အေးစက်မာကျောလွန်းလှတဲ့ ဒီနှလုံးသားပိုင်ရှင် လူနဲ့မလိုက်ဖက်အောင် ဘာကြောင့်များ ခက်ထန်နေလွန်းပါလိမ့်…
ဒီနှလုံးသားလေး လှုပ်ခါ ယိုင်နဲ့သွားအောင် မစွမ်းဆောင်နိုင်တဲ့ ကျွန်တော့်ရဲ့  ညံ့ဖျင်းမှုတွေကြောင့်များလား…
ပင်ယံမှာတင့်နေတဲ့ အလှပန်းမို့ မာနဆူးခက်တွေဝန်းရံထားလေသလား…
“လား”…ပေါင်းများစွာနဲ့အဆုံးသတ်ထားတဲ့ မေးခွန်းပေါင်းများစွာ ထုတ်ခဲ့မိပေမဲ့ တိကျရေရာတဲ့ အဖြေကိုတော့ ခုထိအောင် ကျွန်တော် မရနိုင်သေးပါဘူး…
ကျွန်တော့်မှာ သူတစ်ပါးကို ထိခိုက်နစ်နာစေလိုတဲ့ ဆန္ဒမရှိအောင် နေထိုင်ရင်းနဲ့ အလိုလို ပျောက်ဆုံးနေရတဲ့ မေတ္တာနဲ့ အချစ်တွေကို လိုက်လံရှာဖွေရင်း အဓိပ္ပါယ်မရှိတဲ့ နေ့ရက်ပေါင်းများစွာကို ပင်ပန်းစွာ ကျော်ဖြတ်ခဲ့ရပါတယ်…
ဒီပင်ပန်းမှုတွေရဲ့  ချွေးသိပ်ဖြေစရာ နားခိုရာ ရင်ခွင်လေးနဲ့ အေးမြတဲ့ သူမ ပုံရိပ်တွေ ကျွန်တော့် ရင်ထဲစတင်ဝင်ရောက်လာချိန်မှာတော့ သူမ အပေါ်လောဘထားမိတဲ့ ကျွန်တော့်ကို အပြစ်မြင်မယ်ဆိုရင် ကျေနပ်စွာ ခံယူလိုက်ပါမယ်…
ဟုတ်ပါတယ်…သူမရဲ့  အပြုံးလေးတစ်ချက်နဲ့တင် ကျွန်တော့် ပင်ပန်းမှုတွေ အေးမြနေပြီဆိုမှတော့ သူမနဲ့ သူမနှလုံးသားလေးသာ ကျွန်တော်ပိုင်ဆိုင်ခွင့်ရမယ်ဆိုရင် ကျွန်တော် ဒီထက်ပိုပြီး လောဘတက်စရာ အကြောင်း မရှိနိုင်တော့ပါဘူး…
ဒါကတော့ ကျွန်တော် လိုချင်သော လောဘစိတ်ကလေးပေါ့…
ဒါပေမဲ့ သူမဘက်ကတော့ မီးနီမပြသလို အလံဖြူလည်း ထုတ်မပြခဲ့ပါဘူး…
အေးစက်စက်နှလုံးသား ပိုင်ရှင်ရယ်…
အချစ်ငတ်နေသူတစ်ယောက်ကို ဘာကြောင့်များ နည်းနည်းလေးတောင် လှည့်ကြည့်ဖော်မရတာလဲ….
