Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

နောင်တ ရှိုက်သံ

$
0
0

“မောင်မောင်၊ ကျော်ဆွေရဲ့ အဖေဆုံးတာ သိပြီးပြီလား”

“ဗျာ၊ ဟုပ်လား၊ ကျွန်တော် မသိသေးဘူး ဦး၊ ဘယ်တုန်းက ဆုံးတာလဲ”၊

“မနေ့ကပဲ၊ ငါးရက် ထားမယ်တဲ့၊ မင်း သွားလိုက်ပါအုံးလား”၊

ဟုတ်၊ ကျွန်တော် သွားလိုက်ပါ့မယ်၊ တကယ်ကို မသိတာပါ၊ ကျေးဇူးနော် ဦး”၊

ဦးလေးတင့် ပြောမှ သိရသည်။ ကျော်ဆွေ ဆိုတာ ကျွန်တော့်ဆရာလေ။ မြို့တစ်မြို့မှာ တစ်နေရာတည်း အတူတူ နေခဲ့ဘူးတဲ့ ဆရာ။ သူ့လက်အောက်ငယ်သားတွေ အတွက် များစွာ အကျိုးဆောင်ရွက်ပေးခဲ့တဲ့ဆရာ။ ကူညီပေးခဲ့တဲ့ ဆရာ။ တပည့်တွေကို တန်းတူညီတူ သဘောထားဆက်ဆံတတ်တဲ့ ဆရာ။ လူချစ်လူခင် အရမ်းပေါတဲ့ဆရာ။ တစ်ခါကပေါ့။ ကျွန်တော်က အမှန်တရားကို လုပ်ပါလျှက်နဲ့ အပြစ်ပြောခံခဲ့ရတယ်။ မကျေနပ်လို့ ပေါက်ကွဲပြလိုက်ပြန်တော့လည်း အဲလို ပေါက်ကွဲပြရမလားဆိုပြီး အပြစ်ထပ်ဖြစ်ပြန်တယ်။ အပြစ်တွေ လုံးချာလိုက်နေတဲ့ ကျွန်တော့်ကို ဆရာကျော်ဆွေက အစစအရာရာ တာဝန်ယူ ကူညီဖြေရှင်းပေးခဲ့တယ်။ ပြီးတော့ လောကလူတွေနဲ့ နေထိုင်ရတဲ့အခါ နေတတ် ထိုင်တတ် ပြောတတ် ဆိုတတ်ဘို့ သင်ပေးခဲ့တဲ့ ဆရာ။ တွေ့ဆုံကြပြီး ကွဲသွားကြတဲ့ နှစ်တွေလည်း မနည်းတော့ဘူး။ အဆက်အသွယ်ရှိပေမဲ့ မဆုံဖြစ်ခဲ့။ ဆရာရဲ့ ကူညီမှု့ သွန်သင်ဆုံးမမှု့တွေက ကျွန်တော့်အပေါ်မှာ လွန်စွာ ကျေးဇူးကြီးလှသည်။ ဒါကြောင့် ဆရာ့ဆီကို အမြန်ဆုံးရောက်အောင် သွားဖြစ်ခဲ့သည်။ ဆရာက ပဲခူးတိုင်း၊ --- မြို့နယ်မှာ နေတာလေ။

 

