မင်္ဂလာပါဆရာရေ
အင်တာဗျူးလက်ခံဖြေပေးလို့ ရွှေမြို့တော်မိသားစုမှ ကျေးဇူးတင်ပါတယ်ရှင်
ရပါတယ်ဗျာ။ တခုတ်တရနဲ့ ခုလိုမေးမြန်းပေးတာကို ကျေးဇူးတင်မိပါတယ်။။:)
အစ်ကိုရဲ့နာမည်ကိုရွှေမြို့တော်နဲ့မိတ်ဆက်ပေးပါအုန်းရှင်
ကိုစိုးမင်းပဲ ခေါ်ခေါ် မောင်စိုးမင်း ပဲခေါ်ခေါ် အဆင်ပြေပါတယ်။ ငမင်းလို့ ခေါ်တာကိုတော့ သဘောမကျပါဘူး။
ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)တို့ ဆရာမောင်လှမျိုး(ချင်းချောင်းခြံ)တို့ရဲ့ ကဗျာတွေကိုအရမ်းခရေဇီဖြစ်လို့
ကိုယ့်ကိုလည်း မောင်စိုးမင်း(အလင်းသစ်)လို့ ခေါ်ချင်တဲ့သူတွေများရှိရင် ဘယ်လောက်ကောင်းမလဲတွေးမိ
ပါတယ်။ ခေါ်မယ့်သူတွေကို လိုက်ရှာနေပါတယ်။ :) :)
နေရပ်ဇာတိနဲ့ အသက်ကိုရော ပြောပြလို့ရမလား ။
ကိုယ်က ပဲခူးသားဆိုပါတော့ ။ အသက်ကလည်းမငယ်တော့ပါဘူး။ ကိုယ်(၂၇) နှစ်ရှိပါပြီ။:) :)
ခုလက်ရှိနေတဲ့ အရပ်နဲ့ အလုပ်အကိုင်လေးသိချင်ပါတယ်။
ကိုယ်က မပေါက်ပြဲသေးတဲ့ ကျောပိုးအိတ်တစ်လုံးပါ။ လောလောဆယ်တော့ မိုးရာသီမရှိတဲ့အရပ်မှာ ရောက်နေပါတယ်။ :)
ဝေ့လည်ကြောင်ပတ်ဖြေတယ်နော် :P
အစ်ကိုရဲ့ကလောင်နာမည်ကို ဘာလို့အလင်းသစ်လို့ ပေးခဲ့တာလဲ။
ဘယ်လိုအတွေးမျိုးနဲ့လဲ။
မနက်မိုးလင်းကာစမှာ ထွက်ပေါ်လာတဲ့ အလင်းရောင်တွေဟာ သိပ်ကိုစူးရှထက်မြက်ပါတယ်။ဒါပေမဲ့ အရမ်းကြီး
မပူပြင်းဘူး။ လူသားအားလုံးက နှစ်သက်ကြပါတယ်။ ကိုယ်လည်း လူသားအားလုံးအတွက် အဲဒီလို အလင်းရောင်
အသစ်ဖြစ်ချင်တယ်။ ဒါကြောင့်အလင်းသစ်လို့ ပေးပါတယ်။ သိပ်စိတ်ကူးယဉ်ဆန်သွားလားတော့ မသိဘူး။:) :)
ရွှေမြို့တော်ကို ဘယ်ချိန်ကမန်ဘာဝင်ဖြစ်ခဲ့တာလဲ။ မည်သူရဲ့ ဖိတ်ခေါ်မှုကြောင့်ပါလဲ။
ကိုယ်ရောက်နေတာ တော်တော်ကို ကြာနေပါပြီ။
ဘယ်သူဖိတ်လို့ ရောက်လာတယ်ဆိုတာတော့ မှတ်မမိတော့ဘူး။။ :)
အချစ်အကြောင်းလေး နည်းနည်းလောက်ဗျူးမယ်နော်။ ရတယ်ဟုတ်..။
အချစ်ကို အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုကြတယ်နော်။ အစ်ကိုကရော ဘယ်လိုဖွင့်ဆိုထားလဲ။
