ကျွန်တော်အလုပ်သောဆိုင်သို့  မနက်တစ်ခါ ညတစ်ခါ အမြဲထမင်းလာစားသောအန်ကယ်ကြီးနှင့် အန်တီကြီးကို သတိထားမိသည် ။ စားစရာများကိုစားလျှင်လည်း သူတို့ ထိုင်နေသော စာပွဲလေးတွင်
အိမ်မှာထမင်းစားသကဲ့သို့  အေးအေး လူလူ စားတတ်သည်။
ထူးခြားချက်က ငါးဟင်း ကြက်သားဟင်းများဆိုလျှင် အန်ကယ်ကြီးက အသားထွင်ကာ အန်တီကြီး ပုဂံထဲ တယုတယ ထည့်ပေးတတ်ခြင်းဖြစ်သည် ။ သူတို့ နှစ်ယောက်ထမင်းစားလျှင်လည်းရေနွေးကြမ်းတစ်အိုးမှာသောက်တတ်ပြီး လ္ဘက်ရည်ပုဂံထဲသို့  ရေနွေးငှဲ့ ကာ အအေးခံသောတာဝန်ကိုအန်တီကြီးကယူသည် ။ ပြီးလျှင် ပြုံးပြုံး ရွှင်ရွှင် နှင့် ထမင်းလည်းစား စကားလည်းပြောနှင့်မို့  သူတိုနှစ်ယောက်ထမင်းဝိုင်းလေးကိုကြည့်ရတာ တစ်မျိုးစိတ်ချမ်းသာစရာကောင်းနေသည်။
ထိုမြင်ကွင်းကိုမြင်ရဖန် များလာသောအခါ ကျွန်တော့်စိတ်တို့  ထိမ်းမရတော့ သိချင်စိတ်ပြင်းပြ လာသဖြင့် နားရက်တစ်ရက်တွင်ထမင်းလာစားသောအချိန်တွင်သွားတွေ့ ကာ အောက်ပါအတိုင်းစကားဝိုင်းဖွဲ့ မိပါတော့သည် ။။
** အန်ကယ် မင်္ဂလာပါ ကျွန်တော်ထိုင်မယ်နော် **
** အေးကွယ် မင်္ဂလာပါ ထိုင်ပါ ငါ့တူဒီနေ့ အလုပ်မဆင်းဘူးလား **
** ဟုတ်ကဲ့ ဒီနေ့  ကျွန်တော့်နားရက်ပါ အန်ကယ်ကြီးကို ကျွန်တော်သိချင်တာတစ်ခု မေးချင်လို့ လာတွေ့ တာပါ**
** အင်း မေးလေ ဘာသိချင်လို့ လဲ **
** မမေးသေးပါဘူး အန်ကယ်တို့  ထမင်းအရင်စားကြပါဦး ပြီးတော့မှကျွန်တော်မေးပါ့မယ် **
သူတို့ နှစ်ယောက်စားပြီးအောင်ကျွန်တော်စောင့်နေလိုက်ပါသည် ။ ခဏအကြာ အန်ကယ်ကြီးက ။
** ကဲ ငါ့တူ ဘာသိချင်လဲမေးတော့ ရပြီ **
** အန်ကယ်အသက်ဘယ်လောက်ရှိပြီလဲ**
** အန်ကယ့်အသက်က ၇၆ နှစ်ပါ **
** အန်တီအသက်ကရော **
** အန်တီက ၇၂ နှစ်ပါ **
** အန်ကယ်တို့  ဘယ်အသက်အရွယ် လောက်က အိမ်ထောင်ပြုခဲ့ကြတာလဲ**
** အန်ကယ် အသက် ၂၂ အန်တီ ၁၈ နှစ်မှာ အန်ကယ်တို့ လက်ထပ်ခဲ့ကြတာပါ
** ဟာ ဒါဆိုအဲ့ဒီ အချိန်က အန်တီကတော်တော် ငယ်သေးတာပဲနော် **
ကျွန်တော့်စကားကြောင့် အန်တီကြီးက ပြုံးပြီး ကျွန်တော့်ကိုကြည့်နေပါသည် ။ ဘာမှတော့မပြော ။
