မန်ကျည်းစေ့ပိန်ကလေးနဲ့..............ဖိုးသာချိုစေတနာတံတားလေး
မန်ကျည်းစေ့ပိန်ကလေး..............
သာယာအေးရွာ...။
နာမည်နဲ့လိုက်အောင်ပင် သာယာလှပသော ရွာကလေးတရွာပါ။ ရွာအရှေ့ဖက်ကမှိုင်းညို့နေတဲ့ တောင်တန်းကြီး၊ တောင်ဘက်တန်း မှာတော့ သရက်ပင်တောက စိမ်းညို့လျက်ရှိပါသည်။ရွာမြောက်ဖက် ချောင်းကလေးကတော့ နွေအခါ ရေတိမ်တိမ်လေးစီးဆင်းနေပါသည်။ ရွာကလေး က အေးချမ်းသော်လည်းမြို့ဝေး သဖြင့် ကျောင်းလဲဝေးကြပါသည်။ချောင်းပေါ်က တံတားလေးကိုဖြတ် နေတိုင်းကျောင်း သွားကြသော ရွာမှခလေးများသည်လည်း လန်းဆန်းနေသော ပန်းပွင့်လေးများနှယ်ပင် အစဉ်တက်ကြွလျက်ရှိပါသည်။
ကျောင်းပိတ်ရက်....
ထိုသို့ကျောင်းပိတ်ပြီဆိုရင် ရွာထိပ်ပိုင်းရှိတဲ့ မန်ကျည်းပင်ကြီးအောင် ကလေးရောလူကြိးတွေပါ စုံကြပါသည်။ လေနုအေးက တဖြူးဖြူးနှင့် အေးရိပ်ကြီးက သာယာလှပါနေပါသည်။ မြို့သို့အကြောင်းအမျိုးမျိုးကြောင့် ရွာကိုဖြတ်လျက်ပြန်ချိန်တွင် နေလည်စာမှီပါက လှည်းများရပ်လျက် နားနေကြပါသည်။ကွတ်ပစ်ပေါ်တွင် ထိုင်သောလူကြီးဝိုင်းတချို့၊ မြေပြင်ပေါ်တွင်ဆော့နေသော ကလေးတစု ၊ အတူတူဆန်ရွေးရင် သတင်းအတင်းပြောသောမိန်းမတစု သူ့အစုကိုယ့်အစုနှင့် ပျော်စရာကောင်းသော မြင်ကွင်းတခုကို ကျမတို့အဖိုးအိမ်လေးမှလှမ်းမြင်ရပါသည်။ အဖိုးမှာရွာမှလူကြိးတစ်ယောက်ဖြစ်သည်မို့ သူ့ရွာလေးကို အမြဲတစေစောင့်ကြည့် လေ့လာ နေသော သူဖြစ်ပါသည်။ ကျမတို့လဲ ကျောင်းပိတ်ရက်အဖိုးအိမ်သို့ အလယ်ရောက်ခဲ့ကြပါသည်။အဖိုးသည် ကွမ်းအစ်ကိုချလျက် ကွမ်းစားလိုက် လက်ထဲတွင်လည်း ဓမ္မပဒ စာအုပ်ကိုဖတ်လျက် ထိုင်နေပါသည်။
“ဖိုးဖိုးကြီး..ရွှေရည်ကို ပုံပြောပြပါလား“
“ဟေ...ငါ့မြေးက ပျင်းနေလို့လား ..သွားဆော့လေ..မဆော့ချင်စာဖတ်..မင်္ဂလာတရား(၃၈)ဖြာကိုဖတ်“
“ဟာ..... အဖိုးက မြေးကို စာပဲဖတ်ခိုင်းနေတာ..ဖတ်ချင်တော့ဘူး..နားပဲထောင်တော့မယ်“ ....အဖိုးက မျက်မှန်ပေါ်ကျော်ကြည့်ပြီး
“ဟွန်း...အပျင်းမလေး စာဖတ်တယ်ဆိုတာ လိမ္မာအောင်သင်ပေးတဲ့ဆရာတယောက်လေ မြေးလေးရဲ့“
“ဟုတ်သိပါတယ်..ဖိုးဖိုးရယ်..ခုတော့ပြောပြပါလား ပုံပြင်မဟုတ်တောင် မှတ်သားစရာလေးပေါ့နော် “
