မှတ်ချက် ။ ။
မိမိကိုယ်တိုင်သည်လဲ
ကျွမ်းကျင်သောကဗျာဆရာတစ်ယောက်မဟုတ်ပါ လေ့လာနေဆဲသာဖြစ်ကြောင်းကြိုတင်ဝန်ခံအပ်ပါသည် ။
ဆရာတစ်ယောက်အနေဖြင့်ရေးသားခြင်းမျိုးမဟုတ်ပါ မြန်မာ့ရိုးရာကဗျာအကြောင်းအနည်းငယ်မျှနားမလည်ပဲ
စမ်းတ၀ါးဝါးရေးနေပါသောသူငယ်ချင်းများ လေ့လာလိုသောသူငယ်ချင်းများကို မြန်မာ့ရိုးရာကဗျာ၏သဘောကို
အနည်းငယ်နားလည်သွားကြစေရန်သာရည်ရွည်ပါသည် ။
စာသံပေသံဖြင့်မဟုတ်ပဲ နေ့စဉ်သုံးစကားလုံးများဖြင့်သာအခြေခံအဖြစ်နားလည်အောင်ရှင်းထားခြင်းဖြစ်
ပါသည် ။
အပြည့်စုံကိုမိမိ၏ဆရာတစ်ဖြစ်လဲ ဆရာ့ဆရာ ဥဟယ်၏
“မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား” ဟူသော ဆောင်းပါးကို ဖတ်ရှုလေ့လာခြင်းဖြင့်သင်ယူနိုင်ကြပါသည် ။
အလွယ်ဆုံးလေးလုံးစပ်ကဗျာအကြောင်းအနှစ်ချုပ်
မိမိအနေဖြင့်မြန်မာကဗျာအမျိုးအစားများထဲတွင်လေးလုံးစပ်ကိုအလွယ်ဆုံးအဖြစ်သတ်မှတ်ထားပါတယ် လေးလုံးစပ်ကဗျာတွင်
တစ်ပိုဒ်လျှင်လေးလုံးစီပါရမှာဖြစ်တယ် အသိမ်းမှာ သုံးလုံး သို့မဟုတ် လေးလုံး သို့မဟုတ် ငါးလုံး
သို့မဟုတ်ခုနှစ်လုံးဖြင့်သိမ်းနိုင်ပါတယ် ။
ခုနှစ်လုံးသိမ်းရာတွင်(ခုနှစ်လုံးချရာတွင်)ရှေ့လေးလုံးနှင့်နောက်သုံးလုံးတစ်ဆက်တည်းဖြစ်ရပါမယ် ။
ဝါကျတစ်ကြောင်းတည်းဖြစ်ရမယ် ခွဲရေးထားတာ သို့မဟုတ် ဝါကျတစ်ကြောင်းတည်း မဖြစ်ရင်တော့
သုံးလုံးနဲ့သိမ်းတာ(သုံးလုံးချ)ဖြစ်သွားပြီး ကာရန်စပ်ပေးရမှာဖြစ်ပါတယ် ။
ခုနှစ်လုံးမှာ တစ်ဆက်တည်း သို့မဟုတ် ၀ါကျတစ်ကြောင်းတည်းဖြစ်နေပါက ထိုခုနှစ်လုံးအတွင်း
ကာရန်လိုက်စပ်ရန်မလိုပါ လေးလုံးစပ်တွင် ဂရုသံလဟုသံခွဲရန်မလိုပါသဖြင့်
လွယ်ကူသောစပ်နည်းဟုဆိုနိုင်ပါတယ် ။
မြန်မာ့ရိုးရာကဗျာတစ်ပုဒ်ဖြစ်နိုင်ရန်လိုအပ်ချက်များ
ကဗျာတစ်ပုဒ်တွင် ကာရန်ကောင်းခြင်းသာမက အဓိပ္ပာယ်ကောင်းရန်လဲလိုအပ်ပါတယ် ။
ကာရန်ကိုအပီယူရန် မဆိုင်သောစကားလုံးများစကားစုများထည့်သွင်းခြင်းတို့ကြောင့်
အဓိပ္ပာယ်ပျောက်တတ်ပါတယ် ။
ကဗျာအသက်ဝင်စေရန် အဓိပ္ပာယ်ပေါ်လွင်စွာဖြင့်