** အန်ကယ်က အန်တီ့ ကို တကယ်ချစ်လို့ လက်ထပ်ခဲ့တာပေါ့နော် **
အန်ကယ်ကြီးက ခေါင်းညိတ်ပြပါသည် ။
** အန်ကယ်တို့  နှစ်ယောက်လက်ထပ်ပြီးကတည်းက အခုလို ကြင်၂နာ၂ နဲ့ ချစ်နေအောင် ။
နစ်ဦးသဘောတူ စည်းကမ်းချက်တွေထားခဲ့ကြတာရှိလား**
**ရှိတာပေါ့ ငါ့တူရယ် **
** ဟုတ်ကဲ့ ဒါဆိုရင် ကျွန်တော့်ကိုပြောပြပါလား **
** အင်း မေးတော့လည်းဖြေရတာပေါ့ကွယ် **
၁။ တစ်ယောက်နဲ့ တစ်ယောက် အပြစ်ရှာပြီးအပြစ်မတင်ရဘူး ။
၂။ စိတ်ထဲမှာပေါ်လာတဲ့ မကျေနပ်ချက်တွေကို ပွင့်၂ လင်း၂ ဖွင့်ပြောရမယ် ။
၃။ အမှားလုပ်မိခဲ့ရင်လည်း မှားတဲ့သူက ရဲရဲ ရင့်ရင့် ၀န်ခံပြီး တစ်ဖက်သားကို တောင်းပန်ရမယ်။
၎။ အဲ့ဒီလို ရိုးရိုးသားသားတောင်းပန်တာကို တစ်ဖက်ကလည်း သဘောထားကြီးကြီးနဲ့  ခွင့်လွှတ်ပေးရမယ်။
၅။ လူဆိုတာ လူ့ အသိုင်းအ၀ိုင်းမှာနေတာဖြစ်တဲ့အတွက် ယောင်္ကျားလေး။ မိန်းကလေး အပေါင်းအသင်းတွေ
ဆိုတာရှိတယ် ။ အဲ့ဒီလိုဆန့် ကျင်ဖက်တွေနဲ့  ဆက်ဆံတာကို သ၀န်တိုစိတ်မမွေးပဲ သဘောထားကြီးကြီးနဲ့ နားလည်ပေးရမယ် ။
၆။ မကျေနပ်ချက်ကို ဖွင့်မပြောပဲ တစ်ဖက်သား မခံချိမခံသာဖြစ်အောင် စောင်းမြောင်းမပြောရဘူး ။
စိတ်သဘောထားမသေးသိမ်ရဘူး ။
၇။ တစ်ယောက်ကျမ္မာရေးကို တစ်ယောက်က ဂရုစိုက်ပေးပြီး မကျမ္မာ ခဲ့ရင်လည်း ကြင်ကြင်နာနာ ပြုစုပေးရမယ်။
၈။ တစ်ခုခုကိုလုပ်မယ်ဆိုရင်လည်း နှစ်ဦးသဘောတူ ဆိုင်ပင်ဆွေးနွေးပြီးမှလုပ်ရမယ် ။
၉။ ကိုယ်ကျင့်တရားထိခိုက်မဲ့ ဘယ်လိုအလုပ်မျိုးကိုမှ ဘယ်လိုအကြောင်းကြောင်းနဲ့ မှ မလုပ်ဘူးလို့ 
နေ့ တိုင်းဘုရားရှေ့ မှာ ဂတိပေးရမယ် ။
၁၀။ ပြီးတော့ အန်ကယ်က အန်တီအပေါ်မှာ သေတစ်ပန်သက်တစ်ဆုံး ချစ်ခင်ယုယကြင်နာစွာနဲ့  ယောင်္ကျားကောင်းပီသစွာ စောင့်ရှောက် ပေါင်းသင်းပါ့မယ်လို့  ဂတိအထူးပေးထားတယ် ။
