မေတ္တာစစ်နဲ့ ဘယ်လိုချစ်မလဲ (၁)
တစ်ချို့ကရနံ့မွေးလို့၊ တစ်ချို့ကလှလို့။ ပန်းချင်းတူတာတောင် လှပပြီး ရနံ့ရှိတဲ့ပန်းလေးတွေကိုမှ နှစ်သက်မြတ်နိုးတန်းဖိုးထားကြတာ သဘာဝ ပါ။ ဘ၀ကပန်းတစ်ပွင့်ဆိုရင် လူတွေရဲ့နှစ်သက်မြတ်နိုး တန်ဖိုးထားမှု ကိုရရှိဖို့အတွက် လှပပြီး ရနံ့သင်းဖို့တော့လိုမှာပေါ့။ ကွဲပြားတဲ့အလှ တရားရဲ့အပေါ်မှာ မတူညီတဲ့တက်မက်စရာတွေ ရှိပါတယ်။ စိတ်ကိုပြင် တဲ့အလှနဲ့ ရုပ်ကိုပြင်တဲ့အလှမှာလဲ ခြားနားတဲ့ အလှကိုယ်စီ ရှိပါတယ်။
အားလုံးကတော့ ချစ်နေကြတာချည်းပါပဲ။ ဒါပေမယ့် မချစ်တတ်လို့ အချစ်တွေငတ်နေကြတယ်။ ဒါဆို အချစ်တွေမငတ်အောင် ချစ်တတ်ဖို့တော့ လိုမှာပေါ့။ ချစ်ခြင်းရဲ့နောက်ကွယ်မှာ အရင်းခံအကြောင်းတရားတွေရှိပါတယ်။ အဲဒီမတူကွဲပြားတဲ့အကြောင်းခံတရားတွေအပေါ်မူတည်ပြီး အချစ်တွေလဲ အမျိုးမျိုးကွဲလွဲသွားကြတယ်။ လင်မယားချစ်၊ သမီးရည်းစားချစ်၊ သူငယ်ချင်းချစ်၊ မောင်နှမ ချစ်၊ မိသားစုချစ်၊ မိဘချစ်စသည်ဖြင့် အချစ်တွေကွဲသွားကြပါတယ်။ ဘယ်အချစ်ပဲဖြစ်ဖြစ် မေတ္တာစစ်နဲ့ ချစ်တတ်မှ အဲဒီအချစ်ကခိုင်မြဲမှာပါ။ မေတ္တာစစ်နဲ့ချစ်ဖို့ကလဲ အတော်ခက်ပါတယ်။ စွန့်လွတ်အနစ်နာ ခံခြင်း ပေးဆပ်ခြင်း ခွင့်လွတ်သည်းခံခြင်းစတဲ့ ရိုးစင်းသောချစ်ခြင်းမှာ အရောင်အဆင်း အစွန်းအထင်း အထင်သေးခြင်း အထင်ကြီးခြင်း ပိုင်ဆိုင်လိုခြင်းစတဲ့ ဂုဏ်ပကာသနတွေမပါပါဘူး။
မေတ္တာစစ်နဲ့ချစ်တတ်အောင် မိမိရဲ့အချစ်ကို ပြန်ဆန်းစစ်ရမယ်။ အားလုံးသိကြတဲ့အတိုင်း ဘုရားဟော အချစ်သုံးမျိုးကတော့ တဏှာပေမ၊ ဂေဟဿိတပေမ၊ မေတ္တာပေမတို့ပါပဲ။ ဒီနေရာမှာ မိဘနဲ့သားသမီး အကြား ချစ်ခြင်းတရားတွေကို စစ်တမ်းထုတ်မှာဖြစ်တဲ့အတွက် တဏှာပေမကို ချန်ထားရအောင်။ သားသမီးအပေါ်ထားတဲ့မိဘမေတ္တာမည်သည် ဘယ်လိုအကြောင်းကြောင့်မှ ကုန်ဆုံးပျက်စီးခြင်းမည်သည် မရှိ။ သို့သော် မိဘတို့ရဲ့ချစ်ခြင်းကို စစ်တမ်းမထုတ်ပဲချစ်ခဲ့ကြလို့ မိဘမေတ္တာရေစီးကမ်းပြိုဖြစ်သွား တာတွေတော့ အများကြီးပါ။ မေတ္တာစစ်နဲ့ချစ်ဖို့အတွက် ကိုယ့်ရဲ့မေတ္တာကို စစ်တမ်းထုတ်ဖို့ တော့လိုမည်။
