((ချစ်သူငယ်ချင်းကောင်း...အပေါင်းသုံးယောက်)))(ဒူးရင်းသီး ဟာသပုံပြင်)
ဒီနေ့လေးက ဖေဖေါ်ဝါရီ (၁၄)ရက်ပါ မြန်မာ့ယဉ်ကျေးမှုမှာမပါပေမဲ့ လူငယ်တွေကြားမှာတော့် အတော့်ကိုရေပန်းစားတဲ့ နေ့ကလေးတနေ့ပါ။ချစ်သူခင်သူတွေကို လက်ဆောင်ပေး အမှတ်တရတွေပြုလုပ်ကြတဲ့နေ့ကလေး လဲဖြစ်လို့နေပါလိမ့်မယ်။
ချစ်သူစုံတွဲတွေမှ မဟုတ်ပါဘူး၊ သိပ်ချစ်တဲ့သူငယ်ချင်းတွေ အချင်းချင်းလဲ လက်ဆောင်ပေးကြ၊ နုတ်ဆက်ကြပါတယ်၊ဒါကြောင့် ဒီနေ့ကလေးမှာရွှေပန်းချီက ဖတ်ဖူးတဲ့ သူငယ်ချင်းပုံပြင်လေး ကို ပြန်တင်ပြလိုက်ပါတယ်။ ဟာသပုံပြင်လေးမို့ ဖတ်ပြီး ရွှေမြို့တော်က သူငယ်ချင်းအားလုံးပျော်ရွှင်ရယ်မောအသက်ရှည်ကြပါစေ။
သူငယ်ချင်း...ဆိုတာ. ကိုယ်ဘက်မှာအမြဲရပ်တည်ပေးတဲသူ..ကိုယ်အတွက် အားပေးဖော်..ကိုယ့်အခက်အခဲကိုနားလည်စာနာပေးသူပေါ့လေ။အခုရွှေပန်းချီတင်ပြချင်တဲ့ သူငယ်ချင်း ဆိုတဲ့ အဓိပ္ပါယ်ကို ပုံပြင်လေးတပုဒ်နဲ့ ပြောပြချင်ပါတယ်။ ရယ်မောစရာ၊ အတုယူစရာ၊ အားကျစရာကောင်းတဲ့ပုံပြင်လေးပါ။
တခါတုန်းက...
သူငယ်ချင်း (၃)ယောက် ရှိပါတယ်။ သူတို့က တတန်းတည်းအတူ စာသင်နေတဲ့သူတွေပေါ့လေ။ တနေ့ အတန်းထဲက ကျောင်းသားအားလုံး ဆရာ၊ဆရာမတွေနဲ့အတူ တောအုပ်ကလေးတခုဆီကို အပျော်ခရီး လေ့လာရေးထွက်ခဲ့တယ်တဲ့...ပန်းပင်တွေအကြောင်း၊ လိပ်ပြာလေးတွေအကြောင်း လေ့လာကြတယ်။ သူတို့ သုံးယောက်ကတော့ လှပတဲ့ လိပ်ပြာလေးတွေကိုလိုက်ပြီးကြည့်ရင်းတောစပ်ကနေ တဖြည်းဖြည်း တောနက်ထဲကိုရောက်သွားပါတော့တယ်။ လမ်းလဲပျောက်တော့ မပြန်တတ်ကြတော့ဘူးလေ။ဒီလိုနဲ့ ညနေရောက်ပြီး မှောင်စပြုလာတော့ သူငယ်ချင်းသုံးယောက် ထင်ရာမြင်ရာ စမ်းမှန်းပြီး စုရပ်ကိုပြန်ခဲ့ကြတာပေါ့။သူတို့ပြန်တဲ့လမ်းက စုရပ်ကိုမရောက်ပဲ တောထဲကို နက်သထက်နက်အောင် ရောက်သွားကြတော့တယ်။သူတို့သုံးယောက်လဲ တယောက်လက်တစ်ယောက်တွဲပြီးလမ်းဆက်ရှာနေကြတာပေါ့။ညကတော်တော်ကို မှောင်လာပြီလေ။ အဲဒီအချိန်မှာပဲ မီးတုတ်တွေကိုင်လို့ လူတစ်စုကို မြင်လိုက်ကြတယ်။သူတို့ကို လိုက်ရှာတဲ့ သူတွေပဲလို့ ထင်လို့ ၀မ်းသာအားရနဲ့ ..