အချစ်ဆိုတာကို ဒီကမ္ဘာမှာ လူတစ်ယောက်ကပဲ သေသေချာချာနားလည်ပြီး အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါတယ်။
အဲဒီလူကတော့ ကိုယ်ကိုယ်တိုင်ပါပဲ။ ဒီတော့ကွာ အချစ်ဆိုတာ ကိုယ့်အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ကိုယ် ဘယ်သူနဲ့မှ
မသက်ဆိုင်တဲ့ သီးသန့်ဖွဲ့သီ/ရင့်ကျူးမှုတစ်ခုပါ။။ :) :)
အွန်လိုင်းအချစ်ကို ယုံကြည်မှုရှိပါသလား။
ယခုလက်ရှိ ချစ်သူရှိလား။ ချစ်သူနှစ်ဦးပေါင်းဖက်ဖို့ ဘာတွေလိုအပ်ပါလဲ။
တစ်ဝက်တိတိယုံကြည်ပါတယ်။:) :) ဘာလို့ဆို ကိုယ်နဲ့တွေ့ဖို့ သူမှာအချိန်တွေ၊ ငွေတွေအကုန်အကျခံထားရတာ
ဆိုတော့ တစ်ဝက်တိတိ ယုံကြည်ပေးထားပါတယ်။။ ကျန်တဲ့တစ်ဝက်ကို ယုံကြည်မှုတည်ဆောက်နိုင်ခဲ့ရင် ပေါင်းဖက်
နိုင်ပါလိမ့်မယ်။ ချစ်သူနှစ်ဦးပေါင်းဖက်ဖို့ နားလည်မှု၊သစ္စာတရားနဲ့ အသိညဏ်ကြီးမားဖို့ လိုပါလိမ့်မယ်။:) :)
လူမျိုးနဲ့ ကိုးကွယ်တဲ့ဘာသာကို သိချင်ပါတယ်။ ယုံကြည်မှုရှိရှိနဲ့ ကိုးကွယ်တာလား။
မိရိုးဖလာကိုးကွယ်တာလား။ ဘာသာရေးအပေါ်ခံယူထားတာလေး မျှဝေပါအုန်းရှင် ။
ကိုယ်မြန်မာနိုင်ငံသား၊ဗမာလူမျိုး၊ဗုဒ္ဓဘာသာပါ။ ကိုယ်ရဲ့မိဘ ဘိုးဘွားတွေက လက်ဆင့်ကမ်းတဲ့ကိုးကွယ်ယုံကြည်မှုပါ။
ဒါပေမဲ့ ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့တဲ့ ကာလာမသုတ်တော်ကြီးကို သေသေချာချာ ဖတ်ရှုနားလည်မိတဲ့အချိန်မှာ
ကိုယ်ဟာစစ်မှန်တဲ့ ထေရ၀ါဒဗုဒ္ဓဘာသာဝင် ဖြစ်လာတယ်လို့ ယုံကြည်ပါတယ်။
ဘာသာရေးဆိုတာက လူတွေမမိုက်ဖို့ ထိန်းကျောင်းပေးတဲ့ စည်းကမ်းဥပဒေတစ်ခုလို့ပဲ မြင်ပါတယ်။
ကိုယ်ကတော့ အဲဒီလိုပဲခံယူပါတယ်။ဗုဒ္ဓရှင်တော်ကလည်း မကောင်းမှုကိုပယ်ပြီး ကောင်းမှုကိုဖက်တွယ်ကြဖို့ ဟောကြား
ဆုံးမခဲ့တာပါ။ ကျန်တဲ့ဘာသာတွေလည်း ထို့အတူပဲဖြစ်လိမ့်မယ်လို့ ကိုယ်ယုံကြည်ပါတယ်။ ဘာသာတရားတစ်ခုရဲ့
အဆုံးအမမှာ တည်နေသူဟာ ဘယ်ဘာသာမှမကိုးကွယ်သူထက်တော့ အထိန်းအကွပ်ရှိနေနိုင်ပါလိမ့်မယ်။။