ကာရန်ယူတတ်ပါမှ မြန်မာ့ရိုးရာကဗျာတစ်ပုဒ်အဖြစ်အသက်ဝင်လာမှာဖြစ်ပါတယ် ။
ထို့အပြင် “သူတို့” “သူ”အစရှိသော မတိကျသောစကားလုံးများထည့်သွင်းခြင်းကိုလဲရှောင်ကြဉ်ရပါမယ် ။
စာလုံးပေါင်းသတ်ပုံမှန်ရန်လဲလိုအပ်ပါတယ် ။ ( မိမိကိုယ်တိုင်ခဏခဏမှားပါသည် သေချာစိစစ်ပြီးမှရေးပါရန် )
ကဗျာကောင်းတစ်ပုဒ်ဖြစ်ရန် ဒေါသသင့်ခြင်းကိုလဲရှောင်ကြဉ်ရပါမယ် ။
ဒေါသသင့်ခြင်းဆိုသည်မှာ ရှေ့ပိုဒ်မှကာရန်စကားလုံးကို နောက်တစ်ပိုဒ်တွင်ပြန်သုံး၍ကာရန်စပ်ခြင်းသို့မဟုတ်
တစ်ပိုဒ်ကျော်မှကာရန်ယူရန်နေရာတွင် အသုံးပြုခြင်းမျိုးကိုဆိုလိုတာဖြစ်တယ် ။
ဥပမာ- “တမ်းတနေဆဲ လွမ်းနေဆဲပင်” ထိုသို့ပထမပိုဒ်တွင် ကာရန်ယူရန်နေရာ ၄နေရာနှင့် ဒုတိယပိုဒ်တွင်
ကာရန်ယူရန်နေရာ
၃နေရာတွင်”ဆ*“နှစ်လုံးထပ်၍ကာရန်ယူခြင်း သို့မဟုတ် “မှန်းမျှော်နေဆဲ တမ်းတမြဲပင် လွမ်းဆဲရင်မှာ” ထိုကဲ့သို့
ပထမပိုဒ်
ကာရန်ယူရန်နေရာ ၄နေရာမှ”ဆ*“ကို တတိယပိုဒ်တွင် ကာရန်ယူရန်ပြန်သုံးခြင်းမျိုးကို ရှောင်ကြဉ်ကြရပါမယ် ။
၎င်းအချက်များမှာ လေးလုံးစပ်အတွက်သာ ဖြစ်ပါတယ် ကျန်ကဗျာများအတွက်ဆိုက
ဒီထက်မကကျန်ပါသေးတယ်ရှင် ......... ။
ကာရန်စပ်နည်း
ကာရန်စပ်သောအခါ အသံတူသို့မဟုတ်အဆုံးသတ်စာလုံးပေါင်းတူသည်များဖြင့်စပ်ရပါတယ် ။
အသံတူဆိုသည်မှာ ထွက်သောအသံတူသည်များကိုဆိုလိုပါတယ် ။ ( ဥပမာ – “ နီ ”နှင့်" မြည် ” )
အဆုံးသတ်စာလုံးပေါင်းတူဆိုသည်မှာအသံထွက်အနည်းငယ်လွဲသော်လည်း စာလုံးပေါင်းအဆုံးသတ်
တူသည်ကို ဆိုလိုပါတယ် ။
( ဥပမာ- " သည် " နှင့် " လည် ” အသံထွက်လျှင် သီ နှင့် လယ် ဟုဖြစ်သွားသည် )
ကာရန်တူယူနိုင်သောအသတ်
ကသတ် = ခ် ၊ ဂ် ၊ ဃ်
စသတ် = ဆ် ၊ ဇ် ၊ စ်ျ
ညသတ် = သဝေထိုးသံ ၊ နောက်ပစ်သံ( ဥပမာ – ရှည် = ရှေ )
တသတ် = ဋ ၊ ဋ္ဌ ၊ ဍ ၊ ဎ ၊ ထ ၊ ဒ ၊ ဓ ၊ သ
နသတ် = ဏ ၊ ရ ၊ လ ၊ ဟ ၊ ဋ္ဌ
ပသတ် = ဖ ၊ ဗ ၊ ဘ
အထက်ပါအသတ်များကိုကာရန်ယူနိုင်သည် ။ ( ဥပမာ – ခက်နှင့်မင်္ဂ )
မှတ်ချက် – ကသတ် နှင့် တသတ် ကို အသတ်ကာရန်ယူ၍ မရပါ အမှားများပါသည် ။ ( မိမိ အပါအဝင် )
