ဘာလိုလို နဲ့ ချစ်သူများနေ့တောင် ရောက်ပြီ ….။
ချစ်သူ ကြင်နာသူတွေ ရဲ့ ကြည်နူးစရာ နေ့ရက်လေး တစ်ခုပေါ့ …။
ဒါပေမယ့် မောင်ကောင်း အခု ပြောမှာတွေကတော့ ကြည်နူးစရာ ချစ်ကြ ကြင်နာ ကြတဲ့ အကြောင်းတွေတော့ မဟုတ်ရပါ …။ Valentine’s Day နဲ့ ပက်သက်ပြီး ဆက်စပ်တွေးမိတဲ့ အတွေးလေးအချို့ … အချစ် ဆိုတဲ့ ခေါင်းစဉ် အောက်ကို မသိမသာရော သိသိ သာသာ ပါ တိုးဝင်လာတဲ့ အပျော်ကျူးမှု တွေအကြောင်း … အချစ်နယ်လွန်မှုတွေ အကြောင်း ပြောမလို့ဗျ ..။ ဆိုတော့ … ဆက်ပြောမယ့် စကားလုံးတွေ အသုံးအနှုန်းတွေက ပုံမှန်အမြင်နဲ့ လွန်ကဲနေမယ်ဆိုရင် “နားနဲ့မနာ ဖ၀ါးနဲ့” ဆိုတဲ့ ဆိုရိုးလေးလိုပေါ့ဗျာ … ။ အမြင်မတော်စရာတွေရှိလာရင် ကိုယ့်ဘာသာ ကို ဆင်ဆာစည်းလေးကိုင်ရင်ကိုင်ထားလိုက်ပါတော့လို့ …။
ခေတ်ကြီးက ပြောင်းလဲ လာတာကိုပဲ အပြစ်ပြောရမလား …။ ဒါမှမဟုတ် ခံယူချက်တွေ လွဲမှားလာတဲ့ လူငယ်တွေကိုပဲ မှားတယ် ပြောရမလား …။ ဘာပဲ ဖြစ်ဖြစ် ဒီပြသနာ တွေကတော့ လူငယ်တွေကြားမှာ သိသိသာသာ တိုးဝင်လာနေတာကတော့ အမှန် …။ တကယ်တော့ အဲ့ဒီကိစ္စ ကို ပြသနာ လို့တောင် မသတ်မှတ်ကြပါဘူး …။ ပေါ့ပေါ့ပါးပါး ဖြစ်ရပ် တစ်ခုလို့ပဲ ခံယူထားကြပုံပါပဲ ..။ မြင်နေရ ကြားနေရတာ တွေက တစ်ခါတစ်လေ မျက်နှာလွှဲမရ နားလွှဲမရ …။ တစ်ခါတစ်လေ အဲ့ဒီ ကိစ္စကြီးကို ဂုဏ်ယူစရာ ကိစ္စကြီး လို လာပြောနေကြပြန်တော့ ဘာ ပြန်ပြောလို့ ပြောရမလဲ မသိတော့ဘူး …။ ကောင်လေး တွေကော … ကောင်မလေး တွေကော … ခံယူချက်တွေ လွဲလာတာလား ယိုင် လာတာလား မသိတော့ဘူး …။ မဖြစ်သင့်ဘူးလို့ ထင်မိလို့ အခုအချိန်က စပြီး အာချောင်ပါတော့မယ် …။ ဒီအကြောင်း တွေ ပြောမှာကို မကျေနပ်ဘူး ဆိုရင်တော့ မောင်ကောင်းကို ဆဲ ဖို့ အခုအချိန်က စပြီး စကားလုံးတွေ စဉ်းစားထားလို့ ရပါပြီ … :P