** ဒါတွေဟာအန်ကယ်တို့  နှစ်ယောက်ရဲ့  အဓိကကျတဲ့  သဘောတူညီချက်တွေပဲ **
** ဒါဆိုအန်ကယ်တို့ နှစ်ယောက် တစ်ခါမှစိတ်ကောက်တာတို့  စိတ်ဆိုးတာတို့  မရှိခဲ့ကြဘူးလား**
** ရှိခဲ့ပါသော်ကောကွယ် မင်းအန်တီက ငယ်တဲ့သူဆိုတော့ အန်ကယ့်ကို စိတ်ကောက်တာတို့ အနိုင်ကျင့်တာတို့  ရှိခဲ့တာပေါ့ **
** အဲ့ဒီလိုဖြစ်လာခဲ့တော့ အန်ကယ်ဘယ်လိုဖြေရှင်းခဲ့သလဲ **
** အန်ကယ်ကတတ်နိုင်သလောက် သူဖြစ်ချင်တာတွေကိုလုပ်ပေးတယ် ချော့တန်ချော့ရတယ်ပေါ့**
** တစ်ကယ်လို့  အဲ့ဒီလို ဖြစ်အောင်လုပ်ပေးတာ ချော့တာတွေကို လုပ်ပေးရက်နဲ့ ပိုဆိုးလာခဲ့ရင်ရော**
** အင်းအဲ့လိုဖြစ်လာခဲ့ပြီဆိုရင်တော့ အန်ကယ်က သူ့ ကိုအိမ်မှာ တစ်ယောက်ထဲထားခဲ့ပြီး ရှောင်ထွက်လာခဲ့တယ်။
ပြီးတော့ အန်ကယ့်အိမ်နားက ပန်းခြံထဲသွားထိုင်နေလိုက်တယ်**
** ဘာလို့ အဲ့လိုလုပ်တာလဲအန်ကယ် **
** လူ့ ရဲ့ သဘောကဒေါသဖြစ်လာရင် နှစ်ယောက်မျက်နှာချင်းဆိုင်နေရင် ပိုပြီးဒေါသဖြစ်လာတတ်ကြတယ်။ပိုပြီးပြောချင်လာတယ် ။ အခုလိုတစ်ယောက်ယောက်က နားလည်မှုပေးပြီးရှောင်ပေးလိုက်တော့ ။အန်ကယ်လည်း နားငြီးသက်သာသွားပြီး သူလည်းဆက်ပြောစရာလူမရှိတော့ မပြောတော့ဘူးပေါ့ကွယ်**
ကျွန်တော်က အန်တီဖက်သို့ လှည့်ကာ ။
**အန်တီရော အဲ့လိုအချိန်မှာ ဘယ်လိုစိတ်ရှိခဲ့တာလဲ**
** အန်တီလည်း ငယ်တဲ့အရွယ်ဆိုတော့ လူငယ်စိတ်နဲ့ နွဲ့ ဆိုး ဆိုးတဲ့သဘောမျိုးဖြစ်ခဲ့တာနေမှာပါ။
အန်တီက သူ့ နောက်ကိုလိုက်သွားပြီး အမှားဝန်ခံရတာများပါတယ် **
အန်တီက ရယ်ကျဲကျဲနဲ့  ဖြေပါသည်။
** ဒီလိုပဲအမြဲ ဖြစ်ခဲ့ကြတာလားအန်တီ **
** အရွယ်လေးနဲနဲ ရလာတော့ ကိုယ့်ကိုယ်ကို ပြန်ပြီးဆင်ခြင်မိတော့ မဖြစ်တော့သလောက်ပါပဲကွယ်။
အန်တီ နွဲ့ ဆိုး ဆိုးတိုင်း နားလည်ခွင့်လွှတ်ပေးတတ်တဲ့ သူ့ ကိုသနားပြီး ကိုယ်ချင်းစာမိလာတယ်**
** ဟုတ်ကဲ့ပါအန်တီ တကယ်မှတ်သားစရာ စကားလေးပါပဲ **
** အန်ကယ်ကရော ဘယ်လိုစိတ်ထားမျိုးနဲ့  အခုလို အန်တီကိုနားလည်မှုတွေပေးနိုင်ခဲ့တာလဲ**
** အင်း အန်ကယ့်အယူအဆနော် တခြားသူတွေနဲ့ တူချင်မှတူမယ် ။
မိန်းကလေး တစ်ယောက်ကို။ကိုယ်တစ်ကယ်ချစ်လို့ လက်ထပ်ခဲ့တယ် ။ သူလည်းကိုယ့်နောက်ကိုလိုက်လာခဲ့တယ် ။