မတွေ့ရတာ ကြာပြီဖြစ်တဲ့ ဆရာ။ ကျွန်တော့်ကို မှတ်မိအုံးမလား။ ကျွန်တော့်ကိုတွေ့ရင်ရော အရင်လိုပဲ သွန်သွင်ဆုံးမ အုံးမလား။ ကျွန်တော့်ပုံစံကို မြင်ရင် အံ့သြ၀မ်းသာနေမလား။ ဆရာ့အကြောင်းများကို တွေးရင်းနဲ့ပေါ့။ ကျွန်တော်ရောက်သွားတော့ ဆရာက အံ့သြမှု့တွေနဲ့ ကြည့်နေခဲ့တာပါ။ ဆရာ့ခြေအစုံကို လက်တင်ပြီး ကန်တော့လိုက်တယ်။ မျက်ရည်စလေးတွေနဲ့ ဆရာ။ ဘာကြောင့်ပါလဲ။ ကျွန်တော့်ကြောင့်တော့ မဖြစ်နိုင်ပါဘူး။ သူ့အဖေအတွက်ပဲ ဖြစ်မှာပါလေ။ ကျွန်တော့်ကြောင့် ဖြစ်ခဲ့တယ်ဆိုရင်လည်း အရင်က ပုံစံနဲ့ တော်တော်လေး ကွာခြားသွားတဲ့အတွက် ၀မ်းသာပီတိမျက်ရည်ပဲ ဖြစ်ပါစေ။ ဘာကြောင့်လဲလို့ ဆရာ့ကို မေးကြည့်တော့ “ငါ အဖေ့ကို မင်းကန်တော့သလို ကန်တော့လည်း ငါ့ကို ဘာမှ မတုန့်ပြန်နိုင်တော့ဘူးကွ” လို့ ၀မ်းနည်းသံလေးနဲ့ ပြောနေတဲ့ ဆရာ။ ကျွန်တော်တောင် မျက်ရည်ဝဲချင်လာပြီ။ ဆရာ့အိမ်မှာပဲ ကျွန်တော်နေလိုက်သည်။ ကူညီ လုပ်ပေးစရာရှိတာ လုပ်ပေးနိုင်တာ အကုန်လုပ်ပေးခဲ့သည်။ ငွေကြေး အကူညီ လုံးဝမလိုခဲ့။ ဆရာတို့က ပစ္စည်းဥစ္စာ ငွေကြေး ပြည့်စုံသည်။ ဆရာ့အဖေရဲ့ နောက်ဆုံးခရီးကို ပို့ကြတဲ့အခါ ကျွန်တော် မသိသေးတဲ့ဆရာ့အကြောင်း တစ်စိတ်တစ်ဒေသကို သိခဲ့ရသည်။ စိတ်မကောင်းလိုက်တာ ဆရာရယ်။

 

“သား ကျော်ဆွေ ၊ မင့်ညီမလေးကို သွားကြည့်လိုက်ပါအုံးကွာ၊ လိုအပ်တာ ရှိရင်လည်း ကူညီလိုက်ပါအုံး၊ အဖေ မသွားနိုင်လို့ပါ၊ အဖေ့ကိုယ်စား သွားပေးပါ သားရယ်”။ ဦးငြိမ်းရဲ့ စကားသံပါ။ သမီးဝင်းဝင်းက လေးယောက်မြောက်ကလေးကို ဗိုက်ခွဲမွေးဘို့ နာမည်ကြီးဆေးရုံတစ်ခုကို ရောက်နေတာလေ။ အရင်သုံးယောက်ကိုလည်း ဗိုက်ခွဲမွေးခဲ့တာ။ ဒါကြောင့် ခုတစ်ခါမွေးမယ့်ကိစ္စမှာ စိတ်ပူရတယ်။ စိုးရိမ်ရတယ်။ ဖခင်ဖြစ်တော့ မနေသာ။ သွားချင်သည်။ သမီးအတွက် စိတ်မချ။ ဒါကြောင့် သားကို သူ့ကိုယ်စား သွားဘို့ ပြောရသည်။ အိမ်ကို မလာတော့တဲ့ သားကို ခေါ်ပြောရသည်။

 

