သိမ်မွေ့ လှပသော သေမင်းတမန် ကဗျာများ
ကတိသစ္စာ ၊ တည်သောခါဝယ်
သြဇာလေးနက် ၊ ပေါ်ဆီတက်၍
နွယ်မြက်သစ်ပင် ၊ ဆေးဖက်ဝင်၏။
ဟိုးးးးးးရှေးရှေးသော အခါက ရှေးလူကြီးတွေရဲ့  ဝန်ခံမိတဲ့ စကားတစ်ခွန်း အတိမ်အနက် ကို စောင့်ထိန်း နိုင်စွမ်းအတွက် တန်ဖိုးဖြတ်ပြပေးတဲ့  (ဖတ်မှတ်ခဲ့ ဖူးတဲ့ ) ကဗျာလေးပေါ့ ဗျာ။
ခုခေတ် ကျွန်တော်တို့ ကာလအတွက်တော့ အဲဒီကဗျာကို အခြေခံပြီးတွက်ချက်ကြည့်လိုက်တာ
ကတိသစ္စာ ၊ ပျက်သောခါဝယ်
ဒေဝါမာဃ ၊ ဇီဝက တို့ 
ကြံဆဖေါ်ပေး ၊ ဝမ်းနုတ်ဆေးလည်း
ရွေးမျှမမည် ၊ လေမလည်၏။
လို့  အဖြေထွက်နေပြန်ပါရော။(ရှေးဟောင်းတန်ဖိုးရှိတဲ့ ကဗျာနဲ့  ယှဉ်ရေးမိတဲ့ ကျွန်တော့ကို အပြစ်တင်ကြပါခင်ဗျာ)။
ဘာလို့ လဲဆိုတော့(ကျွန်တော့အမြင်ကိုပြောပြခြင်းပါ။) ရှေးရှေးက ခေတ်တွေမှာ အရက်၊ ဆေးလိပ်၊ ပြည့်တန်ဆာ ဆိုတာတွေ ရှိခဲ့ ကြပါတယ်။ ဒီခေတ်မှာလည်း ရှိနေဆဲပါပဲ။ နောင်လည်း ရှိနေဦးမယ်လို့  ထင်မြင်မိပါတယ်။
ရှေးဘိုးဘေး တွေဟာ အဲဒါတွေရှိနေလျှက်နဲ့  သက်တမ်းစေ့  နေနိုင်ခဲ့ ပါလျှက် အခု ကျွန်တော်တို့  ခေတ်မှာတော့ နာရေးကြော်ငြာ တွေနဲ့  စစ်တမ်းတချို့ က ဆန့် ကျင်ဘက် အဖြေကို ထုတ်ပေးနေပြန်ပါရော။
ဘာကြောင့်လဲဆိုတဲ့  စောဒက အတွက် အထက်က ကဗျာ နှစ်ပုဒ် ကို ကိုးကားပြီး ရလဒ် ကို တွေးချင့် ကြည့်ကြပါတော့ ခင်ဗျာ။
ဆေးလိပ်နဲ့ ပတ်သက်တာကိုပဲ ကွက်ပြီး ပြောရရင်
ခံတွင်းကင်ဆာ အများဆုံးဖြစ်ရတဲ့  အကြောင်းအရင်းဟာ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ကွမ်းစားခြင်း အလေ့အကျင့် တို့ ကြောင့် ဖြစ်တယ်တဲ့ ဗျ။
ဆေးပညာနဲ့  ကျန်းမာရေး စာစောင်တွေမှာ ဆေးလိပ်သောက်ခြင်းနဲ့ ပတ်သက်ပြီး ၊ကိုယ်တိုင်သောက်သုံးသည်ဖြစ်စေ ၊ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ တွေကြောင့်ဖြစ်စေ ဆိုးကျိုး ဖြစ်လာနိုင်တာတွေကို-
ဆေးလိပ်ကြောင့်
