Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

မောင်ဝါဝါနှင့် လိုက်လျှင်လိုက် မလိုက်လျှင်ရိုက် ပရိုမိုးရှင်း

$
0
0


မောင်ဝါဝါနှင့် လိုက်လျှင်လိုက် မလိုက်လျှင်ရိုက် ပရိုမိုးရှင်း
- သူရဿဝါ -

မောင်ဝါဝါ နေ့စဉ် အင်တာနက် သုံးသည်။ အင်တာနက် သုံးတိုင်း ဖေ့စ်ဘုတ်ခ်က မပါမဖြစ်။ ဖေ့စ်ဘုတ်ခ် သုံးတိုင်းလည်း လိုက်ခ်တွေ၊ ကော်မန့် တွေက မနှိပ်မဖြစ်။ အထူးသဖြင့် လိုက်ခ်ဘတ်တန် (Like Button) ပေါ့။ ဖေ့စ်ဘုတ်ခ် ပေါ်တွင် ဟိုလျှောက်သွား၊ ဒီလျှောက်သွား လုပ်ရင်း၊ ဟိုဟာ စပ်စု၊ ဒီဟာ စပ်စု လုပ်ရင်း သဘောကျတာ တစ်ခုခု တွေ့လျှင် ကော်မန့် မရေးရင်သာ နေရမည်။ အော်တိုမက်တစ် လွယ်လွယ်ကူကူ လိုက်ခ်ကိုတော့ နှိပ်ချလိုက် ပြီးသား။ ထိုဖေ့စ်ဘုတ်ခ် ပေါ်လာ ကတည်းက၊ လိုက်ခ်တွေ စပြီး နှိပ်မိ ကတည်းက မောင်ဝါဝါ့ ကွန်ပျူတာမှာ အပျက် အများဆုံး၊ အသစ် အဝယ်ရဆုံး ကွန်ပျူတာ တွဲဖက် ပစ္စည်းက မောက်စ် ဖြစ်လာသည်။ သနားစရာ ကောင်းလေစွ။ ခဏခဏ ပျက်သွားရှာ ကြသော မောက်စ်ကလေး များကိုလည်း သနားသည်။ ပျက်သဖြင့် အသစ်ဝယ်လျှင် ပိုက်ဆံ ထွက်ရရှာသော ကိုယ့်ကိုယ်ကိုလည်း သနားသည်။ မယုံမရှိနှင့် … သူများတွေလည်း ကိုယ့်လိုပဲ နေမည်။

လိုက်ခ်ဋီကာ (သို့မဟုတ်) လိုက်ခ်နည်း ပေါင်းစုံ၊ အချက်ပြနည်း ပေါင်းစုံဖြင့် လိုက်ခ်တွေ နှိပ်ကြသည့် အကြောင်းကို “လိုက်ခြင်းသည် လည်းကောင်း၊ မလိုက်ခြင်းသည် လည်းကောင်း” ဟူသော ခေါင်းစဉ်ဖြင့် ဂျာနယ်လ် တစ်စောင်တွင် မောင်ဝါဝါ ရေးခဲ့ဖူးသည်။ လိုက်ခ်ကို နှိပ်ကြရာတွင် ကြိုက်နှစ်သက် ရုံမျှမက၊ “ငါသိပါတယ်” ဟူသော သဘောဖြင့် လည်းကောင်း၊ “ပြီးမှ ပြန်လာ ဖတ်မယ် .. အခု ခဏ ကြိုပွိုင့် လိုက်ခ်ထားတာ” ဟူသော သဘောဖြင့် လည်းကောင်း၊ မကြိုက်သော်လည်း ရွဲ့တဲ့တဲ့ သဘောဖြင့် လည်းကောင်း နည်းပေါင်းစုံ အသုံးပြုလေ့ ရှိကြကြောင်း စုံစီနဖာပေါ့။ အခုတော့ ၄င်းလိုက်ခ် နှိပ်ခြင်း အလေ့က ပိုမို ကျယ်ပြန့် လာချေပြီ။ အပျင်းပြေ အပျော်သဘော လိုက်ခ်ရုံထက် ပို၍ အွန်လိုင်း ပေါ်တွင် ကျင်းပသော ပြိုင်ပွဲ အချို့မှာ ဖေ့စ်ဘုတ်ကို အသုံးချ၍ Like Count တွေ ယူကာ အမှတ်ပေးသည့် Vote စနစ်ပင် ထွန်းကား၍ လာပြီ ဖြစ်သည်။