ဦးငြိမ်းမှာ သားကျော်ဆွေနဲ့ သမီးဝင်းဝင်း ရှိသည်။ ဇနီး ခင်ဆွေဝင်း ဆုံးသွားပြီးတဲ့နောက် သားနဲ့ သမီးကို ရသင့်ရထိုက်တဲ့ အမွေများ ခွဲပေးခဲ့သည်။ သားကျော်ဆွေရဲ့ဇနီး တင်တင်ထိုက်နဲ့ ၀င်းဝင်းနဲ့က မတည့်ကြ။ သူတို့ နှစ်ယောက်ရဲ့ မတည့်မှု့က ကျော်ဆွေနဲ့ ၀င်းဝင်းဆိုတဲ့ မောင်နှမနှစ်ယောက်ထိ ဂယက်ရိုက်သွားခဲ့သည်။ အဲဒီနောက်တော့ မိဘအိမ်က အပြီးဆင်းသွားခဲ့သည်။ သူ့အိမ်သူ့ခြံ သူ့စီးပွား သူ့လုပ်ငန်းနဲ့ အဆင်ပြေနေတဲ့ ကျော်ဆွေတို့ မိသားစုက ၀င်းဝင်းရှိတဲ့ မိဘအိမ်ကို ယောင်လို့တောင် မသွားခဲ့။ မရောက်ခဲ့။ ၀င်းဝင်းလည်း အိမ်ထောင်ကြပြီး မိဘအိမ်မှာ နေခဲ့သည်။ မင်္ဂလာဆောင်တော့ အစ်ကိုကျော်ဆွေတို့ မိသားစုကို မဖိတ်။ ကျော်ဆွေတို့မိသားစုလည်း မသွားခဲ့။ အဲလောက်ထိ တင်းမာခဲ့ကြသည်။ ကျော်ဆွေတို့ရခဲ့တဲ့ မိဘအမွေ ရွှေဆိုင်နဲ့ အခြားလုပ်ငန်းများက အောင်မြင်သထက် အောင်မြင်လာသည်။ ဒါပေမဲ့ ၀င်းဝင်းရဲ့ လုပ်ငန်းတွေကတော့ ကျသထက် ကျသွားသည်။ ငွေရှုံး ငွေနဲ့လိုက် ဆိုတဲ့အတိုင်း လိုက်ရင်းလိုက်ရင်းနဲ့ ပါပါ သွားခဲ့သည်။ အကြွေးတွေ ပတ်လည်ဝိုင်းနေတဲ့ သမီးကို ဖခင်ဖြစ်သူ ဦးငြိမ်းက လက်ပိုက်ကြည့်မနေနိုင်။ မိဘမေတ္တာ ကင်းသူ မဟုတ်။ ဒါကြောင့် အိုစာ မင်းစာ ချန်ထားတဲ့ သစ်စက်ကို ပေးလိုက်သည်။ သစ်စက်ရနေပေမဲ့ လုပ်ငန်းတွေ ပုံမှန်လည်ပတ်နိုင်ဘို့ အရင်းအနှီးက လိုနေသေးသည်။ အသက်အရွယ်အရ သိပ်မနေရတော့မယ့် ဦးငြိမ်းက သမီးဘ၀ အဆင်ပြေစေဘို့အတွက် ဆီစက်ပါ ထပ်ပေးလိုက်သည်။ အိုစာ မင်းစာ အဖြစ် ချန်ထားတဲ့ သစ်စက်နဲ့ ဆီစက်က သားနဲ့ သမီးအတွက်ဖြစ်သည်။ သူဆုံးလျှင် တစ်ယောက်တစ်ခုစီ ခွဲဝေပေးခဲ့မှာ ဖြစ်သည်။ သို့သော်လည်း လောလောဆယ်အခြေအနေအရ သမီးကိုပဲ ပေးလိုက်သည်။ သားကျော်ဆွေအတွက် ပူစရာမလို။ သူ့လုပ်ငန်းတွေ အဆင်ပြေနေသည်ပဲ။ သမီးကိုပေးလိုက်တဲ့ အကြောင်းကို သားကို မတိုင်ပင်။ မပြောခဲ့။ ပြောခဲ့ တိုင်ပင်ခဲ့လျှင်လည်း သားက လက်ခံချင်မှ လက်ခံမည်။ လက်မခံလျှင် သမီးအတွက် စိတ်မအေးရ။ ထို့ကြောင့် မတိုင်ပင်ပဲ ပေးလိုက်သည်။ လူသတင်းလူချင်းဆောင် ဆိုသလိုပါပဲ။ ကြာတော့လည်း သိလာရသည်။ အဲဒီကိစ္စနဲ့လည်း အကြီးအကျယ် စကားများကြသည်။