အခွင့်အရေးသမား တွေ ပေါလာတယ်လို့ပဲ ပြောရတော့မလား …။ အခုခေတ် လူငယ်တွေက ရည်စား တွေ ရသလောက် များများ ထား … ရသမျှ အခွင့်အရေးတွေ ယူ … ကာမ အမှု ကို အစွမ်းကုန် ကျူးလွန်ပြီး စိတ်အလိုလိုက်လွန်း နေကြတယ် ….။ လူငယ်တိုင်းလို့တော့ မဆိုလိုပါဘူးနော် …။ ဒါပေမယ့် ထက်ဝက်မက တဲ့ လူငယ်တွေလို့ သုံးရင်တော့ မောင်ကောင်းလွန်မယ် မထင်ပါဘူး …။ အဲ့သည် ထက်ဝက်မက တဲ့ လူငယ်ထဲမှာ မပါသေးတဲ့ လူငယ်တွေ ကလည်း အဲ့သည့် လူငယ်တွေ ကျူးလွန်နေတဲ့ အဖြစ်တွေကို အားကျတဲ့ စိတ်တွေ ကိုယ့်ကိုယ်ကို အားမလို အားမရ ဖြစ်တဲ့ စိတ်တွေ ဖြစ်ကောင်း ဖြစ်နေကြမှာပါ …။ တားဆေး တွေ အကာအကွယ်ပစ္စည်းတွေက လွယ်လွယ် ရ နေလေတော့ ဒီကိစ္စမျိုး ကျူးလွန်ဖို့ ဘာမှ ခဲခဲယဉ်းယဉ်းဖြစ်မနေတော့ပါဘူး ..။ တချို့ ကတော့လည်း ကာမအားတိုးဆေး လိုမျိုး ဆေးမျိုးတွေ မသိလိုက်ပဲ အတိုက်ကျွေးခံ လိုက်ရလို့ … ကိုယ့် ကိုယ်ကို မထိန်းနိုင်တော့ပဲ လွန်ကျူးမိကြတဲ့ အဖြစ်မျိုးတွေလည်း ရှိလာနေပါတယ် …။ တကယ်တော့ အချစ် ဆိုတဲ့ စကားလုံး က တဏှာ ရာဂ တို့ အတွက် မျက်နှာဖုံးသက်သက် ဖြစ်လာနေပြီ …။ ရင်လေးစရာ …။
ဘာလို့ ဒီလိုတွေ ဖြစ်နေရတာလဲဆိုတော့ ….။ အခြေခံအကျင့်သီလတွေ … စောင့်ထိန်းအပ် လိုက်နာအပ် တဲ့ လူမှု စည်းကမ်းတွေ ကို လူငယ်တွေ မသိရှိကြတော့လို့ … မလိုက်နာ ကြလို့ …။ ပြီးတော့ အတွေးအခေါ် အမျှော်အမြင် အားနည်းလာကြလို့ ဆိုတာ တွေကို အဓိက အချက် အဖြစ် မောင်ကောင်း ကတော့ မြင်မိပါတယ် …။ ဟုတ်ပါတယ် ..။ ဒီ နောက်ပိုင်း လူငယ်တွေ အတွေးအခေါ် အားနည်းလာကြတယ် …။ ကိုယ်တိုင် စဉ်းစားဆင်ခြင် နိုင်စွမ်းတွေ ကျဆင်းလာနေတယ် ..။ အဲ့ဒါကြောင့် အတုမယူသင့်တာတွေ အတုယူကြတယ် … မကျူးလွန်သင့်တာတွေကို ကျူးလွန်လာကြတယ် … အဲ့လို ကျူးလွန်မိတဲ့ အတွက်လည်း ဖြစ်လာမယ့် နောက်ဆက်တွဲ ပြသနာတွေ ကို တွက်ဆ နိုင်စွမ်းလည်း အမိုက်မှောင်ဖုံးလွှမ်းကုန်ကြတယ် …။
တစ်ခါလောက်လေးနဲ့ ဘာဖြစ်တာမှတ်လို့ … !!! ဘယ်သူ သိတာမှတ်လို့ … !!! ဘာမှ မဖြစ်နိုင်လောက်ပါဘူးလေ … !!! လူငယ်ဆိုတော့ လူငယ်ပီပီ အတွေ့အကြုံရှာတာပဲ … ဘာမှ မဖြစ်လောက်ပါဘူးလေ … !!! ကိုယ့်ကို တကယ်ချစ်တဲ့သူ မို့လို့ ချစ်တဲ့သူကို အလိုလိုက် လိုက်တာပဲ ဘာမှ မဖြစ်နိုင်လောက်ပါဘူး … !!! ဒီ ခေတ် မှာ ဒါမျိုးတွေက ရိုးနေပြီ … အဆန်းလုပ်နေသေးတယ် … !!!