“ကဲ... သာလိကာမလေး..ပြောမယ် ဟောဟိုကကလေးတွေပါခေါ်လိုက်“
“ဟုတ်“ အပြေးလေးကပြင်ကိုထွက်ပြီး အော်ခေါ်လိုက်ပါသည်။ ခလေးတသိုက်အဖိုးရှိရာသို့ပြေးလာခဲ့ကြပါသည်။ မိတုတ်နဲ့ မိစုက ရန်ဖြစ်နေသေးသည်။
“ဟဲ့နှစ်ကောင်ဘာဖြစ်တာလဲ“ အဖိုးကအော်လိုက်မှ ပြေးလာကြသည်။
“ပြောစမ်း နင်တို့နှစ်ယောက်“
မိတုတ် အထစ်ထစ်နှင့်“ဖိုးဖိုးကြီး သူညစ်တယ်..မိတုတ်နိုင်တာကိုမန်ကျည်းစေပေ့းတာ အပိန်အခြောက်ထည့်ပေးတယ်.“
မိစုကလည်း စွာတာတာနှင့် “ မိစုရှိတာပေးတာပါ..သူကလွင့်ပစ်တယ် ဖိုးဖိုးရဲ့“
“ကဲတော်ပြီ..နင်တို့နားထောင် မန်ကျည်းစေ့ပိန်ပိန်ကလေးပေမယ့် ရေမြေသဘာဝကောင်းပြီး ရှင်သန်ဖို့အားထုတ်ရင် အပင်ပေါက်ပြီးတန်ဘိုးရှိတယ်ငါ့မြေးတို့ရဲ့..
အဖိုးပြောပြမယ်..
တခါတုန်းက ရွာလည်မှာကလေးတသိုက် မန်ကျည်းစေ့တောက်တမ်း ကစားနေကြသည်။
(မန်ကျည်းစေ့တောက်တယ်ဆိုတာ ပန်းချီတို့အညာမှာတော့ မြေကြီးပေါ်မှာ တွင်းတိမ်တိမ်လေးတူးပြီး နှစ်ယောက်သုံးယောက်စသည်ဖြင့်လူအရည်အတွက်လိုက် တစ်ယောက်ကိုသတ်မှတ်ထားသည့်အရေအတွက်လိုက် ထည့်ဝင်ပြီ တွင်းလေးထဲဝင်အောင် လက်မကလေးနဲတဖက်ကတောက်ပြီးတဖက်ကလက်ကလေးနဲ့ ကာထားပြီးဆော့တာပါ။)ကစားကြရင်း ပိန်ခြောက်သေးငယ်သောအစေ့ကလေးတစေ့ရောပါလာပါတယ်။“စံမမှီတဲ့ မန်ကျည်းစေ့”လေးတစ်စေ့ကို အားလုံးသဘောတူမကြိုက်တာနဲလွင့်ပစ် လိုက်ကြပါတယ်။လွင့်ပစ်ခံတဲ့အစေ့လေးက မိုးဦးကျတနေ့တော့ မာကြောနေတဲ့မြေကြီးကိုတွယ်ပြီး အမြစ်ကလေးတွေထွက်လာတယ်။ အစေ့ရွက် စိမ်းကလေးနှစ်ရွက်နဲ့ ဘ၀ကိုစတင်ခဲ့တာပေါ့။ နေ၊လေ၊ရေ သဘာဝတွေ ရဲ့ဒဏ်ကို ခံပြိးအပင်ပေါက်ရောက်အောင်ကြိုးစားရှာတာပေါ့။
တစ်ရက်..နှစ်ရက်.. တစ်နှစ်..နှစ်နှစ်.. အနှစ် (၂၀)ကြာတော့ ရွာလယ်လမ်းမှာ...................... အရိပ်ကောင်းတဲ့မန်ကျည်းပင်ကြိးဖြစ်လာပြီလေ။အရွက်တွေက စိမ်းလို့ဝေလို့ အပင်မြင့်မား ပင်စည်ကြီးထွားလာလိုက်တာ အသိးတွေလဲကြီးနဲ့ ရွာရဲ့အလှ ရွာရဲ့လိုအပ်ချက်ကလေးတွေကို ဖန်တီးပေးလာခဲ့တာပေါ့။ အဲအပင်အောက်မှာ နားခိုသူတွေ ကစားနေသူတွေ အသီးခူး သူတွေက တချိန်တုန်းက စံမမှီတဲ့ မန်ကျည်းစေ့လေးဆိုတာ ဘယ်သူမှသတိမပြုမိကြတော့ဘူလေ။