အန်ကယ့်စိတ်ထဲမှာအန်ကယ်က သူ့ ရဲ့ တစ်ခုထဲသောအားကိုးရာ သက်သက်ဖြစ်သွားပြီ ။
ဒါကြောင့် ငါယောင်္ကျားပီသ ဖို့ လိုတယ်လို့  စိတ်ထဲမှာဆုံးဖြတ်ခဲ့တယ် ။
သူ့ ကိုအနိုင်မကျင့်ဘူး ။ သူ့ ဆန္ဒ တွေကို အတတ်နိုင်ဆုံးလိုက်လျောမယ် ။
သီးမခံနိုင်စရာဖြစ်လာခဲ့ရင်တောင် ရှုထောင့်အမျိုးမျိုးက ကောင်းကွက်တွေကိုတွေးပြီး။
သူ့အပေါ် နားလည်မယ်သီးခံမယ် ဆိုတဲ့စိတ်မျိုးထားခဲ့တယ်**
** ဒါဆိုအန်ကယ်ကအန်တီ့ကို ချစ်စိတ်တခုတည်းနဲ့  အပြစ်မမြင်ပဲချစ်ခဲ့တယ်လို့ ပြောရမှာပေါ့နော်**
** အင်းဆိုပါတော့ကွယ် **
** ဒီလို ယောင်္ကျားပီသတဲ့စိတ်နဲ့  သူ့ အပေါ်မှာ အန်ကယ်ထားခဲ့တော့ သူလည်းတဖြည်းဖြည်း သဘောထားကြီးလာတယ် ။ အဲ့ဒီတော့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတော့ဘ၀ဟာနေရတာပိုပြီးပျော်စရာကောင်းလာတယ်**
** အန်ကယ်သားသမီး ဘယ်နှစ်ယောက်ရခဲ့သလဲ**
** သား (၂ ) ယောက် သမီးတစ်ယောက်ရခဲ့တယ်**
** အန်ကယ် မိသားစုနဲ့ နေခဲ့ကြတုံးကရော အခက်အခဲတွေမရှိခဲ့ဘူးလား**
**ရှိခဲ့တာပေါ့ကွယ် အဲ့ဒီလိုအချိန်မှာ လင်မယားနှစ်ယောက် ပိုပြီးစည်းလုံး
နားလည်မှုတွေ ပေးကြပြီး တိုင်တိုင်ပင်ပင်နဲ့  ကျိုးစားခဲ့ရတာပေါ့ကွယ်
သားသမီးတွေကိုလည်း ဘ၀ ကိုတန်ဖိုး ရှိရှိနေတတ်ဖို့  ကိုယ်ကျင့်တရားကိုတန်ဖိုးထားဖို့  အချိန်နဲ့  ငွေကို အကျိုးရှိအောင်အသုံးချတတ်ဖို့  နားလည်အောင် သင်ပေးခဲ့ရတာပေါ့ကွယ်
အခုဆိုရင် သူတို့ လေးတွေလည်း ပညာတွေစုံ လို့ သူတို့ စိတ်ချမ်းသာတဲ့
မိသားစုဘ၀တွေနဲ့  ပျော်နေကြပါပြီကွယ်**
** အခုလိုသားသမီးတွေကခွဲသွားတော့ အန်ကယ်ဘယ်လိုမှမခံစားရဘူးလား**
** အင်းနဲနဲတော့ခံစားရတာပေါ့ကွယ် ဒါပေမဲ့ သေသေခြာခြာတွေးကြည့်တော့
ဒါတွေဟာသဘာဝပဲဆိုတာသိလာတယ် ။ ကိုယ်တောင်နှစ်ယောက်ပေါင်းပြီး
ဘ၀တစ်ခုထူထောင်ဖို့  နှစ်ဖက်မိဘတွေကို ခွဲထားခဲ့သေးတာပဲ သူတို့ လည်း
တစ်ချိန်မှာကိုယ့်ကို ခွဲသွားလိမ့်မယ်ဆိုတာ ကြိုတွေးထားတော့ အရမ်းကြီး