ဟုတ်ကဲ့ … အဲ့သည်လို စကားတွေနဲ့ ကိုယ့် လုပ်ရပ် ကိုယ့် အပြုအမူကို သက်သာနိုင်မလား ဆိုပြီးတော့ လျော့ပေါ့စေကြတယ် …။ ဘာတွေ ဖြစ်လာနိုင်မလဲ ဆိုတာကို ကျွန်တော် ပြောပြကြည့်ပါမယ် …။
ဗုဒ္ဓဘာသာဝင် တိုင်းအတွက် အခြေခံစောင့်ထိန်းရမယ့် သီလ (၅) ပါး ရှိပါတယ် …။ လူတိုင်း သိပြီးသားပါ ..။ အခု ကျွန်တော် ပြောမယ့် ကိစ္စက နောက်ဆုံးသိက္ခာပုဒ် ဖြစ်တဲ့ ကာမေသုမိစ္ဆာစာရကံ လေးနဲ့ သက်ဆိုင်နေတော့ … အဲ့သည့် ကံ လေး အကြောင်းကို အကျဉ်းချုပ်ပြီး ပြောပြမယ် …။
လူငယ်တွေ သိထားတာက ကာမေသုမိစ္ဆာရ ကံ ဆိုတာက သူများ သားမယား နဲ့ ဖောက်ပြား တာလို့ပဲ အကြမ်းဖျင်းသိထားတာကိုး …။ ဒါ့ကြောင့်လည်း ကိုယ့်ချစ်သူနဲ့ ကာမနယ်ကျွံတာကို ကာမေသုကံ မမြောက်ဘူးလို့ ထင်နေကြပုံရတယ် …။ ဆိုတော့ ကာမေသုကံ ကို မြောက်စေတဲ့ အဓိက အချက်တွေကို ဖော်ပြချင်ပါတယ် …။
ကာမပိုင် လင်ယောက်ျား၊ဇနီးမယား ရှိတဲ့သူနဲ့ ဖောက်ပြားမိရင် ကာမေသုကံ မြောက်ပါတယ် …။ ပြီးတော့ ကာမပိုင် လင်ယောက်ျား၊ဇနီးမယား တော့ မရှိပါဘူး …. ဒါပေမယ့် အလိုမတူပဲ ဖောက်ပြားကျူးလွန်မိရင်လည်း ကာမေသုကံ မြောက်ပါတယ် ..။ ကာမပိုင် လင်ယောက်ျား၊ဇနီးမယား လည်း မရှိ … နှစ်ဦးသား အလိုသဘောချင်း တိုက်ဆိုင် တူညီ တယ်ဆိုရင်တောင် မိဘဆွေမျိုးသားချင်း အဲ့သည်လို အုပ်ထိန်းသူ တွေရဲ့ ခွင့်ပြုသဘောတူညီချက် မရှိပါဘူးဆိုလျှင်လည်း ကာမေသုကံ မြောက်ပါတယ်တဲ့ …။
ကာမေသုမိစ္ဆာစာရ ကံ မြောက်တာ ဘာဖြစ်လဲ … ဘာကြောက်စရာရှိလဲ လို့ ထင်မြင်နေမိရင် … ကာမေသုမိစ္ဆာစာရ ကံ ရဲ့ အကျိုးပေးပုံကို ထပ်မံတင်ပြပါဦးမယ် …။ ကာမေသုမိစ္ဆာရ ကံ ကျူးလွန်မိသူတွေဟာ … မုန်းသူ ပေါများ လာတတ်တယ် .. ရန်သူများ လာတတ်တယ် .. ဥစ္စာပစ္စည်းတွေလည်း တစ်စတစ်စ ရှားပါးလာတတ်တယ် …။ တဏှာရာဂ စိတ်ရဲ့ လှုံ့ဆော် တိုက်တွန်းမှု တွေကို မထိန်းနိုင်ဖြစ်လာရလို့ အဆုံးမှာ ယုတ်မာသူတွေ ဖြစ်လာရနိုင်တယ် …။ လူပုံအလယ်မှာ မျက်နှာငယ် အရှက်ရရမယ့် အဖြစ်မျိုးတွေ ကြုံလာရနိုင်တယ် …..