“ အဖိုးက စကားကိုခနနားရင်း မျက်လုံးဝေ့ကြည့်လိုက်တော့ စိတ်ဝင်တစားမျက်နှာလေးတွေမော့လို့နားထောင်နေကြတဲ့ သူတွေကိုမြင်မှ
အဖိုးက ပြုံးပြီး “ အိမ်း...အဲအပင်က ဘယ်အပင်လဲသိလား“
ခလေးတသိုက်က “ မသိပါဘူး ဖိုးဖိုး“ “အဲဒါ ငါ့မြေးတို့ ဆော့ကစားနေတဲ့ ရွာထိပ်က မန်ကျည်းပင်ကြီးပေါ့ကွယ်“
“ဟယ်“ ခလေးတသိုက် အသံပြိုင်ထွက်လာပါတော့သည်။
“ဒါကြောင့် ဖိုးဖိုးပြောချင်တာက စံမမှီတဲ့အစေ့ကလေးက သူသာသူ့ကိုယ်သူအားငယ်ပြီး စိတ်ဓါတ်မကြံခိုင်ဘဲ ဘ၀ကိုအရှုံးပေးပြီး နေသွားရင် အခုလိုအသုံးဝင်တဲ့ အကျိုးပြုတဲ့ အပင်ဖြစ်လာမှာမဟုတ်ဘူးလေ..ဒီတော့ မြေးလေးတို့လဲ အဲဒီအပင်ကိုအတုယူပြီး အသုံးဝင်တဲ့သူ ရပ်ရွာအကျိုးသယ်ပိုးပြီး တန်ဘိုးရှိတဲ့လူလေးတွေ ဖြစ်အောင်ကြိုးစားရမယ်နော်“
မိစုကဇတ်ကနဲထပြီး“ဖိုးဖိုးကြီးခုနလွင့်ပစ်တဲ့အစေ့ကလေးပြန်ကောက်လိုက်အုံးမယ်..သမီးအိမ်မှာစိုက်မလို့“
ပြောပြောပြေးပြေးထွက်သွားပါတော့တယ်။ဖိုးဖိုးကတော့ ပြုံးပြီးကြည့်နေပါတယ်။
ကျမလဲ ၀မ်းသာနေသလိုဖြစ်ပြီး မန်ကျည်းပင်ကြီးကိုလှမ်းကြည့်မိပါတော့သည်။
ကျမရဲ့စိတ်ထဲမှာတော့........ “စံမမှီတဲ့ အစေ့ကလေး“တောင်မှ ရှင်သန်ပေါက်ရောက်ဖို့အတွက် အားမာန်မွေးပြီး အများအကျိုးသယ်ပိုးနိုင်အောင်ကြိုးစား သလို ကျမတို့လဲ ကိုယ့်ဘ၀မှာ ရှိတဲ့အားနည်းချက်တွေ အခက်အခဲတွေ မပြည့်စုံမှုတွေကို စိတ်မပျက်ပဲ အားမာန်မွေးကြိုးစားကြမယ်ဆိုရင် လူသားအကျိုးပြုနိုင်တဲ့ လူတော်လူကောင်းတွေ ဖြစ်လာမှာပဲလေနော်“..
ဖိုးဖိုးက ဆက်ပြီး........ “ အေး ..ညကျရင် မန်ကျည်းပင်ဝိုင်းမှာ ရေနွေးသောက်ရင် အဲလိုမန်ကျည်းစေ့ကလေးလို လူသားလေး တစ်ယောက်အကြောင်း ပြောပြမယ်နော် လာခဲ့ကြကြားလား“ “ဟုတ်ကဲ့ပါ ဖိုးဖိုး“ ကလေးများအားလုံးပျော်ရွှင်စွာ ပြန်လည်ထွက်ခွာသွားကြသည်ကို အဖိုးက ကျေနပ်စွာဖြင့် ကြည့်နေပါတော့သည်။။။။။။
(ဆက်လက်ပြီး...(စံနှုန်းရယ်မမှီပေမဲ့...ဖိုးသာချိုလေးရဲ့စေတနာတံတား)...ကိုနောက်အပိုင်းဆက်တခုအဖြစ်ရေးသားပါ့မယ်နော်. .ဆက်လက်အားပေးပါရှင့်..)
ရွှေပန်းချီ (၉.၂.၁၃) ၂း၀၀နာရီ