ကျွန်မ ရွှေမြို့ တော်အွန်လိုင်း ပရဟိတအသင်းကို ၆ ကြိမ်မြောက်မှာ ဝင်ရောက်ပါဝင်ခဲ့ပြီး ခု ၁၀ကြိမ်မြောက်တိုင်အောင် မရှင်းသန့်မေရဲ့  ဦးဆောင်မှုနောက်မှာ စိတ်တူကိုယ်တူ ပါဝင်လှုပ်ရှားဖြစ်ခဲ့ပါတယ်…
ဒီတစ်ခါမှာလည်း ကျွန်မတို့ သွားရောက် လှုဒါန်းကြမဲ့ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးကလေးများသင်တန်းကျောင်း၊ ထောက်ကြန့်ကို တွဲလက်တူညီကြတဲ့ မောင်နှမတွေဟာ စုရပ်နေရာလေးကနေ စတင်ထွက်ခွာခဲ့ကြပြန်ပါပြီ…
ပျော်စရာကောင်းတဲ့ ကျွန်မတို့ ပရဟိတမိသားစုလေးဟာဆိုရင် ကားအခက်အခဲကြောင့်ယောင်္ကျားလေးတစ်ချို့  ထိုင်စရာနေရာမရခဲ့ပေမဲ့ ပင်ပန်းတယ်သဘောမထားပဲ ကားတွယ်စီးရင်းနဲ့ကို လှုရတော့မဲ့အရေး တွေးပျော်ရင်းနဲ့ လမ်းခရီးတစ်လျှောက် တစ်ယောက်ကိုတစ်ယောက် စနောက်ကျီစယ်ကြရင်း လိုရာခရီးဖြစ်တဲ့ ထောက်ကြန့်ရှိ အမျိုးသမီးကလေးများသင်တန်းကျောင်း ကိုရောက်ရှိလို့ လာခဲ့ပါတယ်…
ရောက်ရှိလို့ သွားတယ်ဆိုရင်ပဲ ကျောင်းအုပ်ဆရာမကြီးက ပျူဌာစွာ ကြိုဆိုနှုတ်ဆက်ခဲ့ပါတယ်…
အဲ့ဒီနောက်မှာတော့ ကျွန်မတို့ ကျောင်းဝင်းရှိ အဆောက်အအုံများကို လှည့်ပတ်ကြည့်ရှုကြပြီးအမှတ်တရ ဓာတ်ပုံများနဲ့ မှတ်တမ်းတင်ခဲ့ကြပါတယ်…
ကလေးတွေကို မြင်လိုက်ရတယ်ဆိုရင်ပဲ စိတ်ထဲမှာ ကိုယ့်ညီမလေးသာ ဒီလို ကြုံတွေ့ခဲ့ရင်ဖြင့်ဆိုတဲ့ အတွေးနဲ့ ကိုယ်ချင်းစာစိတ်ဝင်ရောက်မိပါတယ်…
ကျွန်မတို့နဲ့အတူပါဝင်လှုဒါန်းကြတဲ့ အလှုရှင်မိသားစုလည်း စုံစုံညီညီ တက်ရောက်ကြပြီး ကျွန်မတို့ အဖွဲ့ကို နောက်ဒီထက် လှုဒါန်းနိုင်ပါစေကြောင်း ဆုမွန်ခြွေရင်း တတ်နိုင်တဲ့ဘက်မှလည်း အားဖြည့်ကူညီပါမည့်အကြောင်း အားပေးစကားနဲ့ ချီးမြှင့်ခဲ့ပါတယ်…
နေ့လည် ၁၂နာရီမှာတော့ ကလေးတွေကို အလှုရှင်မိသားစုရဲ့  နေ့လည်စာ ထမင်း ဟင်းနဲ့ ကျွေးမွေးလှုဒါန်းခဲ့ပါတယ်…