။ စိုးရိမ်သောက တွေ ရဲ့ ဖိစီးနှိပ်စက်မှုကို ခံစားရမယ် …။ ဒါတွေက မောင်ကောင်း ထင်ရာမြင်ရာတွေ ပြောနေခြင်း မဟုတ်ပါ ..။ ကာမေသုမိစ္ဆာစာရ ကံ ကိုကျူးလွန်မိသူတွေ လက်ရှိဘ၀မှာ ခံစားတွေ့ကြုံရမယ့် ဆိုးကျိုးဆိုးပြစ် တွေအကြောင်း စာပေကျမ်းဂန် တွေထဲမှာ ရေးသားဖော်ပြ ဆုံးမ ထားတဲ့ အတိုင်း ပြန်လည်မျှဝေပေးခြင်းပါ ..။
ဒါက ဘာသာရေးဆိုင်ရာ အဆုံးအမ နဲ့ ပက်သက်တာလေးတွေပါ ..။ တခြားသော လူမှုရေးပြသနာ တွေပါ ဖြစ်လာနိုင်ပါသေးတယ် …။
နောက်ပြီးတော့ မိန်းကလေးများ ကလည်း ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ကြဖို့ လိုပါတယ် …။ ကိုယ့် ရဲ့ အပျိုစင် ဘ၀ ကို တန်ဖိုးထားတတ်ဖို့ အလွန်အရေးကြီးလှပါတယ် …။ ဒီနေရာမှာ စကားကြုံလို့ ကျွန်တော် ဖတ်ခဲ့ ရဖူးတဲ့ ဆောင်းပါးလေးထဲက အကြောင်းအရာလေး တစ်ချို့ ကို တင်ပြပါဦးမယ် …။
အပျို … အပျိုစစ် … အပျိုစင် …. တဲ့ ….
အပျို ဆိုတာကတော့ အိမ်ထောင်မပြု .. လက်မထပ် ရသေးတဲ့ မိန်းကလေးပေါ့ .. သူဟာ ယောက်ျား တို့ နဲ့ ထိတွေ့နှီးနှောမှု ရှိဖူးချင်ရှိဖူးမယ် …။ ဒါပေမယ့် တရားဝင် အိမ်ထောင်မပြုရသေးတဲ့ အတွက် အပျို လို့ သတ်မှတ်ခံ ရသူ …။
နောက်တစ်ခုက အပျိုစစ် …
လက်မထပ် အိမ်ထောင်မပြုရသေးတဲ့ အပြင် မည်သည့် ယောက်ျားလေးနဲ့ မှ နှီးနှောဆက်ဆံဖူးခြင်းမရှိ …။ မိမိ ရဲ့ အပျိုဘ၀ ကို မှန်ကန်စွာ တန်ဖိုးထားပြီး နေတတ်တဲ့ မိန်းမပျို …။ အပျိုစစ် …..။
နောက်ဆုံး တစ်ခုက ပိုလို့တောင် ဖြူစင်သွားပြီ ….။
ဖိုမ ကိစ္စတွေကိုတောင် စိတ်ဝင်စားခြင်း အလျဉ်းမရှိသေး …။ သန့်စင်မွန်မြတ် တဲ့ စိတ်နေစိတ်ထားနဲ့ စင်ကြယ်နေတဲ့ အပျိုစင် …..။