မိမိအခုလက်ရှိပိုင်ဆိုင်နေတဲ့ ဘ၀ကို ကျေနပ်မှုရှိပါလား။
ဘ၀အပေါ် အစ်ကိုရဲ့အမြင်လေး ပြောပြပေးပါလား။
ကိုယ့်ဘ၀ကို ကိုယ်မကျေနပ်တဲ့သူဟာ လူဖျင်း၊လူညံ့ပါ။ ဘာဖြစ်လို့တုန်းဆိုတော့ ကိုယ်ကျေနပ်ရမယ့် ဘ၀တစ်ခုကို
အစွမ်းအစရှိရှိ မတည်ဆောက်နိုင်လို့ပါ။ ဆိုတော့ကာ လူတိုင်းဟာ ကိုယ်တည်ဆောက်ထားတဲ့ဘ၀ကို ကိုယ်တိုင် ကျေနပ်နေ
ရပါ့မယ်။ ကိုယ်လည်း ကိုယ့်ဘ၀ကို ကိုယ်ကျေနပ်ပါတယ်။ ဘ၀ဆိုတာ တစ်နေ့ကို တစ်မျက်နှာပဲ ဖွင့်ဖတ်လို့ရတဲ့
အသင့်ရေးပြီးသား စာအုပ်တစ်အုပ်ပါ။ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုနဲ့ အရည်အချင်းပေါ်မူတည်ပြီး စာမျက်နှာပေါ်မှာ
မှတ်တမ်းတွေ တင်ကျန်ခဲ့မှာပါ။။ :) :)
ပြည်ပမှာ ကျောင်းတက်နေရတဲ့ကျောင်းသားတစ်ယောက်အနေနဲ့ ဘယ်လိုအခက်အခဲမျိုးတွေ ကြုံတွေ့ခဲ့ရလဲ။
ကြုံတွေ့လာတဲ့အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ရင်ဆိုင်လာခဲ့လဲ။
သူများနိုင်ငံဆိုကတည်းက ကိုယ့်နိုင်ငံမဟုတ်ဘူးလေ။ ဒီတော့ကာဘယ်သူမှ ဖော်ဖော်ရွေရွေမရှိပဲ၊ အေးစက်စိမ်းကားမှုကို
ရင်ဆိုင်ရတာ သဘာဝပါပဲ။အခက်အခဲဆိုတာကတော့ အများသားပေါ့။ ဘာသာစကားအခက်အခဲ၊ အစားအသောက်
အခက်အခဲအများကြီး ရှိပါတယ်။ဒါပေမဲ့
" ယောကျာ်းတံခွန် လူရည်ချွန်က၊ ကောင်းကင်တမွတ် ကြယ်ကိုဆွတ်လည်း၊မလွတ်စတမ်း
ရမြဲလမ်းတည့်"တဲ့။
ဆိုတော့ကာ ယောကျာ်းကွ ဆိုတဲ့စိတ်နဲ့ပဲ အခက်အခဲတိုင်းကို ဖြတ်ကျော်ပါတယ်။။ :) :) ပြီးတော့ ကိုယ့်ကိုယ်ကို
ယုံကြည်မှုရှိပါတယ်။ လုပ်ရင် ဖြစ်ကိုဖြစ်မှ ကြိုက်ပါတယ်.။မဖြစ်နိုင်တာကိုလည်း စိတ်မကူးပါဘူး။ တစ်ခုခုကိုလုပ်တော့မယ်
ဆိုရင် ဖြစ်နိုင်ချေ မဖြစ်နိုင်ချေတွေကို ချိန်ဆပြီးမှ ကိုယ့်ဘက်ကအကောင်းဆုံးလုပ်ဆောင်နိုင်ဖို့သေချာတဲ့
တစ်ခုကိုပဲ ရွေးချယ်ပါတယ်.။ စက်ဘီးဖိုးပဲတတ်နိုင်ချိန်မှာ ဆိုင်ကယ်မစီးရလို့ စိတ်ဓာတ်ကျနေတဲ့သူထဲမှာ ကိုယ်မပါပါဘူး။
အဲဒါကြောင့်မို့ ကိုယ်ရဲ့ နေစဉ်နေထိုင်ခြင်းမှာ အခက်အခဲသိပ်မရှိလှပါဘူး။။ :) :)