နှလုံးသွေးကြောဆိုင်ရာရောဂါကြောင့်သေဆုံးသူ ငါးဦးအနက် တစ်ဦး ဖြစ်နိုင်တယ်
လေဖြတ်နိုင်တယ်
အမျိုးသားများ သွေးဆုံးခြင်း(ဝါ) တက်စတိုစတီးရုန်း ကျားဟော်မုန်း လျော့ နည်းစေနိုင်တယ်
သွေးတိုးရောဂါအတွက် သွေးဖိအားမြင့်တက်စေနိုင်တယ်
အသက်ရှူကျပ်မယ်၊မောပန်းမယ်၊အသက်ရှူမဝဖြစ်မယ်၊ ရင်ဘတ်တင်းကျပ်မယ်၊မွမ်းကျပ်မယ်
စိတ်ကျန်းမာရေးကို ထိခိုက်နိုင်တယ်
မျက်နှာပေါ်က အရေးအကြောင်းတွေကိုပိုပြီးထင်ရှားလာစေမယ်၊ သွေးစီးဆင်းမှု နည်းသွားတဲ့ 
အတွက် မျက်နှာ နုပျိုခြင်းကို လျင်မြန်စွာ လျော့ နည်းနိုင်မယ်(ဝါ) ရုပ်ရည်အိုမင်းလွယ်မယ်
ဆေးလိပ်ငွေ့ ကို အချိန်ကြာကြာ ထိတွေ့ လာရင်ရှူမိလာရင် အဆုတ်အထဲမှာရှိတဲ့  လေအိပ်
ကလေးတွေပျက်စီးပြီး၊ကြာလာရင် အဆုတ်ရဲ့ ဆွဲဆန့် နိုင်အား လျော့ နည်းလာပြီး အသက်
ရှူရခက်ခဲမယ်၊ နောက်ဆက်တွဲ အဖြစ် အဆုတ်ကင်ဆာ၊ တီဘီ၊ ရင်ကြပ်ပန်းနာ ဖြစ်စေနိုင်တယ်
အလွန်အကျွံ သောက်သုံးဖြစ်လာရင် ကျောက်ကပ် ရဲ့ စွမ်း ဆောင်ရည် ကိုထိခိုက်စေပြီးတော့
ကျောက်ကပ် နဲ့  ပါတ်သက်တဲ့ ရောဂါတွေ ဖြစ်နိုင်တယ်
စာသိပ်ရှည်သွားမှာစိုးတဲ့ အတွက် ဒါလောက်ပဲ ပြောပါရစေ။
သက္ကရာဇ် ၁၁၄၃ မှာ နန်းတက်တဲ့  အမရပူရ မြို့ တည်နန်းတည် ဘိုးတော်ဘုရားလက်ထက်မှာ နန်းတွင်းအမျိုးသမီးစာဆိုတော် တစ်ဦးဖြစ်တဲ့  "မယ်ခွေ" ရဲ့ ဆေးလိပ်နဲ့  ပတ်သက်တဲ့ ကဗျာနှစ်ပုဒ် အကြောင်းကို တွေးမိနေတာလေးတွေ၊ ဖတ်ရှု ခံစားမိတာလေးတွေကို ပြောချင် လို့  နိဒါန်း ချီလိုက်တာ လေနည်းနည်း ရှည်သွားတာပါ။
မယ်ခွေ ဟာငိုချင်းကဗျာ တွေနဲ့ ပတ်သက်ပြီး လက်ရာမြောက်စွာ ရေးဖွဲ့ နိုင်ခဲ့ တာတွေကြောင့် ပညာရှိ တွေကတောင် "ငိုချင်းမှာ မွေးမေ ရှင်မယ်ခွေ" လို့ ပြောရလောက်အောင် ကျော်ကြားခဲ့ တဲ့ သူပါ။
ဆေးတံတို
ဆေးတံတိုတစ်ညှိုလောက်
ရော့ သောက်တော့ပေး ။
မယူလိုက်က မိုက်လို့ ထင်
ယူလိုက်ပြန်က ကြိုက်လို့ ထင်
သောက်စေချင်