မိန်းကလေး တွေကို ဒုတိယအမျိုးအစား လို အနည်းဆုံး ခံယူချက် ရှိစေချင်ပါတယ် …။ မှန်ကန် တဲ့ အပျိုစစ် .. အပျိုစင် ဘ၀ ကို တန်ဖိုး ထားတတ်စေချင်သည် ..။ ဘယ်လောက်ပဲ ချစ်ရပါတယ် ဆိုပေမယ့် … ကိုယ့်ဘ၀ ကို ပုံအပ်ပြီး ချစ်ရပါတယ် ဆိုပေမယ့်လည်း အဲ့ဒီ ဘ၀ ကို ပုံအပ် လိုက်တာက လက်မထပ်မီကြားကာလ မဖြစ်သင့်ပါဘူး …။ ယောက်ျား လေးဘက်ကလည်း စောင့်စည်း … မိန်းကလေးဘက်က လည်း တန်ဖိုးထား တတ်မယ် ဆိုရင် ငြိမ်းချမ်းဖြူစင် တဲ့ ဘ၀ လမ်းကို လျှောက်လှမ်းနိုင်မှာပါ …။ အဲ့ဒီလို စောင့်ထိန်းတက်ဖို့ တန်ဖိုး ထားတတ်ဖို့ အတွက်ကလည်း မိမိ ရဲ့ အသိဥာဏ် တံခါး တွေ ပွင့်နေဖို့ လိုပါတယ် …။ အဲ့ဒီ အတွက်လည်း သင့်လျောတဲ့ အသိပညာဗဟုသုတ တွေကို လေ့လာဆည်းပူး မှု ပြုရပါမယ် …။ အဓိက ကတော့ အမြင်ကျယ်ကျယ် နဲ့ စာများများ ဖတ် … ပြီးတော့ များများ စဉ်းစားသုံးသပ် ဖို့ လိုနေပါတယ် …။ လူငယ်တွေ ရဲ့ အချိန် တွေက ဂိမ်း … အင်တာနက် … တခြားသောပေါင်းသင်း ဆက်ဆံရေး ကိစ္စတွေနဲ့ ရှုပ်နေကြရတော့ စာဖတ်ချိန် … ပြီးတော့ စာဖတ်လိုစိတ် နည်းလာကြတယ် ..။ ဒါကလည်း အယူအဆ အတွေးအခေါ် လွဲမှားခြင်း ရဲ့ အဓိက အကြောင်းအရာ ဖြစ်လာနေပါတယ် ….။
တကယ်တော့ Living Together ဆိုတာ မြန်မာ့ ယဉ်ကျေးမှု မဟုတ်သလို … ဂုဏ်ယူဝံ့ကြွားပြရမယ့် ကိစ္စလည်းမဟုတ်ရပါ …။ မြန်မာတို့ ရဲ့ ကိုးကွယ်ယုံကြည်ရာဖြစ်တဲ့ ဗုဒ္ဓ ရဲ့ အဆုံးအမ တရားတော်နဲ့ မကိုက်ညီတဲ့ ကိစ္စဖြစ်ပါတယ် ..။ လူငယ်တိုင်း စောင့်စည်းရပါမယ် …။ မဖြစ်မနေ စောင့်စည်း သင့်ပါတယ် ..။ ကိုယ့် ရဲ့ ချစ်သူကို ကိုယ်တကယ်ချစ်ရပါတယ်ဆိုရင် ကိုယ်မြတ်နိုးတဲ့ ပန်းလေးကို မနွမ်းစေသင့်ပါဘူး …။ တကယ် ကို မြတ်နိုးတန်ဖိုးထားတာ အမှန်ပါဆိုရင် လက်ထပ်ယူပြီး တစ်အိုးတစ်အိမ် ထူထောင်ဖို့ ကြိုးစားပါ …။ အဲ့လို လက်ထပ်မယူ နိုင်ခင်မှာတော့ ကာမကျူးလွန်တဲ့ အမှုကို စောင့်စည်းသင့်ပါတယ် …။ ဒီလို စောင့်ထိန်းနိုင်မှုဟာ ကိုယ့် ရဲ့ တန်ဖိုးဘယ်လောက်မြင့်လဲ ဆိုတာ အကောင်းမွန်ဆုံးပြသနိုင်မှာဖြစ်ပါတယ် ..။