'' ဟေးးးးး" ဆိုပြီး အော်ကြတယ်။ ဒါပေမဲ့ သူတို့ကိုလိုက်ရှာနေတဲ့သူတွေ မဟုတ်ဘူး လူရိုင်းတွေဖြစ်နေတယ်။
'' ဟတ်...ဟတ် ချိုး"
သူတို့ထင်တာ သူတို့ နတ်ဘုရား အော်တာထင်တာနဲ့တူတယ်။ ဒီလိုနဲ့တညလုံး လျှောက်လာလိုက်တာ မိုးလင်းသွားရော ဆိုပါတော့လေ။ မိုးလင်းတော့ လမ်းမှာတွေ့တဲ့အသီးတွေ ခူးစားကြ ရေသောက်ကြနဲ့ ခရီးဆက်လိုက်ကြတာ နှစ်ညအိပ်လောက်ကြာသတဲ့။ နောက်နေ့ လူရိုင်းတွေနေတဲ့ ရွာကိုရောက်ပါတော့တယ်။ ရွာလူကြီးလို့ ထင်ရတဲ့ ပုဂ္ဂိုလ်ကြီးက လှံတံအကြီးကြီးကိုင်ထားတယ် မျက်နှာမှာလည်း မဲတကွက် ဖြူတကွက်နဲ့ အတော်ရုပ်ဆိုးလိုက်တာတဲ့။ (သူကမိတ်ကပ် ကောင်းကောင်းသုံတာနေမှာနော် လူကြီးဆိုတော့)
အဲဒီမှာ သူတို့ စကားနဲ့ လူရိုင်းစကားကို ပြန်တဲ့ စကားပြန်တယောက်လဲ ရှိတယ်တဲ့။ (ရွှေမြို့တော်မှာဆိုရင် ဘယ်သူဖြစ်မလဲနော်..ကိုယ်ထင်တဲ့သူသာ ထည့်လိုက်ပါ)
စကားပြန်က...
" ငါတို့လူကြီးကပြောတယ်.. ငါတို့ရွာမှာ လူတစ်ယောက်ရဲ့ ကံကြမ္မာကို စမ်းသတ်တဲ့ နည်းရှိတယ်။
ကံကောင်းရင် အသက်ရှည်မယ်
ကံဆိုးရင် အသက်သေမယ် (သူပဲ အပြောကောင်းနော်...တော်တော်တတ်တဲ့ ပညာရှိပဲ)
စမ်းသတ်တဲ့နည်းက မခက်ပါဘူး..ဟိုမယ်တွေ့လား.....
ဥယျာဉ်ခြံထဲမှာ သစ်သီးပင်တွေ စိုက်ထားတယ်
အဲဒီ သစ်သီးပင်တွေထဲက အမျိုးအစားတူတဲ့ သစ်သီ (၁၀)လုံး ခူးခဲ့ရမယ်
မင်းတို့ခူးတဲ့ သစ်သီးပေါ်မူတည်ပြီး မင်းတို့ရဲ့ အသက်နဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးမယ်
ကဲ........... မင်းတို့သုံးယောက် နှစ်သက်ရာ သစ်သီးအမျိုးအစားတူ သစ်သီး(၁၀)လုံးစီခူးခဲ့ကြ...သွားကြတော့"....
သူတို့ အပြေးသွားပြီး သစ်သီး(၁၀)လုံးစီ ခူးလာကြတယ်။စကားပြန်က သူတို့ကိုကြည့်လိုက်ပြီး လူကြီးဘက်လှည့်ကာ...
လူကြီးကလဲပြန်ပြောတာပေါ့။ လက်ညှိးတော့ တထိုးထိုးနဲ့ မျက်နှာကလဲ ပုံစံအမျိုးမျိုးလုပ်ပြီး ထလိုက်ထိုင်လိုက် လှည့်ကြည့်လိုက် မော့ကြည့်လိုက်နဲ့ပြောနေတာတဲ့။(အိုပါဂန်းနားစတိုင်နေမှာပေါ့)
ပြီးလဲပြီးရော...စကားပြန်က ပြန်ပြောတယ်။
ပထမတစ်ယောက်က ပန်းသီး(၁၀)လုံးခူးလာတယ်။
"မင်း.. ခူးလာတဲ့ အဲဒီပန်းသီး(၁၀)လုံးကို အသံမထွက်ဘဲ အလုံးလိုက်မျိုချရမယ်။အသံထွက်ရင် သတ်မယ်။ အသံမထွက်ရင် အသက်ရှင်မယ်" ...တဲ့
စဉ်းစဉ်းစားစား မခိုင်းဘူးနော်။ လူကြီးဖြစ်ပြီး မတရားလိုက်တာ (ပုံပြင်ထဲက လူကြီးနော်) ။ ပန်းသီးကို အလုံးလိုက် ဘယ်လိုလုပ်မျိုနိုင်မလဲ။ဒီလိုနဲပ အသတ်ခံရတယ်။
အသက်ထွက်ထွက်ခြင်းပဲ ယမမင်းဆီရောက်သွားတယ်..။
ဒုတိယတယောက်က စပျစ်သီး(၁၀)လုံး။ ဒါပေမဲ့ (၉)လုံးမြောက်မှာ အသံထွက်ပြီး "ရယ်လိုက်မိတယ် အသံမည်လို့တဲ့ သတ်လိုက်ပြန်တယ်။သူလဲ ချက်ချင်းပဲ ယမမင်းရှေ့ရောက်တာပဲ။
အဲဒီ မှာ ပထမလူက ဒုတိယလူကိုမေးတယ်...
