာလည်း ပေတံတစ်မျိုးပင်။လက်ခုပ်သံသည် လူတို့က တီးရခြင်းဖြစ်သောကြောင့် လူတို့ဘ၀တန်ဖိုးထားသလဲပေါ်တွင် မူတည်သည်။သူတို့စိတ်နှင့်တွေ့လျှင်၊တိုက်ဆိုင်လျှင် လက်ခုပ်တီးကြမည်။လက်ခုပ်သံညံတိုင်လည်း အမှန်ဟုမဆိုနိုင်သည့်အတွက် လက်ခုပ်သံပျောက်မည်ကို စိုးရိမ်ပြီး မိမိ၏ အယူအဆ အလုပ်အကိုင်ကို ပြောင်းလဲပစ်ခြင်းသည် ပေတံလက်ကိုင်မရှိသူတို့၏ စရိုက်ပင်ဖြစ်သည်။