Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ရွှေအိုး အပိုင်း(၃) ( ဇာတ်သိမ်းပိုင်း)

$
0
0

ရွှေအိုး တောက်တစ်ခေါက်ခေါက်နဲ့။ သူ့စားပြီးပစ်လိုက်တဲ့ ငှက်ပျောခွံကို ကြည့်လိုက်။ ဘကြီးမြ မျက်နှာကို မြင်ယောင်လိုက်။ စိတ်မကောင်းဖြစ်လိုက်။ “ငါ … ပဲကွာ၊ တောက်” ။ ကိုယ့်ကိုယ်ကို မကျေနပ်သံက တော်တော်လေး ကျယ်သွားသည်။ ဘေးနားမှာ ကိုထွေးမောင် ရောက်နေတာကို မသိ။ ကိုထွေးမောင်ဆိုတာက ရွာရဲ့ ကျက်သရေဆောင်။ မူးတဲ့နေရာမှာ နှစ်ယောက်မရှိ။ ရွှေအိုးကို သေသေချာချာ ကြည့်နေသည်။ မျက်ထောင့်နီကြီးနဲ့။ ပြီးတော့ “မင်းက ဘာကောင်မို့ တောက်ခေါက်တာလဲ။ ငါ့ကို ဘာလို့ ဆဲတာလဲ။ ငါ့ကို မူးနေတယ် ထင်တာလား။ ငါမမူးဘူးကွ။ ဟေ့ကောင် ရွှေအိုး။ ငါ…….. ပဲ။ ဘယ်ကောင်မှ လူမထင်ဘူးကွာ။ မင်းက ဘာကောင်လဲ” ။ ပြောပြောဆိုဆိုနဲ့ တုတ်လိုက်ရှာနေသည်။ အခြေအနေမကောင်းသည်မို့  အောင့်သွားတဲ့ တင်ပါးကို မသနားနိုင်။ အတင်း ထပြေးခဲ့ရသည်။ အိမ်ပြန်ရောက်တော့ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်များကို ပြန်တွေးရင်း စိတ်မကောင်းဖြစ်လိုက် ကြိတ်ပြီးရယ်လိုက်နဲ့ အိပ်ပျော်သွားခဲ့သည်။ ၀ိုးးးးးးးးးးးးး တော်တော်အိပ်ကောင်းတာပဲ။ ဗိုက်ဆာတာနဲ့ မီးဖိုချောင်ထဲ ၀င်လိုက်သည်။ ထမင်းကြော်တွေပါလား။ အားရပါးရ ထိုင်စားနေတုန်း ခေါ်သံကြားလိုက်လို့ ကြည့်လိုက်တော့ ဖိုးတုတ်တို့အဖွဲ့။

“ဘာလဲဟ”။

“ငါတို့ အထက်ကန်ထဲမှာ ငါးသွားဖမ်းမလို့။ မင်း လိုက်မလား”။

“အေးအေး ခဏစောင့်ဟေ့။ ထမင်းကြော်လေး အပြီးသပ်လိုက်အုံးမယ်”။ မြန်မြန်စားလိုက်သည်။ ရွာရဲ့ မြောက်ဘက်မှာ ကန် နှစ်ကန်ရှိသည်။ အထက်ကန်က နွေခါဆိုရင် ရေခမ်းသည်။ ရေခမ်းတဲ့အခါ ငါးဖမ်းကြသည်။ ဒါဟာ နှစ်စဉ်နှစ်တိုင်း ဖြစ်နေကြ သဘာဝတစ်ခု။  ပြီးတော့