မခံစားရပါဘူး **
** အန်ကယ်နဲ့  အန်တီက အရမ်းစိတ်ဓါတ်ကြံ့ခိုင်တယ်နော် **
** အဲ့ဒီလိုလည်းမဟုတ်ပါဘူး ကိုယ့်သားသမီးတွေကို ပညာစုံအောင်သင်ပေး
လိုက်ပြီးပြီ ကိုယ်ကျင့်တရားကောင်းအောင် ယောင်္ကျားပီသအောင်
မိန်းမပီသအောင် လမ်းညွှန်မှုတွေပေးနိုင်ခဲ့ပြီးပြီ အတတ်နိုင်ဆုံးပြူစုပျိုး
ထောင်ပေးခဲ့ပြီဆိုတော့ သူတို့ စိတ်ချမ်းသာမဲ့လမ်းကို လျှောက်ခိုင်းလိုက်မှ
သဘာဝလည်းကျမယ် သူတို့ လည်းစိတ်ချမ်းသာမယ် လေ အန်ကယ်တို့ 
ခေါ်ထားလို့  ဘာလုပ်မှာလည်း လူဆိုတာ ကိုယ့်အတွေးအခေါ်နဲ့ ကိုယ်
ကိုယ့်ဘ၀ကို ပုံဖေါ်ပြီးလွတ်လပ်တဲ့စိတ်နဲ့  နေသွားကြမှ ပျော်စရာလည်း
ကောင်းမယ်လို့ အန်ကယ်ယူဆတယ် **
** ဟုတ်ကဲ့ပါအန်ကယ် အရမ်းတန်ဖိုးရှိတဲ့ အတွေးအခေါ်အယူအဆတွေပါပဲ
ကျွန်တော်လည်းမှတ်ထားပါ့မယ် **
** သူတို့ တွေမရှိခင်ကလည်း နှစ်ယောက်ထဲကြင်ကြင်နာနာနဲ့  နေခဲ့ကြတယ်
သူတို့ လေးတွေခွဲသွားတော့လည်း အရင်ကလိုပဲပျော်ပျော်ရွှင်ရွှင်နဲ့  လက်ရှိ
ဘ၀ကလေးကို ဖြတ်သန်းကျော်လွှားရမှာပေါ့ကွယ်**
** ဟုတ်ကဲ့ပါအန်ကယ် ကျွန်တော်နောက်ဆုံးတစ်ခုမေးပါရစေ ချစ်သူနှစ်ယောက်
တစ်သက်လုံးချစ်ပြီး တသက်လုံးကြင်ကြင်နာနာနဲ့  နေနိုင်ကြဖို့  အရေးအကြီး
ဆုံးက ဘာလဲဆိုတာ ပြောပြပေးခဲ့ပါခင်ဗျာ **
** အင်း အဓိကအချက်ကတော့ တစ်ယောက်နဲ့ တစ်ယောက်လုံးဝ အပြစ်မမြင်ပဲ
ရိုးရိုးသားသား ပွင့်ပွင့်လင်းချစ်သွားဖို့  ပြီးတော့ အရမ်းအရေးကြီးတာက
မိမိတို့ ဘ၀အတွက် တိုးတက်ကြီးပွားဖို့  အလုပ်လုပ်ကြတဲ့အခါမှာ ယောင်္ကျား
ဝါသနာပါတဲ့အလုပ်ကို မိန်းမက မတားဆီးပဲ ကူညီအားပေးဖို့ လိုသလို
ယောင်္ကျားလုပ်တဲ့သူကလည်း မိန်းမ၀ါသနာပါတဲ့အလုပ်ကို ဘေးကနေ ၀ိုင်း
ဝန်းအားပေးမှုဟာ တစ်ကယ်ချစ်တဲ့ ချစ်သူတွေအတွက် တစ်သက်တာ
လိုအပ်တဲ့ အားဆေးဆိုတာမမေ့ပါနဲ့ ကွယ် ။ ဘာဖြစ်လို့ လည်းဆိုတော့
ဘ၀မှာ ၀ါသနာပါတဲ့အလုပ်ကို လွတ်လပ်တဲ့ စိတ်နဲ့  စိတ်ချမ်းချမ်းသာသာလုပ်နိုင်မှ အောင်မြင်ကြတာမျိုးမဟုတ်လား **