ကုတင်တွင် ထောင်ခဲ့ ကွဲ့ 
ညို နွဲ့ ရဲ့ လေး ။ ။
အဲဒီခေတ်၊ အဲဒီအချိန်တုန်းက ယောင်္ကျားလေး မိန်းကလေး တို့ ရဲ့  ရည်းစားစကား ပြောနည်း အဖြေပေးနည်း ပေါ့ ဗျာ၊ ဘယ်လောက်မိုက်လဲ၊ ဘယ်လောက် ယဉ်ကျေးလဲ၊ ကြည်နူး ဖို့  လည်းကောင်းတယ်။
လက်တစ်ညှိုစာ ဆေးလိပ်တစ်လိပ်နဲ့  အချစ်ကိုဖေါ်ကျူး ရင်ဖွင့်ပြတော့၊ ကာယကံရှင် ကောင်မလေး က ယူကလည်းယူချင်၊ ယူလဲမယူရဲ (မိန်းကလေးဈေးကျမှာ၊ အညှာ လွယ်တယ်ထင်မှာ ကို စိုးကြောက်တာလည်း ပါမှာပါ)
ရှက်ရှက်နဲ့  တကယ်သောက်စေချင်ရင် ထားခဲ့ ၊ ပြီးမှ သောက်မယ် ပေါ့ ။ အထာတွေလေ၊ အထာတွေပေးနေတာ၊ ချက်ချင်းမသောက်ပဲ မူနေတာ။ အဲ တော့ ပေးရတဲ့ သူအဖို့  ကလဲ အူမြူးပြီး ပြန်သွားမှာ မြင်ယောင် နေသေးတယ်။ အဲဒီကဗျာ ထဲမှာ ကြည်နူးဖွယ် မြန်မာ့ ယဉ်ကျေးမှုနဲ့  လူငယ်သဘာဝတို့ ရဲ့  ချစ်စဖွယ် ဓလေ့ လေးတစ်ခုကို သွားတွေ့ လိုက်မိပါတယ်ခင်ဗျား။
ဆေးလိပ်လက်ဆောင်
မဝယ်ဘူး
မယ်ခူးတဲ့ ဖက်စို ။
သူတပါးလက်နဲ့ ထိပြီး၊ ခူးပြီး ရောင်းတဲ့ ဖက်နဲ့ တော့ ဝယ်ပြီး ချစ်သူကို ပေးတိုက်မနေဘူး၊ကိုယ့် လက်နဲ့ ကိုယ်ပဲ ခူးတိုက် ပေးချင်တဲ့  ချစ်သူအပေါ်မှာထားတဲ့  မိန်းကလေး ရဲ့  စေတနာအတ္တ နဲ့ ဝန်တို တတ်မှုကို မြင်မိစေလိုက်ပါတယ်။
မီးမကူ
နေပူမှာမကင်အားလို့ 
ထားရတယ် အိပ်ယာအောက်မှာ
မင်းသောက်ဖို့  ကို ။
ခူးပြီးသား ဆေးလိပ်ဖက်ကို နေမလှန်း၊ မီးမကင်ပဲ ခြောက်စေချင်တဲ့  မိန်းကလေးရဲ့  သဘော က အေးမြကြည်လင်တဲ့  သူတို့ ရဲ့  ချစ်ခြင်း အတွင်းမှာ အပူ ဓါတ်တွေ ၊ ပူလောင်တဲ့  အငွေ့  အသက်တွေ မပတ်သက် လာစေချင်တဲ့ သဘောပေါ့ နော်။
အဲတော့ အဲဒီဖက်ကို ခြောက်အောင်လုပ်ဖို့ အတွက် သူ့ ကိုယ်ငွေ့ နဲ့ ပဲ၊ သူ့ ကိုယ်ဖိအားလေးနဲ့ ပဲ ခြောက်စေချင်တဲ့ ဆန္ဒ ကပေါ်လာတော့ သူအိပ်တဲ့  အိပ်ယာ အောက်မှာပဲ ထားအိပ်လိုက်တော့တာပေါ့ ၊ ကျွန်တော့ စိတ်ထဲမှာ ကြည်နူးသလိုလို၊ ဝမ်းနည်းသလိုလို အတွေးခံစားမှု တွေ ရောက်လာသလိုပါပဲ။ ဇီဇာကြောင်တတ်တဲ့ အတွေးမျိုးဆိုရင်တော့ ဟာ-သွားပါပြီ၊ ဘုန်းနိမ့်  ပါပြီပေါ့ ။