“မင်းတို့ မနက်စောစောကြီးကွာ။ နေ့ခင်းမှ ဖမ်းကြရင် မကောင်းဘူးလား”။

“မင်းကလည်း နေ့ခင်းဆို ဖမ်းမဲ့သူတွေပေါတယ်ဟ။ မနက်ဆို မရှိဘူး။ အေးလို့ သူတို့က မဖမ်းကြဘူး။ သူတို့ထက် အရင်ဖမ်းထားမှ အဆင်ပြေမှာ”။ ဒါနဲ့ရွှေအိုးလည်း ဇကာကုန်းတစ်ချပ် ကောက်ကိုင်ပြီး လိုက်သွားခဲ့သည်။ ရေက သိပ်မရှိတော့ ။ ရွံတွေ ကြာတွေ ဗေဒါပင်တွေ ပေါလှသည်။ ဇကာကုန်းနဲ့ တိုက်လိုက်။ လက်နဲ့ ဖမ်းလိုက်နဲ့။ မနက်ခင်း အချိန်တော်တော်လေး ကုန်သွားခဲ့သည်။

“ပြန်ကြအောင်ကွာ။ ငါ တော်တော်လေး ချမ်းနေပြီဟ”။

“မင်းပြန်ချင်ပြန်။ ငါတို့က ဖမ်းအုံးမှာ”။ ရွှေအိုးသည် ကြိုးနဲ့သီထားတဲ့ ငါးများကို ဆွဲလျှက် ပြန်လာခဲ့သည်။ အောက်ကန်မှာ ရေချိုးဘို့ အများရေချိုးတဲ့ အရှေ့ကမ်းကို လာခဲ့သည်။ လမ်းမှာတွေ့တဲ့ ခင်ခင်ဦးက မျက်နှာလေး ကွယ်ကာ ကွယ်ကာနဲ့။ ဘာဖြစ်လို့လဲ။ အော် ငါ မနက်စောစော ငါးဖမ်းလာတာကို မကြည့်ရက်တာဖြစ်မယ်လို့ တွေးပြီး သူဖမ်းလာတဲ့ ငါးတွဲလေးကို တစ်ချက် မ- ကြည့်လိုက်သေးသည်။ ဟွန်း ။ ငါ့ဘာသာ ဖမ်းလာတာ သူများဥစ္စာ ခိုးလာတာ မှတ်လို့။ ဟော နောက်တစ်ယောက်။ ဒွေးတင်မေ

“ရွှေအိုး ဘယ်လိုဖြစ်လာတာလဲ”။

“ဘာဖြစ်လို့လဲ ဒွေးတင်မေရဲ့”။

“နင့်ကိုနင် ပြန်ကြည့်လေ ဘာဖြစ်နေလဲ သိချင်ရင်”။

“ဒွေးတင်မေကလည်း ငါးဖမ်းလာတာလေ။ ရွံပေ ရွံလူးတာ ဘာဆန်းလဲဗျ”။ ပြောပြောဆိုဆိုနဲ့ အရှေ့ကမ်းရောက်လာခဲ့သည်။ အဆင်ပြေလိုက်တာ။ လူရှင်းနေတာပဲ။ အရှေ့ကမ်းမှာထိုင်ပြီး ရွံပေနေတဲ့ ငါးများကို ရေဆေးလိုက်သည်။ ပြီးတော့ ရေနက်ထဲ ဆင်းပြီး ရေချိုးလိုက်သည်။ ကိုယ်မှာ လူးကပ်နေတဲ့ ရွံများကို ရေနဲ့ ပွတ်တိုက်ဆေးရင်း တစ်စုံတစ်ခုကို သတိထားမိလိုက်သည်။ ဟိုက် သွားပြီ။ ငါ့ ပုဆိုး။ ရွှေအိုးတစ်ယောက် နှဖူးမြွေပေါက်သလို ပျာပျာသလဲ ရှာသည်။ မတွေ့ ။ ဟူးးးးးးးးးးးးးးး ခက်ရပြီ။ ဘယ်တွေ့မှာလဲ ပုဆိုးက အထက်ကန်မှာ ငါးဖမ်းကတည်းက ကျွတ်ကျနေခဲ့တာလေ။ ရွံညွှန်တွေနဲ့ဆိုတော့ မသိလိုက်ဘူး။ ရွှေအိုးက သတိမထားမိခဲ့။ ခုမှ ခင်ခင်ဦးနဲ့ ဒွေးတင်မေတို့ မျက်နှာကို ပြန်မြင်ကာ ရှက်နေမိသည်။ တော်သေးတာပေါ့ ရွံတွေ ပေနေပေလို့။ အဲဒါက ဖြစ်ပြီးသား ကိစ္စ။ ခု ဘယ်လို အိမ်ကို ပြန်မလဲ။ ရေကလည်း နဲနဲ အေးလာချေပြီ။ တစ်ယောက်ယောက်ကို အကူညီတောင်းရမယ်။ ယောက်ျားလေး တစ်ယောက်ယောက်လာရင် တော်တော် ကောင်းမယ်ဟု ကြိတ်ပြီး ဆုတောင်းနေမိသည်။ ရွှေအိုး ဆုတောင်း ပြည့်သွားခဲ့ပါသည်။ ရောက်လာသည်က မသင်း။ သွားပြီ။ မတတ်နိုင်ဘူး။