သက်စေ့နှက်သုံးချက်ညီစပ်နည်းအသုံးပြုပုံ
မြန်မာရိုးရာကဗျာအတွက် အခံကာရန်စပ်နည်း၆ပါးရှိပြီးတော့ အဲဒီထဲမှာ အလွယ်ဆုံးနဲ့ အသုံးများဆုံးနည်းက
၎-၃-၂ လို့အများခေါ်ကြတဲ့
သက်စေ့နှက်သုံးချက်ညီစပ်နည်းပဲဖြစ်ပါတယ် ။ အဲဒီနည်းမှာ ပထမပိုဒ်က၄နေရာ ဒုတိယပိုဒ်က၃နေရာ
တတိယအပိုဒ်က၂နေရာ မှာကာရန်ယူပြီးစပ်ရပါတယ် ။
( အခြေခံဖြစ်ပါသဖြင့် ဤမျှသာရှင်းထားပါသည် ။
ဝမ်းတွင်းကာရန်အတွက်ဆက်လေ့လာလိုပါက " မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား ”
တွင် သွားဖတ်ပါရန် ဝမ်းတွင်းကာရန်မပါသဖြင့် ကဗျာမပျက်သော်လည်း ဝမ်းတွင်းကာရန်ပါခဲ့ပါက
အလွန်ကောင်းမွန်သောကဗျာတစ်ပုဒ် ဖြစ်လာနိုင်ပါသည် ။ စပ်ရတာလဲပိုပြီးခက်ခဲလာပါမည် ။ )
ဥပမာ -
မဲဇာတောင်ခြေ
စီးတွေတွေတည့်
မြစ်ရေဝန်းလည်
မြိုင်တောဆီက
ရွှေပြည်ကိုသာ .........
အထက်ပါကဗျာတွင် ပထမပိုဒ်၎နေရာမှ “ခြေ” ဒုတိယပိုဒ်၃နေရာမှ “တွေ” တတိယပိုဒ်၂နေရာမှ “ရေ”
ကိုကာရန်ယူလိုက်တယ် ပြီးတော့တတိယပိုဒ်ကို ပထမပိုဒ်အဖြစ်ပြန်ယူရပါတယ် ဆိုလိုသည်မှာ
“မြစ်ရေဝန်းလည်“ ဆိုသောအပိုဒ်တွင်
၎-၃-၂အဆုံးသတ်အဖြစ် “ရေ”ကိုယူရရုံသာမက ၄-၃-၂အစအဖြစ် ၄နေရာတွင်
“လည်”ကိုပြန်တည်ပြီးနောက်မှ “ဆီ”နှင့်”ပြည်”ကို ၃-၂
လိုက်ယူလိုက်တယ် ။
အဲဒီလိုဆက်တိုက်စပ်ပြီးရေးပေးသွားရပါတယ် မမေ့ဖို့က၂ဆုံးတဲ့ အပိုဒ်မှာ ၄ပြန်တည်ဖို့ ပါပဲ ။
၎ - ၃ - ၂ ပုံကြမ်း
- – - *
- – * -
- * – +
- – + -
- + – -
အထက်ပါအချက်တွေနဲ့ကိုက်ညီရင်နည်းမှန်တဲ့ အခြေခံအဆင့်ရှိတဲ့ ရိုးရာကဗျာတစ်ပုဒ်ကိုရေးနိုင်ပြီပဲ
ဖြစ်ပါတယ် ။
ကဗျာတစ်ပုဒ်ရေးပြီးတိုင်းမှာအနည်းဆုံးရှစ်ခါပြန်ဖတ်ပြီးစစ်ရမယ် ။ အမှားရှာရမယ် ဝေဖန်သုံးသပ်ရမယ် ။
( စာလုံးပေါင်းမှန်မမှန် ကာရန်ကိုက်မကိုက် အဓိပ္ပာယ်ပေါ်မပေါ် )
ကဲကဗျာလှလှလေးတွေမွေးထုတ်ကြရင်း မှေးမှိန်နေတဲ့ မြန်မာ့ရိုးရာကဗျာရေးနည်းကို
ထိန်းသိမ်းပေးသွားနိုင်ကြပါစေရှင် ......... ။
ကိုးကား – ဥဟယ်၏ ခရမ်းပြာကြယ်စင်လှိုင်းခတ်သံများ နှင့် ဆရာများစွာ၏ဆုံးမစကားများ