ညှာအဖျား
ရှေ့ သွားနှင့် ကိုက်လို့ တို
မချိုတောင့် လိပ်ဆေး ။
ကတ်ကြေးတို့ ဓါး တို့ နဲ့ တော့ ဖြတ်မနေဘူး၊ ရက်စက်ရာ ကျမှာစိုးလို့ ၊ ကိုယ့်  အကြင်နာ အာငွေ့  လေးလဲ ပါသွားအောင်၊ ကိုယ့် သွားလေးနဲ့ ပဲ တိမယ်ကွာ၊ ဖြတ်မယ်ကွာ ဘာဖြစ်လဲ ဆိုပြီး တွေးလိုက်၊ ကိုက်ဖြတ်လိုက်၊ တစ်ယောက်တည်း ပြုံးနေလိုက် ၊ လုပ်နေ မယ့်  ကောင်မလေးကို မြင်ယောင်ရင်း ၊ အင်းးးးးးးးး ဒီဆေးလိပ်ကိုသောက်ရင်တော့ အရမ်းကို ချို နေမှာပဲ လို့ တွေးမိလိုက်သလိုလို။
ပိုးမကူ
ဝါချည်ဖြူ တစ်ပင်ရစ်ကယ်နှင့်
ငယ်ချစ်မောင် ရွှေဝသွားကို
ပါးလိုက်ကဲ့ လေး ။ ။
လိပ်ပြီးသားဆေးလိပ်ကို ပြန်မပြေအောင် စည်းနှောင်ဖို့ အတွက် ဓနရှင်ဆန်တဲ့  ၊ပကာသနနဲ့  ဂုဏ်ဓနတွေ လွှမ်းခြုံ နေမယ့်  ပိုးချည်ကို မသုံးချင်ဘူး၊ ဒါမှမဟုတ် ပိုးချည်ဆိုတာက ပိုးသတ္တဝါ လေး တွေရဲ့ အသက်နဲ့ ဆက်နွယ် ပတ်သက်နေတော့ မသန့် ရှင်းလို့  မသုံးချင်ဘူး။ ဖြူစင်တဲ့  အချစ်ကို ရည်ညွှန်းမယ့်  ဝါချည် ကိုပဲ သုံးမယ်ဆိုတဲ့  မိန်းကလေးရဲ့ ဆန္ဒ က လေးစားစရာ၊ မေတ္တာသက်ဝင် ချင်စရာ လို့ တွေးထင်မိသလို ၊ ဝါချည်ကိုသုံးတာတောင် တစ်ပင်တည်း ရစ်ပတ်ချည်နှောင် ပေးလိုက်တဲ့  သဘောက မောင့်  တစ်ယောက်တည်းကိုပဲ ချစ်တာပါ ဆိုတဲ့  စကားလက်ဆောင်ကိုဆေးလိပ်နဲ့ အတူ ထည့်ပေးလိုက်သလို ပဲလို့ တွေးမိနေတာကိုပြောပြရင်းးးးးးး။
(ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို သင်္ချိုင်းသို့  ပို့ ဆောင်စေနိုင်ပါတယ်)
(ဆေးလိပ်ကင်းမဲ့ ဇုံများ နေရာနှင့် အဝန်း ပေါ်ပေါက်ဖို့ ကူညီပေးကြပါ)
(လူငယ်များ ဆေးလိပ် ရန်မှ လွတ်အောင်ရှောင်နိုင်ကြပါစေ)
နားဦးမယ်ဗျာ အခြေအနေပေးရင် နောက်ထပ်တွေးမိတာတွေကို ပြောပြချင်ပါသေးတယ်။
ကညွတ်နွယ်