“ဟဲ့ ရွှေအိုး မအေးဘူးလား”။

“အေးတယ် ဟီးးးးးး”။  

“ဘာဟီးလဲဟဲ့ ငါ့ကို နွားပွဲစား မှတ်နေလဲ”။

“ဟာ မသင်းကလည်း ပြောတော့မယ်ဗျာ”။

“ဟဲ့ ဒီငါးတွေက နင့်ဟာလား”။

“ဟုတ်တယ် ကျွန်တော် အထက်ကန်ထဲက ဖမ်းလာတာ”။

“အော် ရသားပဲ။ နင်က ငါးဖမ်းလည်း ရသေးတယ်နော်”။

“ဟုတ် ဒါနဲ့ မသင်း ကျွန်တော့်ကို တစ်ခုလောက် ကူညီပါလား”။

“ဘာကူညီရမှာလဲ။ နင်နော်”။

 “ဟာ မသင်းကလည်း တလွဲမတွေးပါနဲ့ဗျ”။

“အဲဒါဆို ဘာလဲ ပြော”။

“ဟိုလေ ကျွန်တော့်ကို အိမ်က ပုဆိုးတစ်ထည်လောက် ယူပေးပါလား”။

“နင် ဘာဖြစ်လို့လဲ၊ ပုဆိုးလဲစရာ မပါဘူးလား”။(လဲစရာမဟုတ်ဘူး ဘာမှကို မပါတော့တာ)။

“ဟုတ် ။ အဲဒါကြောင့်”။

“အော် ဒါဆို ရော့ရော့ နင် ဒီပုဆိုးယူသွား”။ (သူ့အဖေရဲ့ ပုဆိုးထင်တယ်)။

“အဲပုဆိုးကို လျော်မလို့နော်။

ချက်ချင်း ပြန်လာပို့” ။ ရွှေအိုးလည်း ၀မ်းသာအားရ သွားယူလိုက်သည်။ ၀မ်းသာစိတ်လွှမ်းပြီး သူအဖြစ်အပျက်ကို မေ့သွားခဲ့သည်။ “ ဟိုက် ရွှေအိုး နင်နင်” ။ ရွှေအိုး သတိရပြီး  “ ဟာ …..” ။ ရေနက်ထဲ ပြန်ဆင်းပြေးရသည်။ မျက်နှာပူပူနဲ့။ မသင်းက ပုဆိုးကို  လှမ်းပစ်လိုက်သည်။ ရွှေအိုးကို မကြည့် ။ ရွှေအိုးလည်း အဆင်ပြေသလို  ၀တ်လိုက်သည်။ ပြီးတော့ အိမ်ကို အတင်းပြေးတော့သည်။ ငါးတွဲယူဘို့ကိုပင် မေ့နေခဲ့သည်။ အိမ်ရောက် ပုဆိုးလဲပြီး မသင်းကို ပြန်လာပေးရသည်။ မသင်းက မကြည့်။ “ရွှေအိုးနင့် ငါးတွဲ” လို့ သတိပေးရှာသည်။ ကျေးဇူး မသင်း။ ငါးတွဲကို ဆွဲပြီး အမြန်ပြန်လာခဲ့သည်။ မသင်း မျက်စိထဲမှာတော့ ရွှေအိုးရဲ့ ပုံရိပ်က ဝေ့လည်ဝေ့လည် ဖြစ်နေမည်လား မသိ။ ရွှေအိုးကတော့ မနက်စောစော ချွေးစို့ နေသည်။