မင်းနှလုံးသားလေး မချစ်တတ်အောင် ဘယ်သူကများ ခိုင်းစေခဲ့ပါသလဲ…
ဒါမှမဟုတ် ငါ့အချစ်နဲ့ မင်း နှလုံးသား မထိုက်တန်လို့ မပေါင်းဖက်စေခဲ့တာလား…
မင်းအပေါ်ထားတဲ့ ငါ့ရဲ့ အချစ်တွေကို မင်း မြင်သာအောင် ထုတ်မပြပဲ လျို့ ဝှက်စွာ သိမ်းဆည်းပြီး လိုအပ်မှသာ ဖွင့်ပြဖြစ်တဲ့ ဒီရင်ဘတ်ကြီးကို မင်း နားလည်ပေးစေချင်ပါတယ်…
တိုးတိုးလေး ပြောလိုက်ချင်ပါတယ် ချစ်ရသူရေ…
အပေါ်ယံ အပြုအမူ၊ အပြောအဆိုတွေနဲ့ ငါ့အချစ်ကို မင်း ငြင်းပယ်ခဲ့မယ်ဆိုရင် အပြုံးမပျက်တဲ့ နှလုံးသွေးနဲ့ ရေးခြစ်လိုက်ပါမယ်…မင်းဘဝကောင်းစားဖို့အရေး ငါ့ရင်ထဲက မုဒိတာ သက်သေတွေနဲ့ပေါ့…
မမှီတဲ့ပန်း တုံးခုလို့လှမ်းတယ် လို့မပြောပါနဲ့နော်…
မှီတယ်ထင်လို့ လှမ်းခူးလိုက်သူရဲ့  လက်ထဲကို ဒီပန်းလေး ကြွေမှရောက်လာမလား၊ ခူးလိုက်ရုံနဲ့ အဆင်သင့်ရနိုင်မလားဆိုတာတော့ မင်းရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါတယ်…
မချစ်တတ်တဲ့ မင်းရဲ့ နှလုံးသားလေးထဲက အချစ်တွေကို အချစ်ငတ်သူတစ်ယောက် ဘယ်နေ့ရက်တွေထိ စောင့်စားနေရအုန်းမှာလဲဆိုတာ ငါကိုယ်တိုင် လက်ချိုးရေတွက်ရင်း အချိန်တွေရယ် မြန်မြန်ကုန်ဆုံးပါစေတော့…
************************************ * ******************************
အသည်းနှလုံးမရှိဘူးလား၊ မချစ်တတ်ဘူးလားတဲ့…
မေးကြပါတယ်…လောကကြီးထဲက ယောက်င်္ကျားသားတွေရယ်လေ…
သိပ်ချစ်တတ်တာပေါ့ရှင်…
အချစ်ကြီးခဲ့လို့ အမျက်ကြီးခဲ့ရတဲ့ ကျွန်မကို သူတို့ဘယ် နားလည်နိုင်ပါ့မလဲ…
နားမလည်နိုင်မဲ့အတူတူတော့ မချစ်တတ်တဲ့နှလုံးသားပိုင်ရှင်လို့ပဲ ယူဆထားကြအုန်းပေါ့…
ကျွန်မရဲ့  မူရင်းစိတ်က ပျော့ညံ့တယ်…သနားတတ်တယ်…အားနာတတ်တယ်…
အဲဒီ ပျော့ကွက်တွေကို အမိအရ ဖမ်းဆုတ်ပြီး ကျွန်မအပေါ် သိပ်ချစ်တတ်တယ်လို့ ယူဆခဲ့ရတဲ့ လူ တစ်ယောက်အပေါ် ကျွန်မ အချစ်တွေ ပုံပေးမိခဲ့တယ်လေ…
သူ့အသံကြားရင် ပျော်တယ်၊ သူ့စကားနဲ့ သူ့အပြုအမူတွေကို ယုံကြည်ခဲ့ပြီး ဘယ်သူတွေ ဘာပြောကြပါစေ ဂရုမစိုက်ပဲ သူ့လက်ကို တင်းတင်းဆုပ်ကိုင်ခဲ့မိတယ်…
အဆင်ပြေခဲ့ကြပါတယ်…ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ပေါ့…