အစ်ကိုက စာပေတွေရေးသားတဲ့သူဆိုတော့ မေးရအုန်းမယ်။
ဝတ္ထုနဲ့ ကဗျာရေးတာ ဘယ်ဟာပိုအားသန်ပါလဲ။
ဝတ္ထုရေးရတာ ခက်ပါတယ်.။အဲဒီထက် ကဗျာရေးရတာ ပိုခက်ပါတယ်။ဒါပေမဲ့ ကိုယ့်ရင်ဘတ်ထဲက ခံစားချက်ကို
ထင်ထင်ရှားရှား ချပြနိုင်တာကတော့ ကဗျာလို့ထင်ပါတယ်။ ဒါကြောင့် ကဗျာရေးရတာကို ပိုအားသန်ပါတယ်။ :) :)
မော်ဒန်ကဗျာတွေအရေးများတာ တွေ့ရတယ်နော်။ မော်ဒန်ဆိုတာကို ဘယ်လိုခံယူထားလဲ။
ကိုယ်မြန်မာကဗျာရဲ့ စည်းကမ်းတွေ၊စည်းမျဉ်းတွေကို သေချာမသိပါဘူး၊ ကဗျာရေးရင်လည်း မော်ဒန်ကဗျာရယ်လို့ရေးတာ
တော့မဟုတ်ပါဘူး။။ ကိုယ့်ရင်ဘတ်ကိုမညာပဲ ကိုယ်ခံစားရသလိုပဲရေးတာပါ။ ရင်ဘတ်ကိုမညာသမျှ ကဗျာကလှတယ်လို့
ယုံကြည်ပါတယ်။ ဒါပေမဲ့စည်းနဲ့ကမ်းနဲ့ သတ်မှတ်ချက်တွေနဲ့ မြန်မာကဗျာစစ်စစ်တွေကိုတော့ ကိုယ်မရေးရဲပါဘူး။။ :) :)
စာရေးတဲ့အခါ ကိုယ်ပိုင်ခံစားချက်နဲ့ ရေးတာလား။ မြင်တွေ့နေရတာအပေါ် အခြေခံပြီးရေးတာလား ။
ဝတ္ထုတိုတွေကိုတော့ မြင်တွေ့နေရတာ တစ်ချို့အပေါ် ခံစားချက်လေးကွန့်ပြီးရေးပါတယ်။
ကဗျာကိုတော့ ရင်ဘတ်နဲ့ရေးပါတယ်။။ :) :)
ခုအွန်လိုင်းမှာနိုင်ဆိုဒ်တွေ သတင်းဆိုဒ်တွေ ဘလော့ဂါဆိုဒ်တွေ အပြိုင်အဆိုင်ပေါ်ထွက်လာကြတဲ့အပေါ်မှာရော
အစ်ကိုရဲ့သဘောထားအမြင်က။။
ကိုယ်ဝမ်းသာတာပေါ့။။ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တို့မြန်မာတွေ အင်တာနက်ကို ဖောဖောသီသီ သုံးနိုင်နေကြတယ်
ဆိုတာ ကိုယ်တို့ အမိမြန်မာနိုင်ငံတော်ကြီး ဟိုတုန်းကထက် တိုးတက်ဖွံ့ဖြိုးလာတဲ့ ပြယုဂ်တစ်ခုပဲလေ။။မြန်မာနိုင်ငံကိုချစ်တဲ့
မြန်မာတစ်ယောက်အနေနဲ့ ကိုယ့်အမိမြေရဲ့ တိုးတက်ဖွံ့ဖြိုးလာမှုကို မြင်တွေ့ရတာဟာ ကိုယ့်အတွက်ရော၊အများအတွက်ပါ
ဝမ်းသာပီတိ ဂွမ်းဆီထိစေတဲ့ မြင်ကွင်းတစ်ခုပါပဲ။။ ကိုယ်အရမ်းဝမ်းသာပါတယ်။။ :)
အွန်လိုင်းစာပေလောကမှာ လေးစားချစ်ခင်ရတဲ့ ဘလော့ဂါမောင်နှမများရှိခဲ့ရင် ပြောပြပေးပါအုန်းနော်။။
စာပေကို ချစ်တတ်တဲ့ ရင်ဘတ်တွေမှာ ရင့်ကျက်ခြင်းတွေ လင်းပါတယ်။။