မိဘက သားသမီးအပေါ်ချစ်တဲ့၊ ဆရာက တပည့်အပေါ်ချစ်တဲ့ လင်ကမယားအပေါ်ချစ်တဲ့၊ မယားက လင်အပေါ်ချစ်တဲ့ တာဝန်အရ ၀တ္တရားအရချစ်တာမျိုးကို ဂေဟဿိတပေမခေါ်တာပါ။ မချစ်တတ်ရင်သာ ရှိမယ် အများစုမိဘတို့မှာ မိဘတာဝန်တွေကျေကြပါတယ်။ မိဘတို့အလုပ်လုပ်နေတယ်ဆိုတာလဲ သားသမီးတို့အတွက်ပါပဲ။ သားသမီးကိုမုန်းတဲ့မိဘဆိုတာမရှိပေမယ့် မိဘတွေမချစ်တတ်လို့ နစ်ရာရောက် သွားတဲ့ သားသမီးတွေတော့ အများကြီးပါပဲ။
မေတ္တာပေမကတော့ ရန်သူမိတ်ဆွေ၊ ကြောသားရင်သားမခွဲခြားပဲ တပြေးညီမေတ္တာထားပြီးချစ်တဲ့ အမြင့်မြတ်ဆုံး အချစ်မျိုးပါ။ ဒီအချစ်ကတော့ မြင့်မြတ်တဲ့ပုဂ္ဂိုလ်များမှ ထားနိုင်တဲ့မေတ္တာမျိုးပါ။ ဒီနေရာမှာ မိဘနဲ့သားသမီးအကြားထားရှိတဲ့ ဂေဟဿိတချစ်ခြင်းကိုပဲ စစ်တမ်းထုတ်ကြည့်ရအောင်။ ဘယ်မိဘမဆို သားသမီးအပေါ် တာဝန်ထက်ပိုတဲ့အချစ်တွေနဲ့ ချစ်ကြတာချည်းပါပဲ။ ဒါပေမယ့် အဒီအချစ်ကို စစ်တမ်းထုတ်ပြီး မချစ်တတ်ရင်တော့ မေတ္တာစစ်နဲ့ချစ်ရာဘယ်ရောက်မလဲ။
သားသမီးကြောင့် မိဘတွေစိတ်သောကရောက်ကြရတယ်ဆိုတာ အဲဒီလိုမစီစစ်ခဲ့ကြလို့။ သောက်ရေတော့သောက်ရေပါပဲ။ ရေစစ်နဲ့စစ်ပြီးထည့်တာမဟုတ်တော့ သောက်ရင် အမှိုက်တွေပါတာပေါ့။ သားသမီးတော့သားသမီးပါပဲ။ ဘယ်လိုမေတ္တာမျိုးနဲ့ချစ်ရမယ်ဆိုတာ စစ်တမ်းထုတ် မချစ်တတ်ခဲ့တော့ စိတ်ဆင်းရဲစရာတွေနဲ့ ကြုံရတာပေါ့။ သားသမီးတွေဆိုးတယ်၊ လိမ္မာတယ်ဆိုတာ မိဘတွေပုံစံသွင်းခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေအပေါ်အခြေခံပြီး ဖြစ်လာရတာပါ။
မိဘတွေမှာ အကြောင်းကြောင်းတွေကြောင့် မိဘတာဝန်မကျေခဲ့သည့်တိုင် ချစ်ခြင်းမေတ္တာတွေကတော့ နဲနဲလေးမှရော့နဲမသွားပါဘူး။ တိုးတိုးပြီးတော့ချစ်နေတာချည်းပါပဲ။ မိဘတိုင်းက သားသမီးကိုချစ်တယ်။ ချစ်တဲ့မိဘတိုင်းကလဲ သားသမီးကြောင့် စိတ်သောကရောက်ကြရတယ်။ မိဘတွေရဲ့ သားသမီးအပေါ် စည်းလွတ်ဝါးလွတ်ချစ်တတ်ခြင်းက သားသမီးကြောင့် မိဘတွေစိတ်ဆင်းရဲ့ရခြင်းရဲ့ အကြောင်းလေလား။ မိဘတွေရဲ့ စည်းမဲ့ကမ်းမဲ့ချစ်ခြင်းမေတ္တာတွေကြောင့် ချစ်ရာမရောက်ပဲ နစ်ရာရောက်သွားကြတဲ့ သားသမီးတွေ အများကြီးပဲ။ မြန်မာစကားပုံမှာတော့ “သားသမီးကောင်း မကောင်း၊ မိဘခေါင်း”လို့ရှိတယ်။ ဘုရားဟော မိဘ၀တ္တရားငါးပါးထဲမှာလဲ “မကောမြှစ်တာကောင်းရာညွန်လတ်” စသည်ဖြင့် ပါပြီးသားပါ။
တစ်ခါတစ်လေကျ မိဘနဲ့သားသမီးအကြားမှာ ညှိလို့မရတဲ့ကြိုးလေးတွေရှိတယ်။ နားလည်မှုတွေ လွဲနေတတ်တယ်။ အမြင်ခြင်းမတူတာတွေ၊ သဘောထားမတိုက်ဆိုင်မှုတွေ ရှိနေတတ်တယ်။ သံစဉ်မညီရင် ထွက်လာတဲ့တေးသွားလေးတွေ နားဝင်ဘယ်ချိုမလဲ။ တကယ်တော့ မိဘနဲ့သားသမီးကြား ရှိတတ်တဲ့အဖုအထစ်ဆိုတာလဲ ဟနေတဲ့ကွက်လပ်လေးတွေ ညီအောင်မဖြည့်တတ်ခဲ့လို့ပါ။ တစ်ချို့ မိဘကြတော့လဲ မိမိရဲ့အတ္တကိုရှေ့တန်းသိပ်တင်တတ်ကြတယ်။ တစ်ချို့ကြတော့လဲ သားသမီးရဲ့ဆန္ဒကို လိုက်လျောလွန်းအားကြီးကြတယ်။ ကိုယ့်အတ္တက သားသမီးရဲ့ဘ၀ကို လွမ်းမိုးမသွားဖို့လိုသလို၊ သားသမီး ဆန္ဒနောက်ကို စေတနာတွေရေစီးကမ်းပြိုဖြစ်ပြီး ဘ၀တွေနစ်မွန်းမသွားမိစေမိဖို့ပါပဲ။
လောကမှာ ဘိန်းကောင်းကျောက်ဖိသားသမီးတွေလဲ အများကြီးပါ။ ဒါပေမယ့် ဇာတ်တော်တစ်ခုမှာတော့ မဟာသာလကပုဏ္ဏားရဲ့သားလေးယောက်က ချွေးမတွေနဲ့ပေါင်းပြီး အဖေမသေခင် အမွေတွေခွဲကြတယ်။ ဆင်းရဲမွဲတေသွားတဲ့အဖေအိုကြီးကို ပြုစုလုပ်မကြွေးချင်ကြတော့ အိမ်ကနေနှင်ထုတ်ခဲ့ကြတယ်။ နောက် ဆုံးလမ်းဘေးတောင်းစားရတဲ့အထိဖြစ်ခဲ့တယ်။ ဒီဇာတ်တော်ကိုကြည့်ရင် မိဘကျေးဇူးကမ်းတဲ့ သားမိုက်တွေလို့ ထင်မြင်သုံးသပ်ကြမှာပဲ။ မိဘမေတ္တာကို စစ်တမ်းထုတ်ပြီး မချစ်တတ်ခဲ့လို့၊ ဒါမှမဟုတ် မိဘရဲ့ဆုံးမသွန်သင်မှုအားနည်းခဲ့လို့ သားသမီးတွေဆိုးသွားတာလို့ မြင်မိမယ်မထင်ပါဘူး။
ဥယျာဉ်မှုးတစ်ယောက်အနေနဲ့ ကိုယ်ပျိုးထားတဲ့ပန်းက ဘယ်အမျိုးစားလဲဆိုတာလောက်တော့ ခွဲခြား သိသင့်တာပေါ့။ ဒါမှလဲပဲ ပြုစုပျိုးထောင်တဲ့နေရာမှာ ပိုထိရောက်တော့မှာပေါ့။ ပုတ္တသုတ်မှာ ဘုရားဟော ထားတာကတော့ အတိဇာတ- မိဖတို့ထက် သီလပညာသာတဲ့သား၊ အ၀ဇာတ- မိဘခြေရာနင်းနိုင်တဲ့သား၊ အနုဇာတ- မိဘထက် အစစအရာရာနိမ့်ကျတဲ့သားဆိုပြီး လောကမှာ သားသမီးသုံးမျိုးရှိပါတယ်။ ကွဲပြားတဲ့ သားသမီးတွေအပေါ်မှာ ခွဲခြားပြီးချစ်တတ်မှလဲ လွဲမှားတဲ့အဖြစ်တွေနဲ့ မကြုံရမှာပေါ့။ ဘယ်မိဘဆို ကိုယ့်သားသမီးကို မိမိထက်တော်စေ တတ်စေချင်ကြတာ ချည်းပါပဲ။ ဒါပေမယ့် ကိုယ့်သားသမီးဘယ်အထဲ ပါတယ်ဆို မသိကြတော့ခက်တယ်။
လောကနီတိအဆိုအရဆိုရင်တော့ “အကြင်အမိနှင့်အဖသည် သားငယ်ကို အတတ်ပညာသင်မပေး။ အတတ်ပညာသင်၍မပေးသော အမိအဖသည် ရန်သူမည်၏။ ထိုအတတ်ပညာမရှိသောသူသည် ဟင်္သာတို့ အလယ်၌ ဗျိုင်းကဲ့သို့ သဘင်အလယ်တွင်မတင့်တယ်”ဟူ၍လည်းကောင်း၊ “အမိမြတ်သောသူ အား ကောင်းသောစကားရှိ၏။ အဖမြတ်သောသူအား ကောင်းသောအမှုအကျင့်ရှိ၏။ နှစ်ပါးစုံမြတ် မှု ကောင်းသောစကားလဲရှိ၏၊ ကောင်းသောအမှု အကျင့်လဲရှိ၏”ဟူ၍လည်းကောင်း ဆိုထားပါတယ်။
အချစ်တွေဘယ်လောက်များများ မိဘနဲ့သားသမီးအကြားမှာတော့ ရယူခြင်းနဲ့ ပေးဆပ်ခြင်းအချစ်ဆို ပြီး နှစ်မျိုးထဲပဲရှိတာပါ။ မိဘတို့အလိုလိုက်လွန်းတဲ့သားသမီး မပျက်စီးခဲ့သည့်တိုင် ထက်မြက်ထူးချွန်တာ ရှားပါတယ်။ ဘယ်သားသမီးမဆို ဘ၀ခရီးလမ်းကို မိဘထွင်ပေးတဲ့လမ်းကနေ စလျောက်ကြရတာချည်း ပါပဲ။ ဒါကြောင့် သားသမီးတို့လိုအပ်တဲ့ ရုပ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုတွေပေးပြီးတော့ ချစ်တတ်ကြသလို၊ စိတ်ပိုင်းဆိုင်ရာအားဆေးတွေတိုက်ကြွေးပြီးတော့လဲ ချစ်တတ်ကြပါစေ။ လှပပြီး ရနံ့သင်းတဲ့ပန်းလေးတွေ ပွင့်လန်းစေဖို့အတွက် မေတ္တာကိုစစ်တမ်းထုတ်ပြီးလဲ ချစ်နိုင်ကြပါစေ။ ပြုစုစောင့်ရှောက်ခြင်း၊ ယုယ ကြင်နာခြင်း၊ သွန်သင်ဆုံးမခြင်း၊ လမ်းညွန်ပြသခြင်းတို့ဖြင့် အရွယ်ပိုင်းခြားအလိုက် ခွဲခြားပြီး ချစ်နိုင်ကြပါစေ..။
(သားသမီးတို့ မိဘနှစ်ပါးကိုမေတ္တာစစ်နဲ့ဘယ်လိုပြန်ချစ်မလဲ…..ဆက်ရန်)
(အဆုံးမသတ်နိုင်သေးတဲ့ ရေးလက်စရေးဆဲ၊ တွေးလက်စတွေးဆဲ အက်ဆေးတွေတော့ရှိတယ်။ ဒိုမိန်းအလှူရှင်တွေနဲ့ ဘလော့ပရိသတ်ကြီးကို အားနာမိပါကြောင်း။ ကြိုးစားပြီး ရေးပါဦးမည်)
ချမ်းမြေ့ပါစေ