အွန်လိုင်းပေါ်မှ အချို့သော အလှမယ် ပြိုင်ပွဲတို့၊ ဓါတ်ပုံ ပြိုင်ပွဲတို့ ဆိုတာတွေမှာ လိုက်ခ်လုပ်ခိုင်းပြီး လိုက်ခ် အများဆုံး ရသူ တွေကို အနိုင် သတ်မှတ် ပေးသည့် စည်းကမ်း များဖြင့် ကျင်းပ လာသည်။ ဒီတော့ ဘာလုပ်မလဲ။ နှိပ်ကြရုံပေါ့။ အဲဒီ စနစ်က ဖေ့စ်ဘုတ်ထဲ အပေါင်းအသင်း များသူ၊ လည်လည် ဝယ်ဝယ် ရှိသူတွေ အတွက်တော့ နိုင်ခြေ ပိုများသည်။ တချို့များ ဖေ့စ်ဘုတ်ခ်ထဲ ဈေးလည်ရောင်း နေသည့် အတိုင်းပဲ။ Chat Box ကနေ တဆင့် “အစ်ကို .. ဒီဓါတ်ပုံလေး ပြိုင်ပွဲ ဝင်ထားလို့ လိုက်ခ်လေး နှိပ်ပေး ပါနော်” ဆိုပြီး သိသိ မသိသိ မျက်စိရှေ့ ရှိသမျှ အကုန်လုံးကို လင့်ခ်တွေ လိုက်ပေးသည်။ ကိုယ့်အတွက်လည်း လိုက်ခ်လေး တစ်ချက်လောက် နှိပ်ရတာ ဘာအပန်းကြီးတာ မို့လဲဟု သဘောထားပြီး လိုက်ခ်နှိပ်ပေး လိုက်တာပဲ။ တစ်ခါတလေများ .. အလုပ်ရှုပ် နေလျှင် လိုက်ခ်သာ နှိပ်ပေး လိုက်သည်၊ ဘာကို နှိပ်ခိုင်း မှန်းတောင် မကြည့် မိလိုက်။

အောင်မယ် .. တချို့ကျ ပိုတောင် အဆင့်မြင့် သေးသည်။ အပြင်တွင် ထုတ်ဝေ ရောင်းချ နေသော ကုန်ပစ္စည်း အမှတ် တံဆိပ် များကို လူသိများ ထင်ရှားအောင် မားကက်တင်း လုပ်ရာတွင် ဖေ့စ်ဘုတ်ခ်လည်း မနေရ၊ ဖေ့စ်ဘုတ်ခ် ပေါ်ရှိ လူများလည်း မနေရ၊ နယ်ချဲ့ လာကြသည်။ ဖေ့စ်ဘုတ်ခ် ပေါ်ရှိ ၄င်းတို့၏ ကုန်အမှတ် တံဆိပ် Fan Page ကို လိုက်ခ် လုပ်ပါ။ လူ ၁၀၀၀ မြောက် လိုက်ခ် လုပ်သူကို လက်ဆောင် ပေးမည် ဆိုသည့် ဆွဲဆောင်နည်းက တစ်မျိုး။ နောက်တစ်မျိုး ကျတော့ ကံစမ်းမဲ စနစ် ခင်ဗျား။ တစ်နေ့ တစ်ခါ (သို့မဟုတ်) တစ်ပတ် တစ်ခါ ၄င်းတို့ ဖေ့စ်ဘုတ်ခ် ဖန်ပေ့ခ်ျကို လိုက်ခ် လုပ်သူများကို မှတ်သား ထား၍ ကံစမ်းမဲ ငွေသားတွေ ဖောက်ပေး တာတို့ ဘာတို့ လုပ်ပေး လိုက်သည်။ အလွန်တရာ စိတ်ကူးဥာဏ် ကောင်းလေစွ။ အလကား မတ်တင်း ရသော အွန်လိုင်း စာမျက်နှာများကို အသုံးချ၍ ကုန်ပစ္စည်း နာမည် မြှင့်တင်ရေးကို စိတ်အေး လက်အေး လုပ်နိုင်ကြ၏။ တို့မြန်မာများ ဥာဏ်သွား လှချေသည်။