ဒါကြောင့် အားလုံးကို ကိုယ်ကချစ်ခင်လေးစားပါတယ်။။ :)
စာဖတ်ရင် ဘယ်လိုစာပေအမျိုးအစာတွေကို အဖတ်များပါလဲ။
အစ်ကိုနှစ်သက်ရတဲ့ စာရေးဆရာ၊စာအုပ်တွေကို ဝေမျှပေးပါအုန်း။
စာဖတ်တယ်ဆိုတာ တစ်ထိုင်တည်းနဲ့ ကမ္ဘာပတ်လို့ရတဲ့ အထူးအခွင့်အရေးပါ။ဒါကြောင့် ဘယ်လိုစာမျိုးကိုမဆို
ကိုယ်ဖတ်ပါတယ်။။တစ်ချို့စာတွေက ကိုယ်တို့ကိုရင့်ကျက့်စေတယ်၊တစ်ချို့စာတွေက စိတ်ဓာတ်တက်ကြွစေတယ်၊တစ်ချို့
စာတွေက မကောင်းမှုကို ရှောင်ကျဉ်စေတယ်၊တစ်ချို့စာကျတော့ ကိုယ်တို့တွေ မရောက်ဖူး၊မမြင်မတွေ့ဖူးတဲ့ နေရာဒေသတွေ
ရဲ့အကြောင်းကို သိစေတယ်......စသဖြင့်ပေါ့။။ပြီးတော့ "မှတ်ဖွယ်မှတ်ရာ ထိုထိုစာကို၊ရှာ၍မပြတ် အိမ်တွင်ဖတ်၊
ဖတ်ပြန်သော်ကား ဖတ်ဖန်များက၊သားမယားပင် သိမြင်ကင်းကွာမလိမ္မာလည်း ၊စာပေစကား နေ့တိုင်းကြားက၊
ထူးခြားလိမ္မာ ရှိသည်သာတည်း" လို့ စာပေအကျော်ရှင်မဟာရဌသာရကလည်း ဆုံးမထားခဲ့ပါတယ်။။
ကိုယ်နှစ်သက်တဲ့ စာရေးဆရာတွေဆိုရင် ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ ၀တ္ထုတွေကို အရမ်းကြိုက်ပါတယ်။။ဆရာ
မောင်စိန်ဝင်း၊ဆရာမောင်လှမျိုးနဲ့ ဆရာတာရာမင်းဝေတို့ရဲ့ ကဗျာတွေကို ရင်ထဲကကို အရမ်းနှစ်သက်ပါတယ်။။
ဟာသဆိုရင် ဆရာအကြည်တော်ရဲ့ စာတွေကို ကြိုက်ပါတယ်။။ :) :)
အစ်ကို့ဘ၀မှာ အလေးစားရဆုံးပုဂ္ဂိုလ်က ဘယ်သူလဲ။
သူ့ကိုဘယ်လိုအကြောင်းအရာအချက်အလက်တွေကြောင့် လေးစားရတာလဲ၊
လူသားတွေထဲမှာ အလေးစား၊အကြည်ညိုရဆုံး ပုဂ္ဂိုလ်ကတော့ အတုမရှိဗုဒ္ဓမြတ်စွာပါ။။ဘယ်လိုအကြောင်းအရာတွေကြောင့်
လေးစား၊ကြည်ညိုရသလဲဆိုတော့ သုံးလောက အတုမရှိတဲ့(၉)ပါးဂုဏ်တော်တွေနဲ့ ပြည့်စုံတော်မူလို့ပါ။။ပြီးတော့လူသားတွေ
အားလုံးအတွက် ဂုဏ်တော်(၆)ပါးနဲ့ ပြည့်စုံတဲ့ တရားတော်အမွေကိုထားခဲ့ပေးလို့ပါ။။အဲဒီအပြင် ကိုယ်တို့ရဲ့ ကိုးကွယ်
ဆည်းကပ်ရာအဖြစ် (၉)ပါးဂုဏ်တော်တွေနဲ့ ပြည့်စုံတဲ့ သံဃာတော်များကို ချန်ထားပေးခဲ့လို့ပါ။။ :)
ဘ၀မှာ လက်ကိုင်ထားတဲ့ဆောင်ပုဒ်က..