ထမင်းမစားခင် သူတို့လေးတွေရဲ့  မေတ္တာပို့ ဆုတောင်းသံလေးတွေကို ကြားရပြီး အားပါးတရစားသောက်နေချိန်မှာတော့ ကျွန်မတို့ မျက်ရည်လည်မိသည်အထိ ဝမ်းသာပီတိဖြစ်ရပါတယ်…
သူတို့လေးတွေ စားသောက်နေတာကိုကြည့်ပြီး တစ်ခြားသူတွေတော့ ဘယ်လို ခံစားရမှန်းမသိပေမဲ့ ကျွန်မကတော့ ပီတိကိုစားပြီး ဗိုက်ဆာနေတာတောင် ပျောက်သွားရပါတယ်…
ထမင်းစားသောက်ပြီး အားလုံးကို တန်းစီ စုဝေးခိုင်းကာ ကျွန်မတို့ အလှုပစ္စည်းတွေ ဖြစ်တဲ့ ကျောင်းသုံး စာရေးကရိယာများနဲ့ မုန့်များကို တစ်ယောက်မကျန် ညီမျှစွာ ဝေပေးခဲ့ပါတယ်…
အလှုပစ္စည်းများ ပေးအပ်ပြီး ပျော်ရွှင်စွာနဲ့သူတို့လေးတွေနဲ့အတူ ဆော့ကစားပေးကြပါသေးတယ်…
ဒီလို ဆော့ကစားနေချိန်မှာ ကျွန်မလို မိဘမေတ္တာအပြည့်အဝ မရခဲ့ရှာတဲ့ ညီမလေးတစ်ယောက်ကို မေးခွန်းအနည်းငယ်မေးမြန်းဖြစ်ခဲ့ပါတယ်…
ညီမလေးနာမည်က အေးအေးသက်လို့သိရပြီး သူဒီကျောင်းကို ရောက်နေတာတော့ ကြာပါပြီလို့ပြောပါတယ်…
အဖေမရှိတော့တဲ့နောက်ပိုင်း အဒေါ်ဖြစ်သူနဲ့နေထိုင်ပါသေးတယ်… အကိုကတော့ ပျောက်သွားတာ ကြာပြီလို့ ပြောပါတယ်…အမေအကြောင်းကိုတော့ သူ မဖွင့်ပြောတဲ့အတွက် ကျွန်မလည်း ဇွတ်အတင်းမမေးခဲ့ပါဘူး…
လှိုင်သာယာ စက်မှုဇုန်နားမှာ အဒေါ်ဖြစ်သူနဲ့အတူနေထိုင်ပြီးမှ စားဝတ်နေရေးအခက်အခဲကြောင့် အဒေါ်ဖြစ်သူမှ ဆက်လက်မစောင့်ရှောက်နိုင်တော့ကြောင်း ပြောလာချိန်မှာတော့ သူမ စိတ်တွေလေပြီး အိမ်ကထွက်လာခဲ့ပါတယ်…
အဲဒီလို ထွက်လာချိန်မှာပဲ အမျိုးသမီးကလေးများသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနဲ့ တွေ့ဆုံခဲ့ပြီး အကျိုးအကြောင်းမေးမြန်းရင်း သွားစရာမရှိတဲ့သူမကို ခေါ်ယူမွေးစားစောင့်ရှောက်ခဲ့ပါတယ်…
သင်တန်းကျောင်းမှာ ပထမတော့နေသားမကျခဲ့ပါဘူး…
အများနဲ့ရောနှော မနေတတ်သလို အဒေါ်မိသားစုကို လွမ်းတဲ့စိတ်ကြောင့် မနည်းကြိုးစားပြီး နေထိုင်ခဲ့ရတယ်လို့ပြောပါတယ်…