 

ဒီနေ့ မျက်နှာပူတာ ရှက်တာနဲ့ ဘယ်မှ မသွားဖြစ်။ မနက်ဖြစ် ပြန်တော့မှာမို့ ညတော့ နှုတ်ဆက်ရပေအုံးမည်။ တစ်အိမ်ဆင်း တစ်အိမ်တက်နဲ့ နှုတ်ဆက်လိုက်တာ တော်တော်လေး ညနက်သွားသည်။ အိမ်ပြန်ရောက်တော့ တစ်ခါတည်း ထိုးအိမ်လိုက်သည်။ ခေါ် ခလော ခေါ် ခလော။ ရွှေအိုးပြန်မယ်ဆိုတော့ လိုက်ပို့ကြတဲ့ သူငယ်ချင်းတွေ အမျိုးတွေက အများသား။ လိုင်းကားဂိတ်နဲ့ ရွာနဲ့ (၂)မိုင်ဝေးသည်။ ဆိုင်ကယ်နဲ့ လိုက်ပို့ချင်သူ လှည်းနဲ့လိုက်ပို့ချင်သူတွေ စကားများနေကြသည်။ မထူးတော့ပြီးမို့ မနက်စောစောကတည်းက ပျော်ပျော်ပါးပါး စကားပြောရင်း လမ်းလျှောက်သွားကြဘို့ ဆုံးဖြတ်လိုက်သည်။ ဒီလိုနဲ့ စကားပြောရင်း စရင်း နောက်ရင်း ကားဂိတ်သို့ ချီတက်ခဲ့ကြသည်။ မနက်စောစော စကားတပြောပြောနဲ့ လျှောက်လာလိုက်ကြတာ။ ကားဂိတ်ကို အစောကြီးရောက်သည်။ ကားထွက်မဲ့အချိန်က ၇း၀၀ တစ်စီး။ ၈း၀၀ နာရီ တစ်စီး။ လိုက်ပို့ကြတဲ့ သူတွေက အလုပ်ကိုယ်စီနဲ့မို့ ရွှေအိုးကို ကားဂိတ်ရောက်အောင် ပို့ပြီး ပြန်သွားကြသည်။ ၀ါးးးးးးးး အိပ်ချင်လိုက်တာ။ ညက သိပ် မအိပ်လိုက်ရ။ မနက်ကလည်း အစောကြီး ထရသည်။ ကားထွက်ဘို့လည်း မိနစ် ၃၀လောက်လိုသေးသည်။ ကားဂိတ်ရဲ့ အရှေ့ဘက်ခြမ်းက ခုံတန်းလေးပေါ်မှာ အိတ်ကို ကျကျနန နေရာချသည်။ ပြီးတော့ အိတ်ပေါ် ခေါင်းတင်ပြီး ခဏလှဲလိုက်သည်။ ဘယ်လို အိပ်ပျော်သွားသည် မသိ။ ပြန်နိုးလာတော့ ၇း၀၀ ကားက မရှိတော့။ ထွက်သွားပြီ။ ကိစ္စမရှိ။ နောက်တစ်စီး ရှိသေးသည်။ အချိန်ကြည့်လိုက်တော့ ၇း ၄၀။ ကဲ ဒီတစ်စီးတော့ အလွတ်ခံလို့ မဖြစ်။ ကားပေါ် တက်အိပ်နေလိုက်သည်။ လှုပ်စိ လှုပ်စိ ဆူညံ ဆူညံ ဖြစ်နေတာနဲ့ မျက်စိဖွင့်ကြည့်လိုက်တော့။ ဟိုက် ကားက ၈ ဖာလုံတောင် ရောက်နေပြီပဲ။ ခရီးသည်တွေလည်း ကားတစ်စီးပြည့်လုနီးပါးပဲ။ ဟားးးးးးးးး ရွှေအိုးကို ဘာမှတ်လဲ။ လူအ -မှတ်လို့။ ကားပေါ် တက်အိပ်နေလိုက်တယ်။  သူ့လုပ်ရပ်လေးကို တွေးပြီး ကျေနပ်ပြုံးလေး တစ်ချက်ပြုံးလိုက်သည်။ ပြီးတော့ ပြန်အိပ်လိုက်ခဲ့သည်။ ဝေါ……. ၊ ဒုန်း…. ဂလုန်း ဂျောင်း ဂျတ်။ (လမ်းမကောင်းတဲ့ ကားသံ)။ တစ်ယောက်ယောက်က