ကျွန်မဘက်က အင်အား သတ္တိတွေ မွေးပြီး သူ့အတွက် ရင်ဆိုက်လိုက်မယ်ဆိုတဲ့ စိတ်နဲ့ သူ့အပေါ် ချစ်ခဲ့တာ အချိန်အတိုင်းအတာ တစ်ခုထိတော့ ကျွန်မ ပျော်ရွှင်ခဲ့ရပါတယ်…
ကျွန်မရဲ့  ပျော်ရွှင်မှု ၊ ယုံကြည်မှု၊ သစ္စာရှိမှုတွေ ရိုက်ချိုးခံလိုက်ရတဲ့ တစ်နေ့မှာတော့ ကျွန်မ စိတ်တွေ လေလွင့်ခဲ့ရပါပြီ…
မြန်မာ မိန်းကလေးတစ်ယောက်ပီပီ ချစ်သူနဲ့ လက်ထပ်ရမဲ့သူ တစ်ထပ်တည်းကျချင်တဲ့ ကျွန်မ ဆန္ဒနဲ့ အိပ်မက်တွေ ပြိုပျက်ခဲ့ရပြီး သန်းခေါင်အချိန်တိုင်း ဘယ်ဘက်ရင်ထဲက နာကျင်မှုနဲ့ လန့်လန့်နိုးခဲ့ရတဲ့ ကျွန်မရဲ့  အိပ်ရေးပျက်ညတွေ ဘယ်သူမှ ခေါင်းထောင်မကြည့်ခဲ့သလို မြင်လည်းမမြင်ခဲ့ကြပါဘူးလေ…
ကျွန်မရဲ့  နာကျင်မှုတွေကို ဥပေက္ခာပြုပြီး အသေးအမွှားလေးပါလို့ အထင်ခံရလေလေ နာကျည်းတဲ့စိတ်တွေနဲ့ နောက်ထပ်မချစ်မိအောင် ကိုယ့်ကိုယ်ကို ပိုထိန်းချုပ်မိလေပါပဲ…
အဲဒီနောက်ပိုင်း မချစ်တတ်တဲ့ နှလုံးသားပိုင်ရှင်အဖြစ် ဆက်လက်ရပ်တည် ရှင်သန်နေခဲ့ပါတယ်…
နာမည်ချင်းတောင် မတူကြသလို လူချင်းလည်းမတူကြပါဘူးဆိုတဲ့ ကျွန်မကို စိတ်ချမ်းသာစေချင်ပါတယ်လို့ ဆိုလာကြသူတွေရဲ့  စကားကိုတော့ ကျွန်မ မှားတယ်လို့ မဆိုလိုချင်ပါဘူး…
ဒါပေမဲ့ပေါ့လေ…
တစ်ခါနာခဲ့ဖူးတဲ့ သားကောင်အတွက် နောက်ထပ်မုဆိုးရဲ့ ကျော့ကွင်းကို ရှောင်နေမိရပါတယ်ဆိုရင် ကျွန်မရဲ့ နှလုံးသားလေးကိုလည်း နားလည်နိုင်လိမ့်မယ်ထင်ပါတယ်…
ဒီလိုပြောရင် မုဆိုးလို့ သတ်မှတ်ခံရပြီး ကျွန်မရဲ့  အချစ်ကိုမျှော်လင့်နေသူများကိုစော်ကားရာ ရောက်ပေမဲ့လည်း မချစ်တတ်တဲ့နှလုံးသားနဲ့မိန်းမ၊ တစ်ပါးသူရဲ့  အချစ်ကို အထင်သေးတဲ့မိန်းမဆိုပြီး စွဲချက်တင်မှုတွေနဲ့ ချေပလိုက်ပါတော့…
******************************** * ************************************
ကဲ…ဒီလိုဆိုရင်
မချစ်တတ်သောနှလုံးသားပိုင်ရှင် အချစ်တွေထပ်ပေါက်ဖွားနိုင်အုန်းမလား၊ အချစ်ငတ်သောသူကရော ထိုအချစ်ကို ဆက်လက်စောင့်မျှော်နေအုန်းမလား ဆိုတာ စာဖတ်သူသာ ဇာတ်လမ်းဆင်ရေးဖွဲ့ပါတော့လို့ တင်ပြရင်း ရင်ထဲက ခံစားချက်တစ်ချို့ တစ်ဝက်လေးများအား ချပြလိုက်မိပါတော့တယ်……………...........
(ကိုယ်တိုင်ရေး)