သူမစိတ်ကို ရိပ်မိတဲ့ ကျောင်းအုပ်ဆရာမကြီးရဲ့  ဆုံးမမှုတွေအောက်မှာ ကြိုးစားနေထိုင်ရင်း တစ်ဖက်တစ်လမ်းကလည်း အသက်မွေးဝမ်းကျောင်း ပညာရပ်တွေကို သင်ယူခဲ့ပါတယ်…
သူများအပြောအဆို အနှိမ်ခံဘဝကိုလည်း မနှစ်သက်သူမို့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင် အမြဲကြိုးစားရင်း ကျောင်းကသင်ပေးတဲ့ ပညာရပ်တွေကိုလည်း အမြန်ဆုံးတတ်မြောက်အောင် သင်ယူဖို့ စိတ်ဆုံးဖြတ်ခဲ့ပါတယ်…
ခုဆိုရင် အင်္ဂလိပ်စာလည်း အတန်အသင့်ရေးနိုင်ဖတ်နိုင်လာသလို အပ်ချုပ်အတတ်ပညာမှာလည်း အသက် ၁၈နှစ်ပြည့်ရင် ကိုယ့်ဘဝကိုယ်ရပ်တည်နိုင်အောင်အထိ ဆက်လက်လေ့လာသင်ယူနေပါတယ်…
ခုတော့ ဘဝတူသူငယ်ချင်းတွေနဲ့ ဖြစ်ချင်သော ဆန္ဒတစ်ခု ဖြစ်မြောက်လာမဲ့နေ့ရက်ကိုစောင့်ဆိုင်းရင်း ပျော်ရွှင်စွာနဲ့ နေထိုင်တတ်ခဲ့ပါပြီ…
သူမ ရဲ့  ဆန္ဒလေးတစ်ခုဖြစ်တဲ့ အဒေါ်ကသာ လက်ခံမယ်ဆိုရင် မိသားစုနဲ့အတူ ပြန်နေချင်ပါတယ်လို့ ပြောပါတယ်…
တစ်ကယ်လို့ အဒေါ်ကပြန်လက်မခံနိုင်ဘူးဆိုရင်လည်ုးသူမ အသက် ၁၈နှစ်ပြည့်တဲ့အချိန် ကျောင်းမှဆက်သွယ်ပေးတဲ့ အလုပ် တစ်ခုခုမှာ ဘဝကို သူများအောက်ကျို့  မခံရအောင် ဖြတ်သန်းသွားပါ့မယ်လို့ မျက်ရည်အဝိုင်းသားနဲ့ ပြောလာပါတယ်…
ကျွန်မတို့ မြန်မာနိုင်ငံမှာ လမ်းပေါ်ရောက် လေလွင့်ကလေးငယ်တွေ အများကြီး ရှိနေပါသေးတယ်…ဒီကလေးငယ်တွေရဲ့  ဘဝရှေ့ ဆက် ဘယ်လိုဖြစ်လာမယ်ဆိုတာ သူတို့ ကိုယ်တိုင်လည်း မသိနိုင်သလို ဘယ်သူမှလည်း ခန့်မှန်းလို့မရနိုင်ပါဘူး…
ဒီလို ကလေးတွေထက်စာရင် ပျော်ရာမှာမနေရ တော်ရာမှာ နေနေရတဲ့ ညီမလေးတို့ဘဝကပိုပြီး လုံခြုံမှု ရှိပါသေးတယ် ညီမလေးရေ လို့ ကျွန်မအားပေးစကားပြောကြားခဲ့ပြီး သူမ ဖြစ်ချင်သော ဆန္ဒလေးလည်း ပြည့်ဝပါစေကြောင်း ဆုတောင်းရင်း ကျွန်မရဲ့  အိမ်အပြန်လမ်းမှာတော့ သူတို့လေးတွေအပေါ် ထားမိသော ထပ်တူကိုယ်ချင်းစာစိတ်လေးအား ပြန်လည်တင်ပြလိုက်ခြင်း ဖြစ်ပါတယ်………………............
(ကိုယ်တိုင်ရေး)