"တကယ်ဖြစ်ချင် တကယ်လုပ်၊ အဟုတ်ဖြစ်ရမည်။။"
နောက်ဆုံးမေးခွန်းတစ်ခုပဲ မေးပါတော့မယ်။
မေးတာတွေများလို့ အားနာလာလို့ပါ :P
ဟုတ်ပါပြီဗျာ။။ :)
ရွှေမြို့တော်ဆိုဒ်လေးကို ဝေဖန်အကြံပြုပေးပြီး သူငယ်ချင်းမောင်နှမတွေအတွက် စကားလက်ဆောင်လေး ပြောခဲ့ပါနော်။
ရွှေမြို့တော်ဆိုတာ မြန်မာအားလုံး(ရွှေအားလုံး)ရဲ့ မြို့တော်ပါ။။လိုအပ်ချက်ကို ကိုယ့်အမြင်နဲ့တော့မတွေ့ပါဘူး။။
အားလုံးပြည့်စုံပါတယ်။။သူငယ်ချင်း၊မောင်နှမတွေကို မှာချင်၊ပြောချင်တာကတော့ ရွှေမြို့တော်မှာ ပျော်ကြပါ၊ပါးကြပါ။။
သို့သော် "အထိန်းအကွပ်မဲ့သော ကြမ်းခင်းတို့သည် ပရမ်းပတာဖြစ်တတ်သော သဘောရှိတတ်၏" လို့ လောကနိတိမှာ
အတိအကျဖွင့်ဆိုထားတာမို့ သူများတခြားသူတွေ အနှောင့်အယှက်မဖြစ်စေရအောင်လို့တော့ သတိထားကြပါလို့ ပြောချင်
ပါတယ်။။လူတိုင်းဟာ ကိုယ်ကြိုက်သလို ကိုယ်နေခွင့်ရှိပါတယ်။။ဒါပေမဲ့ ကိုယ်ကြိုက်သလို ကိုယ်နေခြင်းဟာ သူများကို
မထိခိုက်စေဖို့တော့ လိုပါမယ်။။အဲဒါလေးကို သူငယ်ချင်း၊မောင်နှမတွေက လိုက်နာစောင့်ထိန်းမယ်ဆိုရင် သိပ်ကိုပျော်စရာ
ကောင်းတဲ့ ပတ်ဝန်းကျင်လေးတစ်ခု ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။။ :) :)
ဘလော့ဂါအလင်းသစ်ရဲ့ ရွှေမြို့တော်အိမ်လေးသို့
ကျေးဇူးတင်လွှာ
အင်တာဗျူးအစီအစဉ်ကို ဖြေကြားပေးပါသော ဆရာအလင်းသစ် ၊
အင်တာဗျူးအတွက်ပုံလုပ်ပေးသော အက်မင်တတိုင်းမွှေး နှင့်
ပါဝင်ကူညီပေးကြသော အက်မင်မန်ဘာ မောင်နှမအားလုံးကို
ရွှေမြို့သူလေးမှအထူးပင်ကျေးဇူးတင်ရှိပါကြောင်း ။။
အင်တာဗျူးအစီအစဉ်လေးပြီးဆုံးပါပြီရှင်။
သူငယ်ချင်းမောင်နှမအားလုံးကို ခင်မင်လေးစားလျက်
ရွှေမြို့သူ