လှုပ်နိုးသံကြောင့် နိုးလာသည်။  ကြည့်လိုက်တော့ ကျန်းမာရေး သွားသူက သွားကြသည်။ အကြော်ဆိုင်လေးမှာ အကြော်စားနေသူက စားနေကြသည်။ ငါ့တူ ကားခလေး လုပ်ပါအုံး- ဆိုတဲ့ အသံကြောင့် အိတ်ကို ရှာမိသည်။ ဟင် မတွေ့။ ဘယ်သူများ အလစ်သုတ်သွားပြီလဲ။ ဒါနဲ့ ကားပေါ် ကားတွင်း အကုန်လိုက်ရှာသည်။ ခရီးသည်တွေလည်း လှုပ်လှုပ်ရွရွ ဖြစ်ကုန်သည်။ ဘယ်လိုမှ ရှာမရ။ တစ်ဖြေးဖြေး တွေးရင်း တွေးရင်းနဲ့ အော်- ဟိုခုံပေါ် ကျန်နေခဲ့တာကိုး။ ကံကောင်းပါသည်။ ဆိုင်ကယ်တစ်စီး ။ တားလိုက်သည်။ ပြီးတော့ အကြောင်းစုံကို ပြောပြလိုက်သည်။ ဆိုင်ကယ်သမားက လက်ခံသည်။ ကားခကိုလည်း စိုက်ပေးထားသည်။ ဒါနဲ့ ဆိုင်ကယ်နဲ့ ပြန်လိုက်လာခဲ့သည်။ ကားဂိတ်ရောက်တော့ သူ့အိတ်ကို မတွေ့။ ဆိုင်ကယ်သမားက မယုံတဲ့ မျက်လုံးများနဲ့ ရွှေအိုးကို ကြည့်သည်။ အနေရခက်လိုက်တာနော်။ ငါ့ကို လူလိမ်လူညာ သူခိုးကြမ်းပိုးများ မှတ်နေလား မသိဘူး။ ဒါနဲ့ ဂိတ်မှူးကို မေးကြည့်သည်။ သူ သိမ်းထားသည်တဲ့။ ဟူးးးးးး တော်ပါသေးရဲ့။ ဒါနဲ့ ဆိုင်ကယ်ခရော စိုက်ပေးထားတဲ့ ကားခရော ပေးလိုက်သည်။ ခုမှ ဆိုင်ကယ်သမားမျက်နှာက ကျေးဇူးရှင်ကို ကြည့်တဲ့ အကြည့်မျိုးနဲ့။ တော်တော် မုန်းဘို့ ကောင်းလိုက်တာ။ ရွာလည်း မပြန်ရဲ။ ရှက်သည်။ ကားကလည်း တစ်နေ့မှ နှစ်စီးပဲ ထွက်သည်။ ကားဂိတ်က လ္ဘက်ရည်ဆိုင်မှာ တစ်နေ့ခင်းလုံး အချိန်ဖြုန်းနေလိုက်သည်။ ညအိပ်ဘို့။ ခက်ပြီး ဘယ်နားမှာ အိပ်ရမလဲ။ တည်းခိုခန်းလည်း မရှိ။ ဒါနဲ့ ရွာကို တစ်ယောက်တည်း ဆင်းလာခဲ့သည်။ နာရီကြည့်လိုက်တော့ ည ၇နာရီကျော်နေပြီ။ ရွာရဲ့တောင်ဘက် လယ်ကွင်းထဲမှာ ယိုင်တိ ယိုင်တိုင်နဲ့ လှုပ်ရှားနေတဲ့ ပုံရိပ်တစ်ခု။ ရွာထဲက သီးချင်းသံ ဗွီဒီယိုရုံက အသံတွေက ဆူဆူညံညံနဲ့။ တဖြေးဖြေးနဲ့ ရွှေအိုးသည် ယိုင်တိ ယိုင်တိုင် လှုပ်ရှားနေတဲ့ ပုံရိပ်အနား ရောက်လာသည်။ အော် စိုးဝေ ။ ဒီကောင် တော်တော်လေး သောက်တတ်နေပြီကိုး။ မနက်က လိုက်ပို့သည့် သူငယ်ချင်းတွေထဲမှာ စိုးဝေပါသည်။ သူ့ကို အသောက်လျော့ဘို့တောင် မနက်က ပြောဖြစ်သေးသည်။ ခုတော့ ကိုယ်တိုင် မြင်နေရသည်။