တကယ်တော့ ဒီအကြောင်းအရာတွေကို ဘယ်သူရေးမလဲ … ဘယ်သူ ပြောမလဲ ဆိုပြီးတော့ စောင့်ကြည့်နေမိတာ … ပညာပေးဆောင်းပါးတွေ သတိပေးစာတွေ ထင်ထားသလိုမျိုး မတွေ့လိုက်ရတော့ … နည်းနည်းတော့ အားမလိုအားမရ ဖြစ်မိတယ် …။ တကယ်ဆို အသက်အရွယ်နဲ့ အတွေ့အကြုံ များပြားပြည့်စုံတဲ့ လူကြီးသူမ တစ်ယောက်ယောက် ရေးထားတဲ့ စာကို ကျွန်တော်က Share ပေးချင်ရုံလေး ဆန္ဒရှိတာ …။ ကိုယ်တိုင် မရေးချင်ဘူးရယ် ..။ ဘာလို့လဲ ဆိုတော့ ကျွန်တော်က အသက်အရွယ်အားဖြင့်ကော အတွေ့အကြုံ အတွေးအခေါ် … ဘာမှ ပြည့်စုံသေးတာ မဟုတ်တော့ …. ကျွန်တော် ရေးရင် ကျွန်တော်ပြောရင် အလေးမထား … ဂရုမစိုက်မိမှာ စိုးရိမ်တယ် …။ အခန့်မသင့်ရင် ကိုယ့်တောင် အမြင်ကပ်ပြီး ဆဲချင်စိတ်တွေဖြစ်ချင်ဖြစ်သွားဦးမယ် ….။ ဒါပေမယ့် မောင်ကောင်း အကျင့်က ဖျောက်မရပါဘူး …။ ရေးဖြစ်သွားခဲ့ပါပြီ …။ ဆရာ လုပ်တယ် မြင်ချင်လည်း မြင်ပါတော့ …။ အမြင်ကပ်ပြီး ဆဲချင်တယ် ဆိုရင်လည်း ဆဲပါတော့ …။
တစ်ခု တော့ မေတ္တာရပ်ခံလိုပါတယ် အခု ဒီဆောင်းပါးလေးဟာ ကြိုတင် ပြင်ဆင်လေ့လာထားခြင်း မရှိပါဘဲ ချက်ခြင်း တစ်ထိုင်တည်း ရေးမိခြင်း ဖြစ်လေတော့ အရှေ့ အနောက် အစီအစဉ် မကျတာ .. အချက် အလက် မပြည့်စုံတာ ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ် … ဒါပေမယ့် မောင်ကောင်း က လူငယ်တိုင်းကို ကာမေသုမိစ္ဆာစာရကံ နဲ့ ကင်းရှင်းပြီး သန့်ရှင်းဖြူစင်တဲ့ ဘ၀လေးအဖြစ် ဖြတ်သန်းစေချင်တဲ့ စေတနာ အရင်းခံလေးနဲ့ ဒီဆောင်းပါးလေးကို ရေးမိခဲ့ခြင်းဆိုတာကိုတော့ ရိုးသားစွာ ၀န်ခံပါရစေ …။
အခြေခံ စောင့်ထိန်းရမယ့် ကိုယ်ကျင့်သီလ များ ကို လူတိုင်းလူတိုင်း မြဲမြံနိုင်ကြပါစေ ……..
မောင်ကောင်း
February 13, 2013
(10:40 PM)