 

ဦးငြိမ်းကိုတိုင်က မြို့မှာ ရပ်မိရပ်ဖ။ နေတာကလည်း ဘုရားနဲ့ တရားနဲ့။ အလှူဒါနလုပ်လိုက်ထားတာကလည်း အများကြီးပဲ။ ဦးငြိမ်းဆိုရင် မြို့ပေါ်က လူအများစုက သိသည်။ ဦးငြိမ်းဆုံးတော့ အားလုံးက ဦးငြိမ်းလို ပုဂ္ဂိုလ်မျိုးဟာ နတ်ပြည်ကို ရောက်မယ့်လူမျိုး ဘာမျိုး ညာမျိုးဆိုပြီး အမွှမ်းတင်ကြသည်။တကယ်တော့ ဦးငြိမ်းက အရက်သောက်များပြီး ဆုံးသွားခြင်းဖြစ်သည်။ သားကို သမီးဆီသွားကြည့်ဘို့ ပြောသည်။ ဒါပေမဲ့ သားက လက် မခံ။ မ နာခံ။ မလိုက်နာခဲ့။ နားမထောင်ခဲ့။ မသွားဘူး- ဆိုတဲ့ စကားနဲ့ ပြန်လာခဲ့သည်။ သမီးကို စိတ်ပူတာရော သားကို ပြောမရလို့ စိတ်ညစ်တာရော သူ့စကားကို အလေးမထားလို့ စိတ်မကောင်း ဖြစ်တာရောကြောင့် ဖြစ်ချင်ရာ ဖြစ်ဆိုပြီး စိတ်ညစ်ညစ်နဲ့ အရက်သောက်ပစ် လိုက်သည်။ တစ်ကြိမ်တစ်ခါမှ မသောက်ဘူးခဲ့တဲ့ ဦးငြိမ်း။ စိတ်ညစ်ညစ်နဲ့ မလွန်အကျွံ သောက်ပစ်ခဲ့သည်။ ဦးငြိမ်းသည် တရားလုပ်ပေမဲ့ သောကရဲ့ နှိပ်စက်မှု့ကို မခံနိုင်ခဲ့။ သောကရဲ့ နှိပ်စက်မှု့ကို အောင်နိုင်လောက်တဲ့ တရားအဆင့်အတန်းလည်း မရှိခဲ့။ ဒါကြောင့် မိုက်မိုက်မဲမဲ အရက်ကို သောက်ပစ်ခဲ့သည်။ အဲဒီရက်ပိုင်းက အအေးလိုင်းဖြတ်နေသည့်အတွက် အရမ်းကို အေးပါသည်။ အိမ်အပေါ်ထပ် ၀ရံတာမှာ ဘာမှ မသိအောင်သောက်ခဲ့တဲ့ ဦးငြိမ်း မနက်လင်းတော့ တောင့်နေပါပြီ။ နံနက်စာ စားဘို့ ခြံစောင့်အလုပ်သမားက သွားခေါ်မှ သိရသည်။ သားကျော်ဆွေက သူ့အဖေအတွက် နာမည်ပျက်မှာ စိုးတာကြောင့် မည်သူ့ကိုမျှ အသိမပေးခဲ့။ ဦးငြိမ်းအသက်က ၇၆ -နှစ်။ သုသာန်မှာ တရားဟော လှူဖွယ်ကပ်လှူပြီး အမျှ ပေးဝေကြသည်။ ဆရာ ကျွန်တော့်ဆရာ။ သုသာန်မှာ ရောက်ကတည်းက တလှုပ်လှုပ် တသိမ့်သိမ့်နဲ့ ကြိတ်ပြီး ငိုနေခဲ့သည်။ အသံ မထွက် ။ ပါးစပ်လေး ဟ- လာလိုက်။ အသက်ကို ပြင်းပြင်းရှူလိုက်။ မျက်ရည်တွေက ဝေါ ခနဲ ကျလာလိုက်။ ဆရာ့ဇနီးနဲ့ ဆရာ့သားသမီးတွေကတော့ မငိုကြ။ ဘုန်းဘုန်းတွေလည်း တရားဟော ရေစက်ချ အမျှဝေပြီး ပြန်ကြွသွားကြသည်။ ပရိသတ်လူတွေကလည်း မီးသဂြိုဟ်မည့်နေရာကို သွားကြသည်။ ဦးငြိမ်းရဲ့ ရုပ်ကလာပ်ကို နောက်ဆုံးအနေနဲ့ ကြည့်နေကြသည်။ ဆရာကတော့ လက်နှစ်ဘက်ကို ရှေ့မှာချပြီး ခေါင်းကို ငိုက်စိုက်ကျလျှက် တသိမ့်သိမ့်ငိုနေတုန်း။ မျက်ရည်တွေကလည်း တလိမ့်လိမ့် စီးကျနေတုန်းပါပဲ။ ကျွန်တော်လည်း မနေနိုင်။ ဆရာ့အတွက် ၀မ်းနည်းမိသည်။ ဖြစ်မှဖြစ်ရလေ ဆရာရယ်လို့ တွေးမိတိုင်း မျက်ရည်က ဝေ့တက်လာသည်။ ဆရာ့ရှေ့မှာ ချထားတဲ့ ဦးငြိမ်းကို ခေါ်ထားတဲ့ သစ်ကိုင်းကို အသာလေး ယူပြီး သုသာန်ဘေးက သစ်ပင်မှာ တင်ထားလိုက်သည်။ အမှန်တော့ ကျွန်တော့်ငိုတာကို သိမှာ စိုးလို့ ခဏထွက်သွားတဲ့ သဘောပါ။ ဆရာ့ကို ကြည့်ရင်း ကြည့်ရင်းနဲ့ သြော် ဆရာ နောင်တရနေတာဖြစ်မယ်- လို့ ကျွန်တော်တွေးမိလိုက်သည်။ “ဖြစ်မှဖြစ်ရလေ အဖေရယ်။ အဖေ့ကို မုန်းလို့ မဟုတ်ပါဘူး။ အဖေ့စကားကို နားမထောင်တာ အဖေ့ကို မုန်းလို့ မဟုတ်ပါဘူး” ဆိုတဲ့ အသံတွေ ဆရာ့ရင်ထဲမှာ ဆူညံ နေပေလိမ့်မည်။ “ အဖေ အဲလောက် ခံစား သွားရမယ်မှန်းသိရင် သားမလုပ်ခဲ့ပါဘူးအဖေရယ်။ အဖေ့စကားကို သား နားထောင်ခဲ့မှာပါ”လို့ နောင်တစကားတွေ ပြောနေပေလိမ့်မယ်။ ဘာပဲ ဖြစ်ဖြစ်ပါလေ။ မိဘကို ကျေးဇူးဆပ်ချင်တယ်ဆိုရင် သက်ရှိထင်ရှားရှိတုန်း ဆပ်ကြပါနော်။ မိဘကို ပစ်မှားမိလို့ ရလိုက်တဲ့ နောင်တက တစ်ခြားနောင်တတွေနဲ့ မတူနိုင်ဘူးဆိုတာကို ယုံစေချင်ပါတယ်။ နောင်တရခဲ့မယ်ဆိုတောင် မိဘစကားကို နားမထောင်လို့ မိဘကို ပစ်မှားမိလို့ ရတဲ့ နောင်တ မဖြစ်ကြပါစေနော်။ ဖြစ်နိုင်ရင်တော့ နောင်တ မရအောင် နေနိုင်တာ အကောင်းဆုံးပါပဲ။ နောင်တအပူ ကင်းကြပါစေ။ နောင်တ ရှိုက်သံများ ကင်းကြပါစေလို့--

 

ဆန္ဒမွန်ဖြင့်

အားလုံးကို

ခင်တဲ့

စံလင်း


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>