အဲဒါတွေ ကြည့်ပြီးတော့ မောင်ဝါဝါ အကြံ ရလေသည်။ အခုတလော အလုပ်တွေ ရှုပ်သဖြင့် စာက မရေးနိုင်။ မရေး နိုင်တာ တစ်ပတ် နှစ်ပတ်လောက် ကြာတော့ ဘယ်က ဘယ်လို စ၍ ရေးရမှန်း မသိတော့။ ဒီတော့ အရည်အသွေး ကျကုန်ပြီ။ မောင်ဝါဝါ ကိုယ့်စာတွေကိုယ် ဖေ့စ်ဘုတ်နှင့် လိုက်ခ်ကို အသုံးပြု၍ ပရိုမိုးရှင်း လုပ်ရ ပေတော့မည်။ အသေအချာ ဆုံးဖြတ်ပြီး မောင်ဝါဝါ ဖေ့စ်ဘုတ်ခ်တွင် စာတွေရေး၍ တင်လိုက်သည်။

စာရေးဆရာ မောင်ဝါဝါ၏ အသစ်ရေးသားအပ်သော စပယ်ရှယ် ကလော်ကာတုတ်သည့် သရော်စာတစ်ပုဒ်။
ဖတ်ချင်ဖတ် မဖတ်ချင်နေ လိုက်ခ်လုပ်လျှင် ကျေနပ်သည်။
ပထမဆုံး လိုက်ခ်လုပ်သူ အယောက် ငါးဆယ်ကို မောင်ဝါဝါ၏ ကြီးဒေါ်အပျိုကြီးအား ကံစမ်းမဲ ဖောက်ပေးမည်။
ကံထူးသူ တစ်ယောက်ထက် ပိုလျှင် အချိုးကျ ခွဲဝေပေးမည်။
အထက်ပါ အစီအစဉ်အား ကြိုက်လျှင်လိုက်၊ မလိုက်လျှင် ရှဲ၊ မရှဲလျှင် မန့်ပါ။

ထိုစာရေး၍ ပရိုမိုးရှင်း လုပ်လိုက်ပြီး တစ်ပတ်ပင် မကြာ။ မျှော်မှန်း ထားသည်ထက် ပိုသော အကျိုး ရလဒ်များ ပေါ်ပေါက် လာသည်။ လိုက်ခ်တွေ အများကြီး ဖြစ်၍ လူသိများ သွားရုံတင်မက ဆဲဆိုကြိမ်းမောင်း ထားသော ကော်မန့် တွေလည်း အများအပြား။ ဒီထက်ပိုသော ရလဒ်မှာကား အွန်လိုင်းတွင် လိုက်ရုံဖြင့် မကျေနပ်သဖြင့် “လိုက်လည်း လိုက်မည်၊ ရိုက်လည်း ရိုက်မယ်ဟေ့” ဟူ၍ ကြွေးကြော်ကာ အိမ်တိုင်ယာရောက် အတင်းချုပ်၍ နားရင်းအုပ် မည့်သူများ၊ ဂုဏ်ပြု၍ နားအုံထုမည့် သူများပါ မြင်မကောင်း ရှုမကောင်း တန်းစီ စောင့်ဆိုင်း နေသဖြင့် ပရိုမိုးရှင်း လုပ်မိသော မောင်ဝါဝါမှာ ဖျာလိပ်ပတ်၍ ပုန်းအောင်း နေရသည့် အဖြစ်သို့ ရောက်သွား လေတော့သည်။

၁၆ - ဇန်နဝါရီ - ၂၀၁၂
Net Guide Journal
Volume (2), Issue (70)


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>