" ဟိတ်ကောင် မင်းက ဘာအသီးစားလို့ အသတ်ခံရတာလဲကွ"
"စပျစ်သီးကွ"
"ဟ..စပျစ်သီး(၁၀)လုံးများကွာ အသံထွက်အောင် စားရတယ်လို့"
" မင်းဘာသိလို့လဲကွ...ငါက စပျစ်သီးအသံမထွက်ပဲ ကြိတ်မှိတ်ပြီး မျိုချနေတုန်း ဟိုအကောင်က ဘာအသီးတွေခူးပြီးလာသလဲသိလား...ငါသူ့ကိုကြည့်ပြီး အသံထွက် '၇ယ်" မိလို့ အသတ်ခံရတာကွ"
'ဒီအကောင်က ဘာသီးခူးလာသလဲကွ"
''ဒူးရင်းသီး (၁၀)လုံး ခူးလာတယ်ကွာ"
"ဟိုက်...သေပြီ"
ယမမင်းရှေ့ရောက်နေတဲ့ သူငယ်ချင်းနှစ်ယောက် တဟားဟား နဲ့ ရယ်လိုက်ကြတော့တာပေါ့။ အဲဒီအချိန်မှာပဲ တတိယသူငယ်ချင်း ယမမင်းရှေ့ရောက်လာတယ်။
'မင်းတို့ကမှ မင်းတို့ခူးလာတဲ့အသီး စားခွင့်ရသေးတယ်.. ငါကတော့ ငါခူးလာတဲ့အသီး မစားရဘဲ အသတ်ခံရတာကွ...နာတယ်ကွာ"
' ဟီးးးးးး မင်းခူးတဲ့ ဒူးရင်းသီး အဲဒိလူကြီးကို ပြန်မျိုခိုင်းရမှာကွ"
'ဟာ ငါလဲဘယ်နေမလဲ ပြောတာပေါ့ကွ..."
'ဘာတဲ့လဲ"
" ဟေ့ကောင် လျှာမရှည်နဲ့တဲ့ ..မင်းပြန်ပြောခွင့် လိုင်စင်ပိတ်ထားတယ်တဲ့" ...စကားပြန်ကပြန်ဟောက်တယ်လေ။
"ဟားးးးး" သူငယ်ချင်းသုံးယောက် ပျော်ပျော်ပါးပါးကြီး အော်ရယ်နေလိုက်ပါတော့တယ်။
ပုံပြင်လေးကတော့ပြီးခဲ့ပါပြီ။
သူငယ်ချင်းဆိုတာ အဲလိုမျိုးပါ။ ပန်းသီးပဲစားရစားရ၊ ဒူးရင်းသီးပဲ စားရစားရ၊ ဘယ်လိုဘ၀ ရောက်ရောက် ဘယ်အခြေအနေဖြစ်ဖြစ်
ဘယ်လိုစည်းစိမ်၊ ဘယ်လိုအောင်မြင်ကျော်ကြားမှု တွေကိုပဲ ပိုင်ဆိုင်ပိုင်ဆိုင် သူငယ်ချင်းဆိုတာ သူငယ်ချင်းပဲဖြစ်သင့်ပါတယ်။
သူငယ်ချင်းတွေ အကြားမှာ ဂုဏ်တွေ အရှိန်အ၀ါတွေ အောင်မြင်မှုတွေ၊ ပိုင်ဆိုင်မှုတွေနဲ့ စည်းခြားမထားသင့်ပါဘူး။
ရင်ထဲရှိတာပြောဖေါ်ပြောဖက် ၊ ပျော်ဖော်ပျော်ဖက်၊ နားလည်မှုပေးနိုင်တဲ့ အဖော် ၊ ကိုယ်ချင်းစာမှုပေးနိုင်တဲ့ အဖော်
စိတ်ရဲ့ချမ်းသာမှုကို အမျိုးမျိုး ပုံဖော်ပေးနိုင်တဲ့ သဘာဝကဖန်တီးပေးထားတဲ့ လူသားတွေရဲ့ ဘ၀လက်ဆောင်
တခုလို့ ရွှေပန်းချီ ရဲ့ ထင်မြင်မှုကို တင်ပြလိုက်ပါတယ်။
ရွှေပန်းချီ(14-2-13) 2:30 AM