“ဟေ့ကောင် စိုးဝေ”။

“ဘယ်သူလဲကွ နာ့မည် ခေါ်တာ”။

“ဟားးးးးး သိချင် ကြည့်ပေါ့ဟ”။

စိုးဝေရဲ့ မျက်နှာရှေ့မှာ ခပ်တည်တည် ရပ်နေလိုက်သည်။ အမူးသမားလေး စိုးဝေက မျက်စိကို ပွတ်သပ်ပြီး ကြည့်လိုက်သည်။

“ဟားးးးးးးးး ရွှေအိုးးးးးးးးးးးးးးး”

ဝမ်းသာအားရ ရယ်နေရင်းက ဘာကို တွေးမိလိုက် သတိရမိလိုက်သည် မသိ။

“ဟာာာာာာာ   သရဲ………….”

စိုးဝေ တစ်ယောက် အမူးကို ပြေသွားသည် ထင်ရဲ့။ ရွာကို တန်းနေအောင် ပြေးသည်။ ဟားးးးးးးးးးးးးးးးးး ။ စိုးဝေမှာ အမြီးတာ ပါမယ်ဆိုရင် တော်တော် ကြည့်ကောင်းမှာပဲ။ အမူးသမား အရူးလားသို့။ စိုးဝေ တစ်ယောက် မူးပြီး ရူးသွားပြီးထင်သည်။ ခိခိ။

အမှန်တကယ်တော့ စိုးဝေ မရူးပါ။ ရွှေအိုး မနက်စောစောက ကားဂိတ်ကို လမ်းလျှောက်သွားခဲ့တာပါ။ လမ်းမှာ ပိုးထိပြီး ဆုံးသွားခဲ့တာလေ။ ဟာသမင်းသားလေး ရွှေအိုး၊ အလွဲလွဲ အချော်ချော်တွေးတတ်တဲ့ ရွှေအိုး။ ခုတော့ ----------

 

(ကဲ သယ်ချင်းတို့ရေ ရွှေအိုး အပိုင်း (၁/၂)ကို တင်ထားတာ ကြာခဲ့ပါပြီ။ စာရေးချင်စိတ် ပေါ်လာလို့ ရွှေအိုးအပိုင်း (၃) ဇာတ်သိမ်းပိုင်းကို ရေးတင်လိုက်ပါတယ်။ အားပေးကြပါအုံးနော်)။

 

အားလုံးကို

ခင်မင်စွာဖြင့်

စံလင်း

၂၁.၂. ၂၀၁၃


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>